32 C
Yangon

နှစ်သောင်း တန် ဂယက်ကြောင့် စျေးနှုန်းများ မြင့်တက်နေမှုအတွက် ရွှေ၊ ဒေါ်လာနှင့် ဟွန်ဒီ သမားများကို စသုံးလုံးနှင့်စရဖက ရှာဖွေဖမ်းဆီးနေ

Must read

နှစ်သောင်း တန် ဂယက်ကြောင့် စျေးနှုန်းများ မြင့်တက်နေမှုအတွက် ရွှေ၊ ဒေါ်လာနှင့် ဟွန်ဒီ သမားများကို စသုံးလုံးနှင့်စရဖက ရှာဖွေဖမ်းဆီးနေ

ရန်ကုန်၊ ဇူလိုင် ၂၅

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် နှစ်သောင်းတန် ထုတ်ဝေမှု ဂယက်ကြောင့် စျေးနှုန်းများ မြင့်တက်လာချိန်တွင် စစ်ကောင်စီက ရွှေ၊ ဒေါ်လာနှင့် ဟွန်ဒီငွေလွှဲသမားများကို ရှာဖွေ ဖမ်းဆီးနေကြောင်း ရန်ကုန်နှင့်မန္တလေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာပြီးနောက် ရွှေစျေးနှုန်း၊ ဒေါ်လာစျေးနှုန်းများ မြင့်တက်လာသဖြင့် စသုံးလုံးနှင့် စရဖများက ရွှေကုန်သည်၊ ဒေါ်လာဝယ်ရောင်း နှင့် ဟွန်ဒီငွေလွှဲလုပ်သူများကို ဖမ်းဆီးလာခြင်းဖြစ်ကြောင်း၊ ယခင် နာမည်ကျော်ခဲ့ဖူးသူများကို လိုက်လံ ရှာဖွေ ဖမ်းဆီး ခေါ်ဆောင်မှုများရှိသည့်အပြင် စျေးကွက်အတွင်းသို့ပါ ဝယ်သူဟန်ဆောင် ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ရန်ကုန်နဲ့ မန္တလေးဘက်မှာ တစ်ပိုင်တစ်နိုင်ရွှေသမားလေးတချို့ ထပ်အဖမ်းခံရတယ်။ မနေ့ညနေပိုင်းလောက် ဖမ်းသွားတာလို့ သိရတယ်။ အခု ကုန်သည်အချင်းချင်း ဖုန်းဆက်ရင်တောင်မကိုင်ကြတော့ဘူး။ အခုက ရွှေကုန်သည်ကို ဖမ်းထားပြီးရင် မိတ်ဆွေတွေဆီ ဖုန်းခေါ်ခိုင်း၊ speakerဖွင့်ပြီး အစ်တာ မေးတာ။ နောက်တစ်ခါ တစ်နေရာမှာ မိတ်ဆွေကုန်သည်ကို ထပ်ချိန်း‌ခိုင်းပြီး ဖမ်းတယ်။ အဲဒီလိုတွေဖြစ်နေတယ်” ဟု ရန်ကုန်ရွှေသမားတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒေါ်လာအဝယ်အရောင်း သမားများနှင့် ဟွန်ဒီ အဝေးငွေလွှဲလုပ်သူများကိုလည်း သတင်းစုံစမ်း၍ လိုက်လံ ဖမ်းဆီးမှုများရှိကြောင်း၊ အထူးသဖြင့် ဒေါ်လာနှင့်ဟွန်ဒီ လက်ကြီးသမားများ ဖမ်းဆီးခြင်းမရှိဘဲ ရာခိုင်နှုန်းစား အကျိုးဆောင်ပုံစံ ဝန်ဆောင်မှုပေး အကျိုးဆောင်ခ ရယူကြသည့် ပွဲစားငယ် တချို့ အဖမ်းခံရမှုများရှိကြောင်း သိရှိသည်။

စစ်ကောင်စီက ဇွန်လအတွင်းတွင်လည်း ရွှေကုန်သည် ၅၀ ကျော်မှ ၁၀၀ အကြား၊ ကုမ္ပဏီတချို့နှင့် လူပုဂ္ဂိုလ်တချို့ကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေများအရ အမှုဖွင့် တရားစွဲထားကြောင်း သိရှိရသည်။

ယနေ့ ငွေလဲစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၄၀၀ ကျပ်ဝန်းကျင်၊ အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၃၅ သိန်းနှင့် ၃၆ သိန်းအကြား စျေးပေါက်နေကြောင်း သိရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article