28 C
Yangon

ဒေါ်လာ ပြတ်လပ်နေခြင်း၊ ဒေါ်လာစျေး ထိန်းမနိုင် ဖြစ်နေခြင်း တို့ကြောင့် စစ်ကောင်စီက နေပြည် တော်တွင် အစည်း အဝေးခေါ်၍ စီးပွားရေး အသိုင်းအဝိုင်းတစ်ခုလုံးကို သွေးရူးသွေးတန်း ခြိမ်းခြောက်

Must read

ဒေါ်လာ ပြတ်လပ်နေခြင်း၊ ဒေါ်လာစျေး ထိန်းမနိုင် ဖြစ်နေခြင်း တို့ကြောင့် စစ်ကောင်စီက နေပြည် တော်တွင် အစည်း အဝေးခေါ်၍ စီးပွားရေး အသိုင်းအဝိုင်းတစ်ခုလုံးကို သွေးရူးသွေးတန်း ခြိမ်းခြောက်

■ စစ်ကောင်စီထံသို့ ပို့ကုန်ရငွေများ မအပ်နှံသည့် စီးပွားရေးသမားများကို ထောင်ဒဏ် ၃၅ နှစ် အထိ ချမှတ်မည်ဟု ခြိမ်းခြောက်

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ဒေါ်လာ ပြတ်လပ်နေခြင်း၊ ဒေါ်လာစျေး ထိန်းမနိုင် ဖြစ် နေခြင်းတို့ကြောင့် နေပြည်တော်တွင် သွေးရူးသွေးတန်း အစည်းအဝေးတစ်ရပ်ခေါ်၍ စီးပွား ရေးအသိုင်းအ၀ိုင်းတစ်ခုလုံးကို ထောင်ချအရေးယူမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း ရန်ကုန် ခေတ်သစ်က ရရှိထားသော အစည်းအဝေး မှတ်တမ်းများနှင့် အစည်းအဝေး တက်ရောက်ခဲ့သော လုပ်ငန်းရှင်များ၏ အဆိုအရ သိရှိရသည်။

နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့ စီးပွားရေးလုပ်ငန်းရှင်များကို စစ်ကောင်စီ၏ ဗဟို ဘဏ်နှင့် ကုန်စည်စီးရေးကော်မတီ၊အထူး စုံစမ်းစစ်ဆေးရေး ဌာနတို့က အစည်းအဝေး ခေါ်ယူ ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

နေပြည်တော်အစည်းအဝေးသို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုန်စည်စီးဆင်းမှုကော်မတီမှ ဗိုလ်ချုပ်ရန်နိုင်စိုး၊ စီးပွားကူးသန်း အတွင်းဝန်တို့ တက်ရောက်ခဲ့ပြီး စီးပွားရေးသမားများကို ထိုသို့ ခြိမ်းခြောက်ကြခြင်းဖြစ်သည်။

ပို့ကုန်ရငွေ စစ်တပ်ထံ ပြန်မအပ်မှု ဒေါ်လာ ၂ ဘီလီယံအထိရှိ

===================================

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ထံသို့ ပို့ကုန်ရငွေ အမရေိကန်ဒေါ်လာများ အပ်နှံမှု မရှိသည့် ပမာဏမှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှ်စအထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးရှိကြောင်း၊ ထိုငွေအားလုံး စစ်ကောင်စီထံ ပြန်လည်ရောက်ရှိပြီး လုပ်ငန်းရှင်များအား လုံးက ပူးပေါင်းလျှင် ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းကို လုပ်ငန်းရှင်များ အသုံးပြုနိုင်ရေး ပြန်လည်စဉ်းစားပေး မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုသည်။

ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်ရေးကော်မတီ တွဲဘက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက ပို့ကုန်ရငွေများ စစ်ကောင်စီထံ ပြန်မအပ်သည့် ကုမ္ပဏီများကို တရားစွဲဆိုထားသည်မှာ ကုမ္ပဏီ ၇၈ ခု ရှိနေပြီဖြစ်ကြောင်း၊ ဆက်လက် တရားစွဲရန် ၈၀ ကျော်ရှိနေပြီး ထိုအထဲမှ ၂ ဦး ထောင်ကျ သွားပြီဖြစ် ကြောင်း၊ ပြန်လည် လွတ်မြောက်လာပါကလည်း ပို့ကုန်ရငွေ ကိစ္စ ပြန်လည် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီထံသို့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ မအပ်မချင်း တရားစွဲဆိုမည်ဖစ်ကြောင်း ပြောဆိုသည်။

