ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို ပြင်းထန်စွာအရေးယူမည်ဟု သာယာဝတီခရိုင် PDF ထုတ်ပြန်
ရန်ကုန်၊ ဩဂုတ် ၇
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမအတွင်းသို့ တရားမဝင်သစ်ခိုးထုတ်နေသူများကို ပြင်းထန် စွာအရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
သြဂုတ်လ ၆ ရက် နေ့မှ စတင်၍ အကြမ်းဖက် စစ်ကောင်စီအတွက် ဝင်ငွေရှာဖွေနေကြသည့် တရားမဝင် သစ်ခိုးထုတ်မှုများကို တားဆီးဖြတ်တောက်ရန် ယခုကြေညာချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ ထုတ်ပြန်ပြီးနောက်ပိုင်း လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့သို့ ထုတ်ပြန်ထားသောဧရိယာသည် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ စစ်ဆင် ရေးနယ်မြေ၌ ပါဝင်သည့် လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်အပိုင်းအတွင်းပါရှိပြီး ပဲခူးရိုးမကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများကို ထိခိုက်မှုမရှိစေပဲ သစ်တော သယံဇာတများ ကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။
“ပဲခူးရိုးမထဲကို သစ်သူခိုးကားတွေနဲ့ ခွေးတွေကို အကြိုအပို့လုပ်လာတာကြောင့် စာထုတ်သတိပေးရတာပါ။ နောက်ပြီး စစ်တပ်၊ ရဲ၊ ထွေအုပ်၊ သစ်တောကို တစ်လကို အနည်းဆုံး သိန်းထောင်ချီ ဆက်ကြေးပေးပြီး စစ်ကောင်စီကို ဝင်ငွေရနေတဲ့အတွတ် ၃၈၀၂ တပ်ရင်းက တပ်ဖြန့်ထားတဲ့ လက်ပံတန်း မင်းလှနဲ့ အုတ်ဖိုမြို့နယ်တို့က ရိုးမအတွင်း တက်တဲ့ကားတွေကို စပြီးအရေးယူတော့မှာပါ
မင်းလှအပိုင်က မြို့ချောင်း-စိန်ကန့်လန့်လမ်းကနေ မူးယစ်ဆေးဝါးတွေ သယ်နေတယ်လို့လည်း သတင်းရတယ်” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ယခုထုတ်ပြန်ချက်ကို လိုက်နာပေးကြပါရန်နှင့် အကြမ်းဖက်စစ် ကောင်စီတပ်သားများ၊ မော်တော်ယာဉ်များ အနီးသို့ သွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ကြ ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ဖွဲ့ ထုတ်ပြန်ထားသည်။
