ထင်ရှားလာတဲ့ စစ်ဗိုလ်ချုပ်တွေကြားက အက်ကြောင်း
By လမ်းသစ်
စစ်ဗိုလ်ချုပ်တချို့ အဂတိလိုက်စားသဖြင့် စစ်ဆေးမေးမြန်း အရေးယူခံနေရသတဲ့။ ပိုင်ဆိုင်မှုတွေပင် သိမ်းမည်ဟု သတင်းတွေက ဆိုပါသည်။
အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ရာထူးပေးခန့်အပ်သူ အများအပြား မကြာခဏ လူစားထိုး လဲလှယ်ခံရလေ့ရှိခဲ့ရာ သူတို့၏ ဖြတ်ထုတ်ရှင်း လမ်းစဉ်က မထူးခြားဟု ဆိုနိုင်သည်။
သို့သော် ယခုတကြိမ် ထိုလမ်းစဉ်အတွင်း သွတ်သွင်းခံရသူမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အထူးယုံကြည် အားကိုးသူဟူ၍ ပြောစမှတ်ပြုကြသော မိုးမြင့်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်တို့လို ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ ပါဝင်လာခြင်းက စိတ်ဝင်စားစရာ ဖြစ်လာသည်။
အသက် ငါးဆယ်ဝန်းကျင်အရွယ် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ ဆင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
=======
အာဏာသိမ်း စစ်ကောင်စီလက်ထက် စစ်ဘက်ရော အရပ်ဘက်မှာပါ အရေးပါသည့် နေရာတွေ အပ်နှင်းခံထားရသူ ဖြစ်သလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အနီးကပ်ဆုံးမှာ အမြဲလိုလိုတွေ့ခဲ့ရသူလည်း ဖြစ်သည်။
အခုတော့ သူ့ကို ဥက္ကဌအဖြစ် တာဝန်ပေးထားသည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၊ ရွှေနှင့်ငွေကြေး ဈေးကွက်ထိန်းသိမ်း ကြပ်မတ်ရေး ကော်မတီတို့မှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။
အာဏာမသိမ်းမီ အချိန်ကပ်၍ စစ်ခေါင်းဆောင်က ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး အာဏာသိမ်းပြီး နောက်လူသောင်းချီကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိနေသူ ဗိုလ်ချုပ်ကြီးစိုးထွဋ်သည်လည်း အလားတူကံကြမ္မနှင့်ပင် ရင်ဆိုင်နေရသည်။
သူတို့နှစ်ဦးလုံးသည် စစ်အုပ်စု၏ အာဏာသိမ်းမှု စီမံကိန်းမှာ ထဲထဲဝင်ဝင် သိရှိပါဝင်ခဲ့သလို အာဏာသိမ်းပြီး နောက်တွင်လည်း မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့ကြသူများ ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းနေရန် လိုတော့မည် မထင်ပေ။
ယခု အဆိုပါ စစ်ဗိုလ်ချုပ်တွေ အရေးယူခံနေရသည့် အခြေအနေကို အဂတိလိုက်စားမှုဟူ၍ သတင်းတွေက တညီတညွတ်တည်း ဆိုကြသည်။ သူတို့နှင့်အတူ ပတ်သက်ဆက်စပ်နေသူများလည်း ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခံနေရသည်ဟု ဆိုပါသည်။
စိတ်ဝင်စားစရာ အခြေအနေဖြစ်သလို ရယ်စရာလည်းကောင်းသည် ဟုဆိုချင်သည်။ လက်ရှိခေါင်းဆောင်အဖြစ်ခံ ယူထားသည့် မင်းအောင်လှိုင်က အစပြု၍ အောက်ခြေ စစ်ဗိုလ်တွေအဆုံး ကိုယ်ကျိုး မရှာသူ၊ အဂတိမလိုက်စား သူဟူ၍ စစ်အုပ်စုတို့ထံမှာ ရှိပါသေးရဲ့လားလို့ မေးခွန်းထုတ်လိုက်ချင်ပါသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ပင် ကိုယ်ကျိုးစီးပွားအတွက် တနိုင်ငံလုံးကို လက်ဝါးကြီးအုပ်ချင် သေကြောင့် အာဏာသိမ်းထား၍ ရဟန်းရှင်လူ ပြည်သူတွေအားလုံး စုပေါင်းအားဖြင့် ခုခံတော်လှန်နေကြရသည့် အခြေအနေ ဖြစ်နေသည် မဟုတ်ပါလား။