ပို့ကုန်ရငွေများကို ယခင်တင်ပို့ခဲ့သူများအနေဖြင့် စစ်တပ်က ပေးထားသည့်အချိန်အတွင်း ပြန်လည် အပ်နှံ ဝင်ရောက်ရန်နှင့် ယခုတင်ပို့သည့် ပို့ကုန်များမှ ရရှိသည့် ဒေါ်လာငွေကိုလည်း ၄၅ ရက်အတွင်း စစ်တပ်ထံ အပ်နှံရမည်ဖြစ်ကြောင်း၊ စစ်တပ်ထံ ပို့ကုန်ရငွေ မအပ်နှံလျှင် ချက်ချင်း ပိတ်သိမ်း၍ Black List သွင်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရန်နောင်စိုးက ဆက်လက်‌ ပြောဆိုသည်။

အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပို့ကုန်ရငွေ မအပ်နှံသော ကုမ္ပဏီ ၅၉၂ ခုရှိပါကြောင်း၊ ထိုအထဲမှ နာမည်ခံ၍ Export တင်ပေးသည့် ကုမ္ပဏီ ၂ ခုကို တရားစွဲဆိုခဲ့ပါကြောင်း၊ ကုမ္ပဏီတစ်ခုသည် ပို့ကုန်ရငွေ ပြန်လည်အပ်နှံရန် အမေရိကန် ဒေါ်လာ ၁၉ သန်းကျန်ရှိကြောင်း၊ ယင်းကုမ္ပဏီကို ပုဒ်မ ၅ ခု ဖြစ်သည့် နိုင်ငံတော်အကြည်ညို ပျက် စေမှု၊ ငွေကြေးလိမ်လည်မှု၊ နိုင်ငံခြားသုံးငွေကြေးကစားမှု၊ စသည်တို့ဖြင့် တရားစွဲထားပြီး တစ်မှု လျှင် အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ဖြင့် ထောင်ဒဏ် ၃၅ နှစ်ကျခံရမ်ဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ ကုမ္ပဏီနှင့် ဆက်သွယ်၍ ပို့ကုန်တင်ပို့ခဲ့သည့် ကုမ္ပဏီ ၅၄ ခုရှိပါကြောင်း၊ အဆိုပါကုမ္ပဏီ များကိုလည်း ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်းပြောဆိုသည်။

ဒေါ်လာစျေးများမှာ စျေးကစား ဆွဲတင်နေခြင်းဖြစ်ပြီး ပြည်တွင်းမှာ ဒေါ်လာ ကိုင်လျှင် အရေးယူမည်

================================================

လက်ရှိ စျေးကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာစျေးနှုန်းများသည် ငွေစျေးကစားသူများက လုပ်ကြံဖန်တီးနေခြင်းဖြစ်ကြောင်း၊ ဖြစ်သင့်သည့်စျေးနှုန်းများ မဟုတ်ကြောင်း၊ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုသည်။

နိုင်ငံသားတိုင်းအနေဖြင့် ကျပ်ငွေသာ ကိုင်ဆောင်ရန် နှင့် နိုင်ငံခြားသုံးငွေ ကိုင်ဆောင်လိုပါက တရားဝင် လက်ဝယ်ရှိကြောင်း အထောက်အထားပြရမည်ဖြစ်ကြောင်း ၊ မပြနိုင်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဗိုလ်ချုပ်ရန်နိုင်စိုးကမူ ဒေါ်လာစျေးကိစ္စ မစိုးရိမ်ကြရန်နှင့်အချိန်တန် ပြန်လည်ကျ ဆင်းမည် ဖြစ်ကြောင်း၊ ဒေါ်လာစျေးသည် တက်စရာ အကြောင်းမရှိဘဲ တက်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ဒေါ်လာနှင့်ရွှေစျေးကို ထိန်းချုပ်မည့် Task Force ဖွဲ့စည်း

