အကြမ်းဖက်စစ်အုပ်စု၏ နေပြည်တော်တွင်ပင် စစ်ဗိုလ်ချုပ်များ မလုံခြုံမှုများ ခံစားနေရသည်အထိ PDF များ စွမ်းဆောင်နိုင်ပြီဖြစ်ပြီး စစ်ကောင်စီကို အပြီးသတ်ချေမှုန်းမည်ဟု NUG သမ္မတ မိန့်ခွန်းပြော
■ စစ်အာဏာရှင် တော်လှန်ရင်း စစ်အာဏာရှင်အမူအကျင့်နှင့် အတွေးအခေါ်များ ဝင်လာပါက ပြတ်ပြတ်သားသား အရေးယူဖယ်ထုတ်ရမည်
ရန်ကုန်၊ စက်တင်ဘာ ၇
အကြမ်းဖက်စစ်အုပ်စုက အလုံခြုံဆုံးဟု မှတ်ယူထားသည့် နေပြည်တော်တွင်ပင် စစ်ဗိုလ်ချုပ်များ မလုံခြုံမှုများ ခံစားနေရသည်အထိ PDF များ စွမ်းဆောင်နိုင်ပြီဖြစ်ပြီး များမကြာမီ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက တိုင်း ပြည်သို့ ယနေ့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ဓားတုတ်တူမီးသေနတ်ဖြင့် စတင်ခဲ့ရသော ရရာလက်နက် ဆွဲကိုင်ခဲ့ရသည့် နွေဦးတော်လှန်ရေး သည် မောင်းပြန်သေနတ်ကိုင်ဆောင်သည့် တပ်ရင်း တပ်ဖွဲ့များ ဖွဲ့စည်းပြီး ဒရုန်းတပ်များ ဖြစ်ပေါ်လာပြီဖြစ်ကြောင်း၊ စစ်ဗိုလ်ချုပ်များ က အလုံခြုံဆုံးဟု မှတ်ယူထားသော နေပြည်တော် ကိုပင် မလုံခြုံမှု ခံစားရအောင် ပြည်သူများက စွမ်းဆောင်နိုင်ပြီဖြစ်ကြောင်း၊ များမကြာမီ စစ်ကောင်စီ ကို အပြီးသတ်ချေမှုန်းမည့် တော်လှန်ရေးတွင် ဒေသ ကာကွယ်ရေးတပ်များ အပါအဝင် တော်လှန်ရေးတပ်များအားလုံး COC (Chain of Command) တစ်ခုတည်း အောက်တွင် ပါဝင်ရ မည် ဖြစ် ကြောင်း သမ္မတက ပြောဆိုသည်။
လက်ရှိတွင် နွေဦးတော်လှန်ရေး မြန်မြန်ဆန်ဆန် ခရီးရောက်လာခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကူညီဖေးမမှုကြောင့်ဖြစ်ပြီး EROs နှင့် တော်လှန်ရေးအင်အားစုများအကြား အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကျေကျေလည်လည် ဆွေးနွေးနေကြပြီ ဖြစ်ကြောင်း သမ္မတက သူ၏ မိန့်ခွန်းတွင် ပြည်သူကို အသိပေးထားသည်။
ထို့ပြင် စစ်အာဏာရှင်ကို တော်လှန်နေသော လက်နက်ကိုင်အဖွဲ့အစည်းများသည် စစ်အာဏာရှင်တို့၏အ ပြုအမူ စရိုက်နှင့် အတွေးအခေါ်များ ဝင်မလာစေရန် ပြုမူ ကျင့်ကြံနေထိုင်ရမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်ကဲ့သို့ ပြုမူ တွေးခေါ်လာသူများကို ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပြတ်ပြတ်သားသား ဖယ်ထုတ်အရေးယူမည်ဖြစ်ကြောင်း သမ္မတက သတိပေးသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံကို ကူညီလိုပါက နွေဦးတော်လှန်ရေး အောင်မြင်ရေးနှင့် စစ်အာဏာရှင် တိုက်ထုတ်ရေးကို ကူညီကြရန် သမ္မတက အသိပေးပြောဆိုသွားသည်။