ထိုသို့သော အခြေအနေမှာ စစ်ဗိုလ်ချုပ်တွေအချင်းချင်း အဂတိလိုက်စားမှုကြောင့် ဖမ်းဆီးအရေးယူကြသည် ဆိုသည့် အခင်းအကျင်းက ရယ်စရာပင် ကောင်းလှသည် မဟုတ်ပါလား။
တကယ်တမ်း ဖြစ်နိုင်သည်ကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် သူကိုယ်တိုင် တချိန်က အားကိုးအားထား ပြုခဲ့သည် ဆိုသော်ငြား ယခုအချိန်မှာတော့ ထိုစစ်ဗိုလ်ချုပ်တွေက သူ၏အကျိုးစီးပွားကို ထိခိုက်စေနေ ပြီဟု ယူဆလာခြင်းသာ ဖြစ်ပါသည်။
သတင်းတွေက ဖော်ပြကြသည့်အတိုင်း မိုးမြင့်ထွန်းတို့ စိုးထွဋ်တို့တသိုက် နိုင်ငံဘဏ္ဍာ ဒေါ်လာဘီလီယံချီ အလွဲ သုံးစားခဲ့ကြသည် ဆိုသည်ကို ယုံမှားသံသယ ရှိရန်မလိုချေ။
သို့သော် ထိုသူတို့ အခုလို ဖမ်းဆီးချုပ်နှောင် စစ်ဆေးခံနေရခြင်း၏ အဓိကအကြောင်းတရားကတော့ သူတို့၏ အလွဲသုံးစားလုပ်မှုက စစ်အုပ်စု၏ အကျိုး၊ စစ်ခေါင်းဆောင်တွေနှင့် မင်းအောင်လှိုင်တို့၏ အကျိုးစီးပွားကို ထိပါးလာခြင်းကြောင့်သာ ဖြစ်သည်။
ပြည်တွင်း အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုဂယက်၊ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြောင့် နိုင်ငံခြားငွေ ပြတ်လပ်လာသည့် ဂယက်တို့က စစ်ကောင်စီကို အကြီးအကျယ် ကိုင်လှုပ်နေသည်။ မင်းအောင်လှိုင်အပေါ် စစ်တပ်ထောက်ခံသူတွေကြားမှာပင် စိတ်ပျက်မှုတွေ တိုးလာစေသည်။
တနည်းအားဖြင့် မင်းအောင်လှိုင်တယောက် ငမ်းငမ်းတက် အဓမ္မလုယူ သိမ်းပိုက်ထားသော ထိုင်ခုံကို လှုပ်ခတ်နေစေသည့် အခြေအနေတွေ ဖြစ်သည်။ သူ့အပေါ် ဤသို့ဆိုးကျိုးတွေ သက်ရောက်စေနေသည့် ဂယက်တွေထဲ သူယုံကြည်အားထားသူတွေ ကိုယ်တိုင်ပါဝင် ပတ်သက်နေသည် ဆိုသောအခါ မင်းအောင်လှိုင်တယောက် သည်းခံနိုင်မှာ မဟုတ်ပါ။
ထို့ကြောင့်ပင် အခုလို လူသိရှင်ကြား အရေးယူမှုတွေ မဖြစ်မနေ လုပ်ရတော့တာ ဖြစ်သည်။ ထို့အပြင် နောက်ဆုံးတကြိမ် အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် မင်းအောင်လှိုင်က သူ့လက်အောက်ခံတွေ ဖိအားပေးထားကြောင်း သိသိသာသာတွေ့ရသည်။
စစ်ကောင်စီအဖွဲ့ဝင်တွေကို ဒေသအလိုက် စည်းရုံးရေးတွေ ဆင်းလုပ်ခိုင်းနေတာ မြင်ရသည်။ ဤသို့ လက်အောက်ခံတွေကို ဖိအားပြင်းပြင်းထန်ထန် ပေးလာခြင်းမှာ မင်းအောင်လှိုင်ကိုယ်တိုင်က သူ့အပေါ်ကျရောက်နေသည့် ဖိအားတွေဆီက လွတ်မြောက်လိုစိတ် ပြင်းပြလာ၍ ဖြစ်သည်။
စစ်အုပ်စု ထောက်ခံသူတွေဆီက ထွက်ပေါ်လာနေသည့် ဝေဖန်သံတွေက ကာလရှည်ကြာသည်နှင့်အမျှ ပိုမိုကျယ် လောင်လာသည်။