==================================

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရွှေ၊ ဒေါ်လာ ကစားနေသည့် လုပ်ငန်းရှင်များကို စသုံးလုံးနှင့်အတူ ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း၊ မဖြစ်သင့်သည့် စျေးနှုန်းများဖြစ်ကြောင်း ခြိမ်းခြောက်သည်။

ဗိုလ်ချုပ်ရန်နိုင်စိုးကလည်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဦးဆောင်သော Task Force ဖွဲ့စည်း၍ ရွှေစျေးနှင့် ဒေါ်လာစျေးကို ချမည်ဖြစ်ကြောင်း၊ စျေးကစားမှုများကို အရေးယူမည် ဖြစ်ကြောင်း ပြောဆိုသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသုံးငွေကိစ္စ၊ ရွှေစျေးတက် ခြင်းများကိစ္စ၊ ပို့ကုန်ရငွေ ကိစ္စများကို ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ၏ ညွှန်ကြားချက် အရ စသုံးလုံးက တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နေရာတိုင်းတွင် Task Force ဆောင်ရွက်မည်ဟု ဆိုသည်။

စျေးကွက်စီးပွားရေးသည် အာဏာနှင့် ထိန်းမရဆိုသည်ဟု စစ်ကောင်စီနားမလည်

=============================================

စီးပွားရေးသမားများကမူ လက်ရှိ ဖြစ်ပေါ်နေသော ရွှေစျေးနှုန်း၊ ဒေါ်လာစျေးနှုန်းများသည် စီးပွားရေး ပိတ်ဆို့မှု နောက်ဆက်တွဲများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၊ နှစ်သောင်းတန် ငွေစက္ကူများ အမြောက်အများ ထုတ်နေပြီဖြစ်၍ ယင်းဂယက်ကလည်း ကြီးမားကြောင်း၊ ယင်းအခြေအနေကို စစ်တပ်က နားမလည်ချင်ယောင်ဆောင်၍ ဖမ်းဆီးအရေးယူ ခြင်းဖြင့် စျေးနှုန်းများ မကျဆင်းနိုင်ကြောင်း၊ စျေးကွက်ပျက်၍ စျေးအေးသွားနိုင်သော်လည်း ရေရှည်တွင် ဒေါ်လာစျေးနှုန်းများ အမြင့်ဆုံး ထိုးတက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“အခုဖြစ်နေတာက ကျနော်ပြောခဲ့သလိုပါပဲ။ စျေးကွက် စီးပွားရေး သဘောအရ ဖြစ်နေတာပါ။ စစ်တပ်မှ ဒေါ်လာမရှိဘူးဆိုတာ အားလုံးသိတယ်။ နောက်တစ်ခါ အမေရိကန်က MFTB နဲ့ MICB ကို စီးပွားရေးပိတ်ဆို့တယ်။ စင်ကာပူ UOB က မြန်မာငွေစာရင်း ဘဏ်အကောင့်တွေကို ပိတ်တယ်။ ဘင်္ဂလားဒေ့ရှ်က ဒေါ်လာ ၁ ဒသမ ၁ သန်းရှိတဲ့ MFTB နဲ့ MICB ဘဏ် အကောင့် တွေကို ပိတ်တယ်။ နှစ်သောင်းတန်တွေ ပေါပေါသီသီထုတ် နေတယ်။ အဲဒါတွေကြောင့် ဖြစ်နေတာပါ။ ဒါကို နားလည်ဖို့ လိုပါတယ်။ သူ့ဟာ သူတက်နေတာတော့မဟုတ်ပါဘူး။ စျေးကွက်စီးပွားရေးစနစ်ကို သေနတ် ထုတ်ပြပြီး အာဏာနဲ့ ထိန်းချုပ်ရင် ဘာမှ ဖြစ်မလာဘူး။ သန်းရွှေလက်ထက်မှာလည်း လုပ်ခဲ့တာပဲ မအောင်မြင်ခဲ့ဘူး။ အခု မအလက ထပ်လုပ်လာတာ” ဟု ရန်ကုန်စီးပွားရေးသမားက သုံးသပ် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article