38 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် တွေ့ဆုံခြင်း အပိုင်း ၁

Must read

“ဒရုန်းနဲ့ သွားပြီဟေ့ဆိုတာနဲ့ စစ်သားတွေက လက်နက်ချပြီးတော့ ထွက်ပြေး လာတဲ့ စစ်သားတွေ အများကြီး ဖြစ်လာပြီ။ သူတိုရဲ့ ကတုတ်ကျင်းတွေထဲထိ တိတိကျကျ ချနိုင်တဲ့ အနေအထားရှိတယ်။ သူတို့ ဘယ်လိုပဲ ဒရုန်း gun တွေနဲ့ ပစ်ပစ် ဒရုန်း gun တွေနဲ့ ချိန်ချိန် ဘာမှ တားဆီးနိုင်တဲ့ အနေအထားမျိုး မရှိတော့ဘူး”

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် တွေ့ဆုံခြင်း အပိုင်း ၁

By ရန်ကုန်ခေတ်သစ်

မြန်မာတစ်နိုင်ငံလုံးမှာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပိုင်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာ ၊ ပြည်သူတွေကို သတ်ဖြတ်တာအပြင် တစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေးစနစ်ကို ဖြတ်တောက်ထားတာတွေ လုပ်ကိုင်နေပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ က ပြည်သူတွေရဲ့ အကျပ်အတည်း အသက်အိုးအိမ် စည်းစိမ်တွေအတွက် ခုခံကာကွယ်နေပြီး ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံး မေးချင်တဲ့ မေးခွန်းက ဝန်ကြီးတို့ အမျိုးသားညီညွတ် ရေး အစိုးရအနေနဲ့ ဒီစစ်ကိုင်းတိုင်းထဲမှာ ဒီ ဆက်သွယ်ရေးစနစ်ကို စပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီး ရှင်းပြပေးပါဦးရှင့်။

ဖြေ။ ။ ဆက်သွယ်ရေးစနစ်နဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့က အားလုံးသိကြတဲ့အတိုင်း စစ်ကိုင်း ၊ မကွေး အစရှိတဲ့ တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့ နေရာမှန်သမျှမှာ စစ်ကောင်စီက ဆက်သွယ်ရေးဖြတ်တောက်ထားတယ်၊ လူထုကို information တွေ မသိစေချင်ဘူး၊ လူထုနဲ့ ကျွန်တော်တို့ရဲ့ ကြားမှာ ဆက်သွယ်ရေး မရှိနေစေချင်ဘူး။ ဒီသဘောတွေနဲ့ ဖြတ်တောက်ထားတာကို ကျွန်တော်တို့က ပြန်ပြီးတော့ တည်ဆောက်တယ်။ ကျွန်တော်တို့ အခု စစ်ကိုင်းတိုင်း တစ်တိုင်းလုံးကို ခြုံငုံပြီးတော့ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေး ကွန်ရက်ကို တည်ဆောက်ထားတယ်။

တည်ဆောက်ထားတယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ဆက်သွယ်ရေးလို့ ပြောတယ်ဆိုလို့ရှိရင် NUG ရော တော်လှန်ရေး အင်အားစုတွေရော ပြည်သူလူထုရော အားလုံးအတွက်ကို ဆက်သွယ်ရေးဌာနကို လုပ်ပေးရမှာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်။ ဒါပေမဲ့ အခုကာလမှာတော့ ကျွန်တော်တို့က NUG အစိုးရနဲ့ မြေပြင်မှာ ရှိနေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ အချင်းချင်းကြားထဲမှာ ဆက်သွယ်မှု မပြတ်တောက်အောင် ကျွန်တော်တို့က အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်အောင် ကျွန်တော်တို့က ဆက်သွယ်ရေးကို တည်ဆောက်ထားပြီးဖြစ်တယ်။ အဲဒါအပြင် ထပ်ပြီးတော့ ရည်ရွယ်ထားတာက လူထုကိုပါ အင်တာနက် Access ရဖို့ ကျွန်တော်တို့ အစီအစဉ်တွေ ဆွဲထားတာ ရှိပါတယ်။ ဒါကိုလည်း မကြာခင် အကောင်အထည်ဖော်သွားဖို့ လုပ်နေတာလည်း ရှိပါတယ်။