တော်လှန်ရေးကာလ ကြာလည်သည်နှင့်အမျှ လူထုဘက်မှာ အကျပ်အတည်းတွေ တိုးလာသလို စစ်အုပ်စုအဖို့လည်း အကျပ်ဆိုက်နေရသည်သာ ဖြစ်ကြောင်း လက်ရှိအခင်းအကျင်းတွေကို မူတည်၍ ရှင်းရှင်းလင်းလင်း သုံးသပ် သိရှိနိုင်ပါသည်။
ထိုဖိအား၊ အကျပ်အတည်းတွေကို ဖြေလျှော့နိုင်ရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မင်းအောင်လှိုင်တယောက် စိုင်းပြင်းနေချိန် ပြီးခဲ့သည့်လအတွင်း ဒေါ်လာဈေး၊ ရွှေဈေးတွေက ခေါင်ခိုက်အောင်မြင့်တက်ခဲ့သည်။
ဆန်ဈေး၊ ဆီဈေးတွေ ထိန်းမနိုင်၊ သိမ်းမရဖြစ်ခဲ့သည်။ ထိုဂယက်ကြောင့် အခုအထိပင် လူထုက နေ့စဉ် ဆီတိုး၊ ဆန်တိုး စားရသည့် ဘဝတွေဆီ ပြန်ရောက်နေကြသည်။
ထို့ကြောင့်ပင် “ရွှေသမင်ဘယ်ကထွက်” ဆိုသည့် စကားပုံအတိုင်း မင်းအောင်လှိုင်တယောက် ရင်းမြစ်ကို မဖြစ်မနေ ရှာရသည့်အခါ သူနှင့်အနီးကပ်ဆုံးက ပုဂ္ဂိုလ်တွေပင် ဖြစ်နေတာကို တွေ့ခဲ့သည် ဟုဆိုနိုင်သည်။ သည်နေရာတွင်လည်း နဂိုကတည်းက အတိုင်းအတာတခုအထိ သိနှင့်နေပြီးသားပင် ဖြစ်ချင်ဖြစ်နိုင်ပါသေးသည်။
လိုရင်းကတော့ မင်းအောင်လှိုင်အနေနှင့် သူ့အပေါ် ဖိအားတွေတိုးစေသော၊ သူ့ထိုင်ခုံကို လှုပ်ခတ်စေသော ဖြစ်ရပ်မျိုး လုပ်သူတွေကို မလိုလားသည်ကတကြောင်း၊ အခက်အခဲ အကျပ်အတည်းတွေကြားမှာပင် သူ့အစိုးရအဖွဲ့ကို ပိုကောင်းလာအောင် ပြုပြင်တည်ဆောက်နေကြောင်း၊ အဂတိလိုက်စားမှုတွေကို မလိုလားကြောင်း ပြချင်သည်က တကြောင်းတို့ကြောင့် အခုလို ဖမ်းဆီးအရေးယူပြတာတွေ လုပ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
သည်အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကြားမှာပင် တစထက်တစ အနေအစား ကျပ်လာနေပြီ ဆိုသည်ကို မြင်နိုင်ပါသည်
ဆိုရှယ်မီဒီယာများတွင် တွေ့မြင်နေရသည့် သတင်းများအရလည်း အဆိုပါ အရေးယူမှုနောက်ကွယ်တွင် ပြင်ပအင်အားကြီးနိုင်ငံတခု၏ ဖိအားများ ပါဝင်သည်ဟု ဆိုသလို၊ မိုးမြင့်ထွန်းကို တာဝန်ယူ ဖမ်းဆီးထိန်းသိမ်းခဲ့သော ညှိနှိုင်းကွပ်ကွဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မိုးမြင့်ထွန်း တို့အကြား ပုဂ္ဂိုလ်ရေး မကျေလည်မှုလည်း ရှိနှင့်နေကြသည်ဟု ဆိုသည်။
ထိုအချက်သာ မှန်ကန်ပါက သူတို့၏ နောက်ခံအုပ်စုတွေကြား ပဋိပက္ခတွေ ဆက်ရှိနေနိုင်သေးသည့် သဘောကိုလည်း တွေ့ရသည်။
သည်အခြေအနေတွေအားလုံးကို ခြုံငုံကြည့်လျှင် ခုခံတော်လှန်စစ် အရှိန်အဟုန် မြင့်တက်လာသည့်နှင့်အမျှ စစ်အုပ်စုကြား အက်ကြောင်းတွေ တဖြည်းဖြည်း ပိုမိုထင်ပေါ်လာနေပြီး နောက်ထပ်လည်း အခုလို ဖြစ်ရပ်တွေ ထပ်မံပေါ်ပေါက်လာနိုင်သေးသည်ဟု ယူဆရသည်။
စစ်ကျွန်ဘဝ သွတ်သွင်းမခံလိုသော လူထုနှင့် တော်လှန်ရေး အင်အားစုတွေအဖို့ကတော့ မည်သည့်အကြောင်းနှင့်ပင် ပြိုကွဲပြိုကွဲ စစ်အုပ်စု ပြိုကွဲရေးသည်သာ ပဓာန ဖြစ်ပါသည်။
မူလကတည်းက အကျိုးစီးပွားတွေကို အခြေခံပြီး စုဖွဲ့ထားသည့် စစ်အုပ်စုကတော့ သူတို့အကျိုးစီးပွားတွေ ထိပါးခံရလေလေ အက်ကြောင်း ပိုကြီးလာလေလေ ဖြစ်မည်သာ…။