37 C
Yangon

စစ်ကောင်စီတပ်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် အနိုင်ကျင့် နှိပ်စက်မှုများကြောင့် အမျိုးသမီး စစ်သည်များ ထွက်ပြေး

Must read

စစ်ကောင်စီတပ်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် အနိုင်ကျင့် နှိပ်စက်မှုများကြောင့် အမျိုးသမီး စစ်သည်များ ထွက်ပြေး

■ နေပြည်တော် စစ်သင်တန်းအတွက် ဆေးစစ်စဉ် လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် မဖွယ်မရာ လုပ်မှုကြောင့် စစ်သည် အမျိုးသမီး ၅ ဦး ထွက်ပြေး

ရန်ကုန်၊ ဇူလိုင် ၂၆

အကြမ်းဖက်စစ်ကောင်စီတပ်များတွင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် အနိုင်ကျင့်နှိပ်စက်မှုများကြောင့် အမျိုးသမီး စစ်သည်များ ထွက်ပြေးနေကြကြောင်း တပ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ ခုခံ တွန်းလှန်မှုကြောင့် စစ်သား အများအပြား သေဆုံးလျက်ရှိရာ စစ်သားအင်အား မလုံလောက်မှု များ ဖြစ်ပေါ်လာကြောင်း၊ ယင်းအခြေအနေများကြောင့် ယခင် ခေတ်အဆက်ဆက် တိုက်ပွဲများတွင် အသုံးပြု ခဲလှသော အမျိုးသမီးစစ်သည်များကို ရှေ့တန်း စစ်မြေပြင် တချို့တွင် စတင်အသုံးပြုလာကြောင်း သိရှိသည်။

အမျိုးသမီးစစ်သည်များကို ရှေ့တန်း စစ်မျက်နှာပြင်တွင် အသုံးပြုနိုင်ရန်အတွက် စစ်လေ့ကျင့်ရေးအရာရှိချုပ်ရုံး၏ ညွှန်ကြားချက်ဖြင့် အရာရှိနှင့် အခြားအဆင့် အမျိုးသမီးစစ်သည် အားလုံးကို အသုတ်လိုက်ခွဲ၍ နေပြည်တော်တွင် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းများ မတက်မနေရ တက်ရောက်ခိုင်းကြောင်း၊ လက်ရှိတွင် သင်တန်းအပတ်စဉ် ၂ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

စစ်သင်တန်းများတွင် သင်ဆန်းဆရာနှင့် ကြီးကြပ်ရေး တာဝန်ရှိသူ စစ်သားများက အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲပြီး အမျိုးသမီးစစ်သည်များကို သင်တန်း၏ သင်ရိုးထက်ကျော်လွန်သည့် အမြင့်မှ ခုန်ချစေခြင်း၊ မောင်းနှင်နေသည့် ကားပေါ်မှ ခုန်ချရသည့် သင်ရိုးတွင် မလိုအပ်ဘဲ တွန်းကန်ချခြင်း၊ လေ့ကျင့်ရေး များတွင် နှိပ်စက်ခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်သင်တန်းများတွင် အမျိုးသမီးစစ်သည်များကို သင်တန်းကြီးကြပ်ရေး စစ်သားများက လိင်ပိုင်းဆိုင်ရာ ထိပါးမှုများကို အုပ်စုဖွဲ့လုပ်ဆောင်ကြကြောင်း၊ အကြမ်းဖက်မှုနှိမ်နင်းရေး သင်တန်း အပတ်စဉ် ၂ အတွက် သင်တန်းသား အမျိုးသမီးစစ်သည်များ နေပြည်တော်ရှိ ဆရက ၂/၁၀၀၀ စစ်ဆေးရုံတွင် လာရောက် ကျန်းမာရေး စစ်ဆေးစဉ် စစ်ဆေးသူ စစ်သည် အမျိုးသားများက လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် မဖွယ်မရာ စမ်းသပ်မှုများကြောင့် သင်တန်းသား အမျိုးသမီး စစ်သည် ၅ ဦး ထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ထွက်ပြေးသည့် အမျိုးသမီးစစ်သည် ၅ ဦးကို ပြန်လည် ဖမ်းဆီးနိုင်ရေး ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း မမိခဲ့ကြောင်း၊ ယင်းသတင်းကို ဖုံးဖိထားကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ရဲနှင့်စစ်သားများ CDM များအတွက် ကူညီပေးရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ထွက်ပြေးသွားတဲ့ အမျိုးသမီး ဖြစ်စဉ်တွေ လာရောက်ဆက်သွယ်တာမရှိသေးပါဘူး။ လာရောက်ဆက်သွယ်တာနဲ့ ဒီအမျိုးသမီးစစ်သည်တွေကို အထူးဂရုစိုက်ကူညီပေးသွားမှာပါ။ လာရောက် ဆက်သွယ်ဖို့လည်း မျှော်လင့်နေပါတယ်” ဟု ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးအရာရှိသင်တန်းများ၊ အမျိုးသမီးစစ်သည် အခြားအဆင့် များကို ယခုနောက်ပိုင်းတွင် တိုးမြှင့်ခေါ်ယူမှုများ ပြုလုပ် လာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article