မေး။ ။ အခုလိုမျိုး တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက အဆက်အသွယ်တွေ ဖြတ်တောက်ထားတဲ့အချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူတွေအတွက်ပါ လုပ်ဆောင်ဖို့ ထည့်သွင်းစဉ်းစားတာ တော်တော်လေး ကောင်းပါတယ်။ ဒီနေရာမှာ ဝန်ကြီးတို့ လုပ်ဆောင်တဲ့အခါမှာ မြေပြင်မှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ။ ။ မြေပြင်မှာကတော့ အခက်အခဲကတော့ မျိုးစုံပေါ့။ ကျွန်တော်တို့ NUG အစိုးရကနေပြီး ဒေါ်လာ ၅ သိန်းဆိုပြီးတော့ ကျွန်တာ်တို့ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးဖို့အတွက်ကို ချထားပေးခဲ့တယ်။ အဲဒီ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီးတော့ ဆက်သွယ်ရေးပစ္စည်းတွေကို ဘယ်လို ပစ္စည်းတွေကို သုံးရင်တော့ ဒီ ၅ သိန်းနဲ့ ဘယ်လောက်ရှည်ကြာ အသုံးပြုနိုင်မလဲ ၊ ဘယ်နယ်တွေကို ပေးနိုင်မလဲ ၊ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မလဲ၊ ဒါတွေကို အစကတည်းက သေသေချာချာလေး တွက်ချက်ရတယ်။

တွက်ချက်ပြီးတော့ သက်ဆိုင်ရာ နည်းပညာတွေကို ဘယ်လို နည်းပညာကို သုံးရင်တော့ ဘယ်လောက်ရမလဲ၊ ဘယ်နယ်တွေမှာတော့ အသုံးပြုနိုင်မလဲ ၊ ဒါတွေကအစ ဆက်တွက်ရတယ်။ ပြီးတော့ ဒီ နည်းပညာတွေကို ကျွန်တော်တို့က လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ မြေပြင်မှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ အင်အားစုတွေနဲ့ ဒီ ဆက်သွယ်ရေးနည်းပညာကို တတ်ပြီးသားလူတွေ ရှိသလား မတတ်သေးတဲ့ လူတွေ ရှိသလား။ မတတ်သေးတဲ့ လူတွေကို ဘယ်လို Training လုပ်ရမလဲ ။

အဲဒီလူတွေကို ရွေးထုတ်ရတာပေါ့။ ပြန်ပြီး အင်တာဗျူးတွေလုပ်၊ သင်တန်းတွေပေး။ ပြီးတော့မှ ဒီပစ္စည်းတွေကိုလည်း အဆင့်ဆင့် သက်ဆိုင်ရာ ဒေသဆီကို ပို့ဆောင်ပြီးတော့ အကောင်အထည်ဖော်ရတဲ့ ကိစ္စတွေ ရှိတာပေါ့။ ဒါအနှောင့်အယှက်မျိုးစုံတော့ရှိတာပေါ့။ အားလုံးသိကြတဲ့အတိုင်းပဲ။ အနှောင့်အယှက်တွေကတော့ မျိုးစုံပဲ။ အဲဒါတွေကို ကျော်လွှားပြီးတော့ တည်ဆောက်ခဲ့တာပေါ့။ တည်ဆောက်တဲ့အခါမှာ အခုတော့ လည်ပတ်နိုင်တဲ့ အနေအထားရှိပြီ။ ဒါကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ ဝန်ကြီးတို့ရဲ့ ဆက်သွယ်ရေးကွန်ရက်အကြောင်းကို ပြည်သူတွေ သိရှိနားလည်အောင် ရှင်းပြပေးလို့ရမလား။ ဆိုလိုတာက ဒီဆက်သွယ်ရေးကွန်ရက်က အင်တာနက်ပဲ သုံးလို့ရတာလား၊ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက်ချိတ်ဆက်ဆောက်ရွက်တာမျိုးသုံးလို့ရလား ၊ ဒီနေရာမှာ သုံးစွဲမယ်ဆိုရင် ဘာပစ္စည်းတွေ တွဲသုံးရမလဲ။ ဘာပစ္စည်းတွေ လိုအပ်မလဲ ဝန်ကြီးရှင်းပြပေးပါဦးနော်။

