30 C
Yangon

ကရင်နီပြည်နယ် လွတ်မြောက်ရေးအတွက် အားလုံးစုစည်း ပူးပေါင်းကြရန်နှင့် ကရင်နီ၏ စုစည်းညီညွတ်မှုကို နမူနာယူကြရန် ယာယီသမ္မတဒူဝါလရှီးလ တိုက်တွန်း

Must read

ကရင်နီပြည်နယ် လွတ်မြောက်ရေးအတွက် အားလုံးစုစည်း ပူးပေါင်းကြရန်နှင့် ကရင်နီ၏ စုစည်းညီညွတ်မှုကို နမူနာယူကြရန် ယာယီသမ္မတဒူဝါလရှီးလ တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၂၈

ကရင်နီပြည်နယ် လွတ်မြောက်ရေး အတွက် အားလုံး စုစည်း ပူးပေါင်း ကြရန်နှင့် ကရင်နီပြည်နယ် ၏ စုပေါင်းညီညွတ်မှုကို နမူနာယူပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊နိုင်ငံရေး ခေါင်းဆောင်များ စုစည်းညီညတ်စွာ လုပ်ဆောင်ကြရန် နိုင်ငံတော် ယာယီသမ္မတဒူဝါလရှီးလကတိုက်တွန်းပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက် နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်၊ ဖက်ဒရယ်ယူနစ်များ အကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်နှင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) တို့အကြား ညှိနှိုင်းအစည်းအဝေး၌ အမျိုးသားညီညွတ် ရေး အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့ ပေါ် ပေါက်လာတာဟာ တခြားသော ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တွေအတွက် ပထမဆုံး စံနမူနာ ပြုစရာ တွေ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ အဲသည့်အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ တစ်ခုလုံး ကိုယ်စား ကျွန်တော့်အနေနဲ့ ဝမ်းသာ ဂုဏ်ယူကြောင်း အသိအမှတ်ပြု လေးစားကြောင်း ပြော ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နွေဦးတော်လှန်ရေးအတွင်းမှာ‌ တော်လှန်ရေးလုပ်ငန်းစဉ်တွေ ကိုလုပ် ရင်း တစ်ဖက်မှာလည်း အုပ်ချုပ်ရေးအရ အခြေခံကျတဲ့ လုပ်ငန်းတွေကို တည်ဆောက် နေကြ ရပါတယ်။ အခု ကရင်နီပြည်နယ်မှာ ပေါ်ပေါက်လာတဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဆိုတာဟာ အုပ်ချုပ်ရေး အရ တည်ဆောက်ရေး လုပ်ငန်းစဉ် တွေကို ခြေခြေမြစ်မြစ် အုတ်မြစ်ချဖို့အတွက် ပေါ်ပေါက် လာတာလို့ ယူဆပါတယ်။ ဒါဟာ အနာဂတ် ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရေးမှာ အလွန်အရေးကြီးပါတယ်။ “ ဟု နိုင်ငံတော် ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။

တော်လှန်ရေးအရရော တည်ဆောက်ရေးအရပါ ထူးခြားသော ဝိသေသများနှင့် ပြည့်စုံနေသည့် ကရင်နီ ပြည်နယ်ကို တော်လှန်ရေးအင်အားစု အားလုံးက အထူးအာရုံစိုက် စောင့်ကြည့်နေကြကြောင်း၊ ပြည်သူ လူ ထု တစ်ရပ်လုံးကလည်း တော်လှန်ရေးတပ်ဦးမှာ ကနဦး ပွဲဦးထွက်ကတည်းက အောင်ပွဲအလီလီ ရရှိခဲ့သည့် ကရင်နီ ပြည်နယ်ကို ယခုအချိန်အထိ ဝိုင်းဝန်း အားပေးထောက်ခံနေကြောင်း၊ ကရင်နီပြည် နယ် အတွင်း၌ လုပ်ဆောင်စရာ အဝဝကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယုံကြည်မှု ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ဆက်လက် လျှောက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခု ညှိနှိုင်းအစည်းအဝေးသည် လက်တွေ့ကျသော ဖြစ်သင့်ဖြစ်ထိုက်သော ညှိနှိုင်း ဆွေးနွေးချက်များ ထွက်ပေါ်လာရန် ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးမှုများသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် အားလုံးသဘော တူညီထားသည့် အခြေခံမူဘောင်များအပေါ်တွင် လွတ်လပ်ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးနိုင်ရန်ဖြစ်ပြီး မူ ကို အခြေခံသော ညှိနှိုင်းဆွေးနွေးမှုများသည် အနာဂတ် ဖက်ဒရယ်ရေးရာ လုပ်ငန်းစဉ်များကို ပိုမို အား ကောင်းအောင် ပံ့ပိုးကူညီနိုင်ကြောင်း၊ ကရင်နီပြည်နယ်၏ ကိုယ်ပိုင်ပြဋ္ဌာန်းမှုနှင့် ကရင်နီပြည်နယ် လွတ် မြောက်ရေးအတွက် အားလုံးစုပေါင်းချင်ကြောင်း ယာယီသမ္မတဒူဝါလရှီးလ ပြောဆိုသည်။

