အကြမ်းဖက် စစ်အုပ်စုထံသို့ လက်နက်၊ စစ်ဘက် နှင့် အရပ်ဘက်သုံးနည်းပညာ၊ စစ်သုံးပစ္စည်းများ ရောင်းချမှု ရပ်တန့်ရေး စင်ကာပူအစိုးရထံ တောင်းဆိုရန်အတွက် မြန်မာပြည်သူများ၏ လက်မှတ်များ စတင်စုဆောင်း
ရန်ကုန်၊ စက်တင်ဘာ ၁
အကြမ်းဖက်စစ်အုပ်စုထံသို့ လက်နက်၊ စစ်ဘက်နှင့်အရပ်ဘက်သုံးနည်းပညာနှင့် စစ်သုံး ဆက်စပ်ပစ္စည်းများ ရောင်းချမှု ရပ်တန့်ရေး စင်ကာပူအစိုးရထံ တောင်းဆိုရန်အတွက် မြန်မာပြည်သူများ၏ လက်မှတ်များ စတင်စုဆောင်းနေကြောင်း Blood Money Campaign က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စင်ကာပူနိုင်ငံက အကြမ်းဖက် စစ်အုပ်စုထံသို့ လက်နက်များ၊ စစ်ဘက်နှင့် အရပ် ဘက်သုံး ဆက်စပ်စ္စည်းများ၊ နည်းပညာများနှင့် လေယာဉ်ဆီများ ဆက် လက်ရောင်းချနေခြင်းကို ရပ်တန့်ရန် စင်ကာပူအစိုးရထံ မြန်မာပြည်သူများက တောင်းဆိုကြရာတွင် ပါဝင်ကြမည့် ပြည်သူများ၏ လက်မှတ် များကို စတင်စုဆောင်းနေကြောင်း၊ အဆိုပါ လက်မှတ်များစုဆောင်း၍ စင်ကာပူအစိုးရထံသို့ အိတ်ဖွင့်ပေးစာ ထပ်မံပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရသည် ။
မြန်မာပြည်သူများ၏ လက်မှတ်ထိုး ကမ်ပိန်း (petition campaign)အတွက် ပြည်သူ့ လက်မှတ်များကို စက်တင်ဘာလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ အတွင်းတွင် ကောက်ခံသွားမည် ဖြစ်ပြီး စင်ကာပူ အစိုးရသို့ စက်တင်ဘာလ နောက် ဆုံး အပတ်တွင် အိတ်ဖွင့်ပေးစာ ပေးပို့မည် ဖြစ်ကြောင်း သိရှိရသည်။
ယခု လက်မှတ်ထိုး ကမ်ပိန်းနှင့်အတူ စင်ကာပူ အစိုးရထံ အိတ်ဖွင့်ပေးပို့မည့် လှုပ်ရှားမှု တွင် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများပါ ပူးပေါင်းပါဝင် ထားကြောင်း သိရှိရသည်။
“ အဓိက စင်ကာပူနိုင်ငံက လက်နက်ကုမ္ပဏီတွေက မြန်မာစစ်အုပ်စုကို လက် နက် တွေ၊ လက်နက်နဲ့ ပါတ်သက်တဲ့ ကုန်ကြမ်းတွေ၊ အစိတ်အပိုင်းတွေ၊ နည်းပညာတွေ နဲ့ လေယာဉ်ဆီရောင်းချနေတာတွေကို စင်ကာပူအစိုးရအနေနဲ့ ပိတ် ဆို့ တားဆီးပေးဖို့ပါ။ ထိရောက်မှုရှိဖို့က လူများများ လက်မှတ်ထိုးဖို့လိုပါတယ်” ဟု Blood Money Campaign အဖွဲ့ က ပြောဆိုသည်။
စင်ကာပူ နိုင်ငံသည် အကြမ်းဖက် စစ်အုပ်စုကို လက်နက်တင်ပို့ရောင်းချနေသော နိုင်ငံများထဲတွင် တတိယ အများဆုံး နိုင်ငံအဆင့် တွင် ပါဝင်နေပြီး ၂၀၂၁ ခုနှစ် မတရားအာဏာရယူချိန်မှစပြီး အနည်းဆုံး စင်ကာပူအခြေစိုက်လက်နက်ကုမ္ပဏီ ၁၃၈ ခု က စစ်အုပ်စု ထံသို့ အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုး အထိ လက်နက်များကုန်သွယ်ရောင်းချခဲ့ကြောင်း သိရှိရသည်။
ဩဂုတ်လ ၉ ရက်နေ့တွင် စင်ကာပူ၏ အကြီးဆုံး ဘဏ်တစ်ခုဖြစ်သော UOB ဘဏ်က မြန်မာနိုင်ငံနှင့် ပတ်သက်သော ငွေကြေးလွှဲပြောင်းခြင်းများကို ကန့်သတ်ပိတ်ဆို့ခဲ့သဖြင့် စစ်အုပ်စုအနေဖြင့် နိုင်ငံတကာထံ ငွေကြးလွှဲပြောင်းမှု များ၊ စစ်လက်နက် ဝယ်ယူရေး ကိစ္စရပ်များတွင် အခက်အခဲ ကြီးကြီးမားမားဖြစ်နေကြောင်း၊ စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်အတွက် ငွေကြေးလွှဲပြောင်း ခြင်းများအပြင် အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားငွေကြေး ထိန်းသိမ်းရန်အတွက်ပါ အရေးကြီးဆုံးနိုင်ငံဖြစ်ကြောင်း၊ ယခုပေးပို့မည့်အိတ်ဖွင့်ပေးစာသည် ဒုတိယအကြိမ် ပေးပို့ရန် စီစဉ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၂ရက်နေ့တွင် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှား မှုအပါအဝင် အဖွဲ့အစည်း ၂၀၀ က စင်ကာပူ အစိုးရအား အိတ်ဖွင့်ပေးစာပေးပိုခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
လက်မှတ်ထိုးလိုသော ပြည်သူများအနေဖြင့် အောက်ပါလင့်တွင် လက်မှတ်ရေးထိုးနိုင်ကြောင်း ၊ လက်မှတ်ရေးထိုးနိုင်သော လင့်မှာ –
https://actionnetwork.org/…/c3fbe2d39f1663281b48a93e6c2…
ဖြစ်ကြောင်း သိရှိရသည်။