30 C
Yangon

ကုန်စျေးနှုန်းကြီးမြင့်မှုကို အကြောင်းပြ၍ စစ်တပ်က စီးပွားရေးသမားများကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူလာမှု လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက အလွန် စိုးရိမ်ထိတ်လန့်၊ တချို့ တိမ်းရှောင်

Must read

ကုန်စျေးနှုန်းကြီးမြင့်မှုကို အကြောင်းပြ၍ စစ်တပ်က စီးပွားရေးသမားများကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူလာမှု လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက အလွန် စိုးရိမ်ထိတ်လန့်၊ တချို့ တိမ်းရှောင်

ရန်ကုန်၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းကြီးမြင့်မှုကို အကြောင်းပြ၍ စစ်တပ်က စီးပွားရေး သမားများကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူလာမှုအပေါ် စီးပွားရေးသမားများ၊ လုပ်ငန်းရှင်များနှင့် ကုန်သည်အသိုင်းအ၀ိုင်းက အလွန်စိုးရိမ် ထိတ်လန့်နေကြကြောင်း UMFCCI နှင့် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီက စီးပွားရေးသမားများကို ဝိသမလောဘသားများဟုလည်းကောင်း၊ ပုဂ္ဂလိကဘဏ်တချို့ သစ္စာမရှိဟုလည်းကောင်း ၊ စောင့်ကြည့်အရေးယူမည်ဟုလည်းကောင်း အမျိုးမျိုး ခြိမ်းခြောက်လာသဖြင့် စီးပွားရေးနယ်ပယ်အားလုံးမှ ကုန်သည်၊ ပွဲစားနှင့် လုပ်ငန်းရှင်များ အကြား မလုံခြုံမှုများ ခံစားနေရကြောင်း သိရှိရသည်။

စျေးကွက်စီးပွားရေး၏ သဘောတရားသည် ဝယ်လိုအားနှင့် ရောင်းအားလိုအားပေါ်မူတည်၍ စျေးနှုန်းများ ဖြစ်ပေါ် ခြင်းဖြစ်သော်လည်း စစ်ကောင်စီက ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ ဒေါ်လာစျေးတက်ခြင်း၊ ရွှေစျေးတက်ခြင်း၊ စက်သုံးဆီနှင့်စားအုန်းဆီစျေးတက်ခြင်းများမှာ ကုန်သည်များ၏ စျေးကစားမှု၊ ဝိသမ လောဘကြောင့်ဟု တောက်လျှောက်ဆိုသလို ဝေဖန်ပြစ်တင် အရေးယူမည်ခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း ကုန်သည်တချို့က ပြောဆိုသည်။

“သူတို့ ပြောပြောနေတဲ့ အမေရိကန်ဒေါ်လာတစ်ဒေါ်လာကို ၂၉၂၀ ကျပ်နဲ့ ရောင်းပေးနေတယ်ဆိုတာ တကယ်လက်တွေ့မှာ အမှန်မဟုတ်ဘူး။ ကျနော်တို့ လိုသလောက် သူတို့ မရောင်းပေးတဲ့အတွက် အပြင်ကနေ ကျနော်တို့ ဒေါ်လာရှာရတယ်။ သူတို့ အယောင်ပြ ရောင်းပေးတာကို ယူပြီး ကိုယ့်ဟာကိုယ် ပြင်ပက ဒေါ်လာနဲ့ဖြည့်ပြီး သွင်းကုန်သွင်းရတာ။ အဲဒါကို တောက်လျှောက် သူတို့ ရောင်းပေးတဲ့ ဒေါ်လာက လုံလုံလောက်လောက် ရောင်းပေးတာမဟုတ်ပါဘူး။ အဲဒါကိုလည်း သူတို့ သိရက်နဲ့ အခုလိုတွေ ပြောဆိုနေတာ အတော်ကို ဆိုးပါတယ်။ နောက်တစ်ခါ သွင်းကုန်လိုင်စင် တွေလည်း ချမပေးတော့ဘူး။ တစ်ခါတစ်ခါ သွင်းကုန်သွင်းဖို့ ရက်လရှည်ကြာ စောင့်နေရတယ်။ ကုန်သည်တွေက ရှိတဲ့ဟာကို လှောင်ပြီး ချွေတာ ရောင်းတာမျိုးလည်းရှိပါတယ်။ စျေးနှုန်းတက်တယ်ဆိုတာက Supply ပြတ်လပ်လာတာကြောင့် အဓိကပဲ။ သူတို့ဘက်က ဒေါ်လာ ပေါပေါသီသီ ချပေး၊ ကျနော်တို့ကလည်း ပေါပေါသီသီ သွင်းရင် ဘာစျေးနှုန်းမှ တက်စရာမရှိဘူး။ ဒေါ်လာလည်း ဒီလိုပဲ။ သူတို့က ဒေါ်လာကို စျေးကွက်ထဲ လိုသလောက် ရောင်းပေး။ ဒေါ်လာစျေးနှုန်းတည်ငြိမ်သွားမယ်။ အခုက အကုန်လုံးကို ပတ်ရမ်းနေတာဖြစ်နေတယ်” ဟု ရန်ကုန်အခြေစိုက် သွင်းကုန် လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက ရွှေကုန်သည်များ၊ ဒေါ်လာဝယ်ရောင်းပွဲစားများ၊ သွင်းကုန်တင်သွင်းများအပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၁၅၀ ကျော်ကို ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေပြီး တချို့ကို ငွေကြေးခဝါချမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင်မှုများ ဖြင့် အမှုဖွင့် တရားစွဲထားသည်။