ဖြေ။ ။ လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့ ခုနပြောသလို ပြည်သူတွေက သုံးလို့မရသေးဘူး။ တော်လှန်ရး အင်အားစုတွေ အားလုံးကတော့ သုံးလို့ရအောင် လုပ်ပေးထားတယ်။ ဒါပေမဲ့ ပညာရေး၊ ကျန်းမာရေး ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး၊ လူသားစာနာကိစ္စတွေ၊ ကျွန်တော်တို့ရဲ့ human right ကိစ္စနဲ့ ပတ်သက်တဲ့ Report တွေ၊ Video Footage တွေ၊ Video Recording လုပ်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ ဒါတွေ အားလုံးကို Chain of Custody လို့ခေါ်တဲ့ ဘယ်ကနေ ဘယ်ကိုပို့လိုက်တယ်ဆိုတာ မပျောက်ပျက်အောင် အခုလက်ရှိဒါတွေကို ဆောင်ရွက်ပေးနိုင်တာ ရှိတယ်။

အဲဒါတွေ အားလုံးကတော့ တယ်လီဖုန်းနဲ့ သုံးလို့ရတယ်။ အင်တာနက်နဲ့ သုံးလို့ရတယ်။ ဒီခေတ်မှာကတော့ တယ်လီဖုန်း ဆိုတာက ရိုးရိုးတယ်လီဖုန်းနဲ့ ပြင်ဆင်တာအပြင်ကိုမှ အရာအားလုံးက application တွေ သုံးပြီးတော့ app လို့ခေါ်တာပေါ့။ app နဲ့ သုံးပြီးတော့ Signal ရှိတယ်၊ Whatapp ရှိတယ်၊ Messenger ရှိတယ်။ ဒီလို app တွေကို သုံးပြီးတော့ ဆက်သွယ်လို့ရပြီဆို အင်တာနက်သည် အဓိကအခြေခံလိုအပ်ချက်ဖြစ်သည်။ ဒါကို ကျွန်တော်တို့က ဖြည့်ဆည်းပေးထားတာပေါ့။ လူထုကိုတော့ ဒီ အင်တာနက် access ရဖို့အတွက်ကို ဆက်လက်ပြီး ဖြည့်ဆည်းပေးဖို့ လုပ်နေတာ ရှိပါတယ်။

ဒါက စစ်ကိုင်းတိုင်းတစ်တိုင်းတည်းကို ကျွန်တော်တို့က လုပ်မှာ မဟုတ်ပါဘူး။ အင်တာနက် access မရတဲ့ ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ နေရာတော်တော်များများကိုလုပ်မှာပါ။ အခုလက်ရှိ လုပ်ထားတဲ့ ကိစ္စမှာလည်း စစ်ကိုင်းတိုင်း တစ်တိုင်းတည်းမှာ မဟုတ်ဘူး။ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ဆိုရင် အကုန်လုံးနည်းပါး ဆက်သွယ်ရေးကွန်ရက်ကို ရရှိပြီးသားဖြစ်တယ်။ ထို့အပြင် အခြားသော ကရင်နီပြည်နယ်လိုဟာမျိုး၊ နောက်ကရင်ပြည်နယ်မှာဆိုရင်လည်း အချို့သော နေရာတွေ ၊ နောက်တစ်ခါ မကွေးတိုင်းမှာဆိုလည်း အချို့သော နေရာတွေ၊ နောက်အချို့သော ပြည်နယ်တွေမှာလည်း အချို့နေရာလေးတွေမှာ ကျွန်တော်တို့ တပ်ဆင်ပေးထားတာရှိပါတယ်။ ဆိုတော့ အရေးပေါ်သုံးလို့ရအောင်လို့ အချို့သော device တွေ ဖန်တီးပေးထားတာရှိပါတယ်။

