နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ရန်၊ အာဆီယံဘုံ သဘောတူညီချက်နှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စစ်ကောင်စီကို ထပ်မံ တောင်းဆို
ရန်ကုန်၊ ဩဂုတ် ၂၄
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရန်၊ အာဆီယံဘုံ သဘောတူညီချက် အကောင် အထည်ဖော်ရန်နှင့် မြန်မာအပေါ် ချမှတ်ထားသော ဆုံးဖြတ်ချက်ကို လိုက်နာရန် ကုလလုံခြုံရေးကောင်စီက ထပ်မံ၍ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။
ဩဂုတ်လ ၂၃ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံသို့ မကြာသေးမီက သွားရောက်ခဲ့သော UNOCHA အကြီးအကဲ Martin Griffiths နှင့် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Khiari တို့က မြန်မာ့အရေး
လုံခြုံရေးကောင်စီထံသို့ အသေးစိတ် အစီရင်ခံခဲ့ကြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့ရေးနှင့်ပတ်သက်ပြီး စိုးရိမ်နေပြီး မြန်မာပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများအတွက်လည်း စိုးရိမ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ မြင်တွေ့ရပြီး စစ်ကောင်စီက လေကြောင်းဖြင့် အရပ်သားများကို သတ်ဖြတ်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ စစ်ကောင်စီအနေဖြင့် နိုင်ငံတကာဥပဒေများကို လေးစားရန်နှင့် အရပ်သားပြည်သူများ ကာကွယ်ရန် တောင်းဆိုကြောင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၁၈ သန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး ၂ သန်းမှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ လူဦးရေ ၁၅ သန်းမှာ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ လူသားချင်းစာနာထောက် ထား မှု အကူအညီများကို ပြည်သူများအားလုံးထံ ရောက်ရှိရေး လုံခြုံရေးကောင်စီက တောင်းဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက အထူးစိုးရိမ်ကြောင်း၊ ရိုဟင်ဂျာများ ၁ သန်းနီးပါးကို နေရပ်များမှ စစ်တပ်က အတင်းအကျပ် ပြောင်းရွှေ့စေခဲ့သည်မှာ ၆ နှစ်ရှိလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ရိုဟင်ဂျာများအတွက် လူသားချင်စာနာထောက်ထားမှု အကူအညီများ ထပ်ပေးရန် ၊ နေရပ်သို့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး သံတမန်ရေး ကြိုးပမ်းမှုများကို လုံခြုံရေးကောင်စီက ထောက်ခံကြိုဆိုကြောင်း၊ စစ်ကောင်စီအနေဖြင့် ပြဿနာ၏ အခြေခံအရင်းအမြစ်ကို ဖြေရှင်းရန်နှင့် ရိုဟင်ဂျာများ၏ အခွင့်အရေးကို လေးစားရန် လုံခြုံရေးကောင်စီက တောင်းဆိုသည်။
မြန်မာစစ်ကောင်စီအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို လေးစားလိုက်နာရန်၊ အဆိုပါ ဆုံးဖြတ်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်၊ လူ့အခွင့်အရေး လေးစားလိုက်နာရန်၊ တရားဥပဒေစိုးမိုးရေး လိုက်နာရန်၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို လေးစားရန် ၊ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန်၊ ရခိုင်ပြည်နယ်တွင် အကျပ်အတည်းများကို ဖြေရှင်းရေး အခြေခံ အကြောင်းအရင်းကို ဆောင်ရွက် အဖြေရှာရန်၊ လူနည်းစုများကို ကာကွယ်ရန် တောင်းဆိုထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုထားသည့် ဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ လုံလောက်သည့် တိုးတက်မှု မရှိသည့်အတွက် လည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ကုသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် အာဆီယံနှင့် အာဆီယံဥက္ကဋ္ဌ ကြိုးပမ်းချက်များကို ထောက်ခံပြီး မြန်မာစစ်တပ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ဆောင်ရွက်ရန် တိုက်တွန်းထားသည်။