“ရွှေကုန်သည်နဲ့ ဒေါ်လာဝယ်ရောင်းက ၁၀၀ ကျော်လောက် သူတို့ ဖမ်းထားတာရှိတယ်။ ဆီကုန်သည်တချို့ ဒီရက်ပိုင်းအတွင် အဖမ်းခံရတယ်။ ပို့ကုန်ရငွေ မပေးလို့ဆိုပြီး စီးပွားရေးသမားတချို့ အဖမ်းခံရတယ်။ ဘဏ်ပိုင်ရှင်တချို့လည်း အစစ်ဆေးခံနေရတယ်။ အဲဒီတော့ ပြောမယ်ဆိုရင် စီးပွားရေးသမားတွေ ၁၅၀ ကျော်နဲ့ ၂၀၀ အကြား လက်ရှိမှာ အဖမ်းခံ စစ်ဆေးခံနေရတယ်။ စီးပွားရေးသမားတွေကို ရန်သူလို သဘောထားလို့ စျေးကွက်ကြီးတည်ငြိမ်ပြီး စျေးနှုန်းကျဆင်းသွားမှာမဟုတ်ပါဘူး။ အခုသွားနေတဲ့ပုံစံက မြောက်ကိုရီးယားလိုအားလုံးကို စစ်တပ်က ဝင်ထိန်းချုပ်ချင်မယ့် အနေအထားဖြစ်နေပါတယ်” ဟု ရန်ကုန် UMFCCI မှ စီးပွားရေးသမားက ပြောဆိုသည်။

လက်ရှိတွင်လည်း အလယ်အလတ် စီးပွားရေးသမားတချို့နှင့်ကုန်သည်တချို့ က စစ်တပ်၏ ဖမ်းဆီး စစ်ဆေးမှု ခံရမည်ကို စိုးရိမ်၍ ပိုင်ဆိုင်မှု ငွေကြေးတချို့ကို ရွှေ့ပြောင်းခြင်း၊ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ကျန်းမာရေး အကြောင်းပြ ယာယီသွားရောက် တိမ်းရှောင်ခြင်းများ လုပ်ဆောင်လာကြကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၂၈ ရက်နေ့ Facebook အစရှိသည့် လူမှုကွန်ယက်စာမျက်နှာများဖြစ်သော “ဒေါ်လာ Dollar Buy/Sell Market and News” နှင့် “ယူရို၊ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာ Euro Dollar Trading Group” စသည့် Facebook Page များမှတစ်ဆင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ နှင့်ညီမျှသော မြန်မာကျပ်ငွေအား တရားဝင်ပေါက်ဈေးထက်ကျော်လွန်၍ ဈေးနှုန်းအမျိုးမျိုးများ သတ်မှတ်၍ တရားမဝင် ရောင်းဝယ်မှုများပြုလုပ်နေသဖြင့် အဆိုပါ Facebook Page မှတစ်ဆင့် အမေရိကန် ဒေါ်လာရောင်းချသူတစ်ဦးကို သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လိုအပ်သည်များ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စီးပွားရေးသမားများနှင့် မကြာခဏတွေ့ဆုံလေ့ရှိသည့် အကြမ်းဖက် မင်းအောင်လှိုင်။

စီးပွားရေးသမားများနှင့် မကြာခဏတွေ့ဆုံလေ့ရှိသည့် အကြမ်းဖက် မင်းအောင်လှိုင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article