မေး။ ။ဝန်ကြီးတို့ ဝန်ကြီးဌာနမှာက ဆက်သွယ်ရေးစနစ်ကို လုပ်တာရှိတယ်။ ဒီဘက်မှာလည်း Federal Wings က ဝန်ကြီးတို့ ဝန်ကြီးဌာနက အဓိက လုပ်နေတာဆိုတော့ ကျွန်မ အဲဒီဘက်ကို ဆက်ပြီး မေးချင်ပါတယ်ရှင့်။ ဆိုတော့ Federal Wings အခုဆိုရင် အောင်ပွဲကြီးတွေ ဆင်နွှဲနေတယ်ဆိုတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို စိတ်အားတက်ကြွစေအောင် ပြန်ပြီးတော့ ပြောပြပေးပါရှင့်။

ဖြေ။ ။ Federal Wings ကတော့ ကြာပြီပေါ့ ၂ နှစ်လောက်တောင် ရှိပြီ ထင်တယ်။ ၂ နှစ်ပြည့်သွားပြီ ။ ၂ နှစ်ပြည့်သွားတဲ့အချိန်မှာပဲ အောင်ပွဲကြီး တစ်ခုကို ထပ်ပြီး‌တော့ လုပ်လိုက်နိုင်တယ်။ ဒီလိုမျိုး Federal Wings ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်မှုတွေကိုတော့ သတင်းဌာနတွေက တော်တော်များများ ဖော်ပြထားပြီးသားဖြစ်တယ်။ အခုဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပါ ပူးပေါင်းပြီးတော့ ၁၈၀၁ တပ်ရင်းတစ်ခုကို သီးသန့် ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့ပေးထားတာရှိတယ်။

အဲဒီ တပ်ဖွဲ့က Federal Wings တပ်ဖွဲ့ပေါ့။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲဘော်တွေပေါ့။ သူတို့နဲ့ အတူတူပူးပေါင်းပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်နေတာ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နည်းပညာဌာနဖြစ်တဲ့အတွက် နည်းပညာကိုပဲ ပံ့ပိုးတယ်၊ ဒရုန်းတွေကို ထုတ်လုပ်ပေးတယ်။ ကျွန်တော်တို့ရဲ့ ဒရုန်းတွေကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ပွဲပေါင်းများစွာလည်း ဆင်နွှဲပြီးပြီ၊ စစ်ကောင်စီရဲ့ Jammer တွေ အားလုံးကို ကျော်လွန်ပြီးတော့ကို ကျွန်တော်တို့ အလုပ်လုပ်နိုင်ခဲ့တယ်။ သူတို့ရဲ့ Jammer တွေ တစ်ခုမှကို တားဆီးနိုင်ခြင်း မရှိဘူး။ နောက်တစ်ခုကတော့ သူတို့ ဘယ်နေရာကနေ Jammer တွေ ဝယ်နေတယ်၊ ဘယ်လို Jammer တွေ ဝယ်နေတယ်။ ဘာ Frequency တွေ သုံးနေတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးဌာနတွေက သိရှိထားပြီးတဲ့အတွက် ကျွန်တော်တို့အတွက်က ဒါ သိပ်အခက်အခဲတော့ မရှိဘူးပေါ့။လက်ရှိအခြေအနေ အထိပေါ့။

