ကျုံဒိုးမြို့တွင် ၅ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ စစ်သား ၃၂ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ၅ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ စစ်သား ၃၂ ဦးသေဆုံး ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ကျုံဒိုးမြို့၊ တောင်ကြာအင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃၀ ၊ မခရ ၅၄၆ ၊ ခလရ ၂၀၈ တပ်ရင်း နှင့် ကေအဲန်ယူ – တပ်မဟာ ၆ KNDO တပ်ရင်း ၆ ၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ၅ ရက်တာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိပြီး KNDO – ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် တောင်ကြာအင်းရွာကို ဝင်ထွက် သွားလာခွင့်များ ပိတ်ပင်ထားကာ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်ကို ဖောက်ထွင်း မွှေနှောက်ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်း ဥစ္စာများအား ယူဆောင်သွားခြင်း၊ ဘုန်းကြီးကျောင်း မှ သာသနာပိုင် ပစ္စည်းများအား ခိုးယူခြင်း နှင့် ပြည်သူနေ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ နေ့စဥ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။