“အားတွေ အင်တွေဆိုတာဟာ စုမှ ပေါင်းမှသာ ပိုလို့ ကြီးထွားကျယ်ပြန့် လာတာလို့ ပြောချင်ပါတယ်။ အခုလည်း ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးကို တစ်ဦးတစ်ဖွဲ့တည်းရဲ့ ဦးဆောင်မှုနဲ့ မဟုတ်ဘဲ၊ ဒေသအလိုက် ကဏ္ဍအလိုက် စုပေါင်း ခေါင်းဆောင်မှုပုံစံနဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုတစ်ဦးချင်းစီရဲ့ အင်တွေအားတွေနဲ့ ရုန်းထတော်လှန်ကြတဲ့အခါမှာ လွတ်လပ်ပြီးခေတ် နောက်ပိုင်း ကျွန်တော်တို့ မတွေ့ဖူးမကြုံဖူးတဲ့ လူထုအင်အားကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။”ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

ကရင်နီပြည်နယ်အနေဖြင့် လူထုအားကို အခြေပြုကာ တော်လှန်ရေးအင်အားစုအားလုံး ဝိုင်းဝန်း ညှိနှိုင်း လုပ်ဆောင်ကြသဖြင့် အောင်မြင်နေသည်မှာ အထင်အရှာဖြစ်ပြီး ကရင်နီပြည်နယ်အတွင်းရှိ တော်လှန် ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် စစ်ရေးခေါင်းဆောင် အားလုံးပူးပေါင်းကာ ဆောင် ရွက်နေကြကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ ကရင်နီပြည်နယ်ရဲ့ ရုန်းထမှုတွေကို အမြဲတမ်းလိုလို ကြည့်မြင်နေရပါတယ်။ ဒီလို ကြည့်တိုင်း မြင်တိုင်းလည်း ဝမ်းသာပီတိဖြစ်ရသလို၊ အားရတယ်လို့ ပြောရပါလိမ့်မယ်။ ငါတို့ တစ်နိုင်ငံ လုံး ဒီလို ရုန်းထမှု မျိုးနဲ့ တစ်ချီ နှစ်ချီလောက် ရုန်းထလိုက်ကြရင်ဖြင့် အကြမ်းဖက်စစ်ကောင်စီကို ချက် ချင်း ပြိုလဲအောင် လုပ်နိုင်ကြမှာ အသေအချာပဲလို့ စိတ်ထဲမှာ မကြာခဏ ပြောနေမိပါတယ်။”ဟု ယာယီ သမ္မတဒူဝါလရှီးလက ပြောဆိုသည်။

ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများကဲ့သို့ ကပ်အားကောင်းကောင်းဖြင့် ယုံကြည်မှု မပြတ်တည်ဆောက်ထားကြရန်၊ တစ်နိုင်ငံလုံးရှိအင်အားများအားလုံးနိုင်ငံရေးအင်အားစုများအားလုံး၊ ကရင်နီပြည်နယ်ကဲ့သို့ စုပေါင်းစွမ်းအားဖြင့် ဆက်လက်ချီတက်ကြရန် ၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များအကြား သဟဇာတ မျှမျှတတဖြင့် ညီညီညွတ်ညွတ်ချီတက်ကြရန် နိုင်ငံတော်သမ္မတ ဒူဝါလရှီး က တိုက်တွန်းပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article