ဒါပေမဲ့ နည်းပညာဆိုတာက အမြဲတမ်းပြောင်းလဲနေတာဆိုတော့ ကျွန်တော်တို့ ဒါကိုလည်း အမြဲ သတိထားပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ကျော်နိုင်နေတဲ့ နည်းပညာကို သူတို့ဘက်က သိသွားမလဲ ၊ သိသွားရင်ကော Backup plan က ဘာရှိမလဲ ၊ Alternative plan ဘာတွေလုပ်ထားလဲဆိုတာကိုလည်း Research & Development team က အမြဲတမ်းလုပ်နေပါတယ်။ ဒါမှလည်း ရန်သူရဲ့ အတားအဆီးကို ကျော်လွန်ပြီးတော့ အလုပ်လုပ်နိုင်မှာ ဖြစ်တယ်၊ ဒါမှလည်း ကျွန်တော်တို့ အောင်ပွဲကို ရမယ်။

ဆိုတော့ အားလုံးကတော့ ပြောကြတာပေါ့ Federal Wings က တော်လှန်ရေးမှာ NUG ရဲ့ လေတပ် ။ ဒရုန်းတွေဟာ လေတပ်ဖြစ်လာပြီလို့ အားလုံးကတော့ တင်စားကြတယ်။ ကျွန်တော်တို့ကတော့ အဲဒီလောက်ကြီးတော့ မဟုတ်သေးဘူးလို့ ထင်တယ်။ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရင်တော့ အင်မတန်ကို အားကောင်းလာမယ့် အနေအထားရှိတယ်။ လွန်ခဲ့တဲ့ ၂ လ ၊ ၃ လလောက်က ကျွန်တော်တို့ရဲ့ ဒီ ဗစ်ထွားတွေကို introduce လုပ်လိုက်တယ်။ ဓာတ်ပုံတွေနဲ့ တက်လာတာတွေလည်း ရှိပါတယ်။ အဲဒီဟာတွေကလည်း ပိုပြီးတော့ အားကောင်းလာဖို့၊ တော်လှန်ရေးမှာ ပိုပြီး အောင်မြင်မှု ရလာဖို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ပိုပြီးတော့ ယုံကြည်ပါတယ်။ ဒါတွေက တကယ့်ကို အဝေးကြီးလည်း ရောက်နိုင်တယ့် အနေအထားတွေ ဖြစ်လာပြီ။ တော်တော်ကို ခြိမ်းခြောက်လာနိုင်မယ့် အနေအထားမျိုးတွေ ဖြစ်လာမယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။ ဒီကိစ္စမှာလည်း ဘတ်ဂျက်ပါပဲ။

ဘတ်ဂျက်ရှိတယ်။ ကျွန်တော်တ်ို့မှာ ငွေရှိတယ်ဆိုလို့ရှိရင် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ့် အနေအထား၊ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်လေလေ ဒရုန်းတွေ များလာလေလေ သူတို့အတွက် ခြိမ်းခြောက်မှု ပိုများလာလေလေ၊ လက်နက်ချလာလေလေ ၊ အလင်းဝင်လာလေလေ ပြည်သူရင်ခွင်ကို ပူးပေါင်းလာတဲ့ အမြင်မှန်ရလာတဲ့ စစ်သားတွေ များလာလေလေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ အခုဆိုလို့ရှိရင် ဒရုန်းနဲ့ သွားပြီဟေ့ဆိုတာနဲ့ တချို့စစ်သားတွေက လက်နက်ချပြီးတော့ ထွက်ပြေးလာတဲ့ စစ်သားတွေ အများကြီး ဖြစ်လာပြီ။ သူတိုရဲ့ ကတုတ်ကျင်းတွေထဲထိ တိတိကျကျ ချနိုင်တဲ့ အနေအထားရှိတယ်။ သူတို့ ဘယ်လိုပဲ ဒရုန်း gun တွေနဲ့ ပစ်ပစ် ဒရုန်း gun တွေနဲ့ ချိန်ချိန် ဘာမှ တားဆီးနိုင်တဲ့ အနေအထားမျိုး မရှိတော့ဘူး။ ဒါကြောင့်မိုလို့ Federal Wings ကို သူတို့ကိုယ်တိုင်က သိနေပါပြီ။ ဒီလောက်ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

မေး။ ။ ကရင်ပြည်နယ်ကနေ Federal Wings က စပြီး တိုက်ပွဲ ဝင်ခဲ့ရာကနေ အခုဆိုရင် ကရင်နီမှာလည်း တိုက်ပွဲဝင်တယ်။ စစ်ကိုင်းဘက်မှာလည်း တိုက်ပွဲဝင်တယ်။ မကွေးဘက်မှာလည်း ရောက်ရှိနေပြီလို့ ကြားပါတယ်ရှင်။ ကျန်တဲ့ တနင်္သာရီဘက်တွေမှာရော Federal Wings ရဲ့ ရောက်ရှိမှု တိုက်ပွဲဝင်မှုကရော ဘယ်လိုမျိုး ရှိနေပြီလဲရှင့်။

ဖြေ။ ။ အဲဒီဘက်တွေမှာလည်း ရောက်နေပါပြီ တော်တော်များများကတော့ သတင်းမထုတ်ကြဘူး ဘယ်နေရာမှာ ရောက်နေပြီလဲဆိုတာ။ Federal Wings ရောက်နေပြီဆိုရင် စစ်ကောင်စီဘက်က အဲဒီနေရာကို အုံနဲ့ ကျင်းနဲ့ ဝိုင်းပြီးတော့ စစ်ထိုးမှာကို စိုးရိမ်တယ်။ အဲဒီအတွက်ကြောင့် ဘယ်နေရာမှာလဲဆိုတာ လျှို့ဝှက်ထားသေးတယ်။ ခုနပြောသလိုပဲ စစ်ကိုင်းမှာ ရောက်နေပါပြီ Federal Wings တွေ၊ မကွေးနဲ့ နေရာတချို့မှာလည်း ရောက်နေပါပြီ။ တခြားနေရာတွေမှာလည်း မကြာခင်မှာ ရောက်ရှိတော့မယ်။ တချို့နေရာတွေ ရောက်ရှိနေပြီလို့ပဲ ဖြေပါရစေ။

မေး။ ။ ဒါက နောက်ဆုံးမေးခွန်းပါ။ ဝန်ကြီးတို့ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကို အကျိုးရှိစေမယ့် ဆက်သွယ်ရေးကွန်ရက်ကြီးကို ဆောက်နေတာမျိုး၊ မြေပြင်က ရဲဘော်တွေနဲ့ အတူ တိုက်ပွဲဝင်‌နေတဲ့ Federal Wings အတွက် ဒရုန်းတွေကို ထုတ်လုပ်ပေးတာမျိုး အောင်အောင်မြင်မြင်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဝန်ကြီးအနေနဲ့ ပြည်သူတွေကို ဘယ်လို သတင်းစကားပါးချင်ပါသလဲ ။

ဖြေ။ ။ ဘက်ပေါင်းစုံကနေ စစ်ကောင်စီကို ဖိအားပေးတယ်။ ရတဲ့ နည်းလမ်းနဲ့ ရသလို တိုက်ခိုက်နေကြတဲ့ ရဲဘော်တွေ မြေပြင်မှာ အများကြီး။ နည်းပညာကဏ္ဍက အရေးပါတဲ့ ကဏ္ဍ ဖြစ်လာတယ်။ ခုန ပြောသလို ရှေ့မှာလည်း အများကြီး ပြောပြီးသွာပါပြီ ဆက်သွယ်ရေး ကောင်းကောင်းရမယ်၊ ဒရုန်းတွေ ကောင်းကောင်းရမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အောင်ပွဲက မြန်မြန်ပြီးဆုံးပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က မြန်မြန်နဲ့ များများ ရအောင်လို့ ကြိုးစားနေပါတယ်။ အဲဒီအတွက် လူထုက အားမလျှော့ပါနဲ့ ကျွန်တော်တို့လည်း လူထုနဲ့အတူတူတိုက်ပွဲ ဝင်နေပါတယ်လို့ ဒါလေးပဲ သတင်းစကားပါးချင် ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article