28 C
Yangon

မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့်တွေ့ဆုံခြင်း

Must read

“ငွေကြေးပမာဏထက် ထပ်ပြီး တက်တော့မယ်။ Money Supply များတော့မယ်။ များရင် ကုန်စျေးနှုန်းတက်မယ်။ တိုင်းပြည်စီးပွားရေးကို စီမံ ခန့်ခွဲမှု မှားခဲ့တဲ့အတွက် ကုန်စျေးနှုန်းတက်တာကို ပြည်သူလူထုက ခံရဦးမှာပဲ။ ဒီပြဿနာက မလွယ်ဘူး”

မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ဩဇာခံ Non-CDM ဝန်ထမ်းအားလုံးကို လစဉ် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ ကြေးပေးပြီး နေ့စားဝန်ထမ်းများကို တစ်နေ့လျှင် ၁၀၀၀ ကျပ် ထောက်ပံ့ကြေးတိုးမြှင့်ကြောင်း ယမန်နေ့ ထုတ်ပြန်ကြေညာခဲ့ရာ ယင်းကြေညာချက်ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ငွေကြးဖောင်းပွမှုနှုန်းများနေတဲ့အချိန်မှာ ဒီလိုဝန်ထမ်းတွေကို ထောက်ပံ့ကြေး ၃ သောင်းတိုးပေးတယ်။ စစ်ကောင်စီလက်အောက်ခံနေ့စား ဝန်ထမ်းတွေကိုတော့ တစ်နေ့ကို ၁၀၀၀ တိုးပေးတယ်လို့ ကြေညာတယ်။ ငွေကြေးပမာဏ Volume ပိုများလာပြီးတော့ ပိုပြီးတော့ ငွေကြေးဖောင်းပွမှုကို ဖြစ်စေမလား။

ဖြေ။ ။ Inflation ဖြစ်တာထက် အခုဟာ မြန်မာနိုင်ငံအခြေအနေက ကုန်စျေးနှုန်း အဆမတန်တက်တော့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးက ကုန်စျေးနှုန်းတက်တဲ့ ဒဏ်ကို ခံနေရတယ်။ ဒါကို အစိုးရဆိုပြီး ကိုယ့်ကိုကိုယ်ခေါ်နေတဲ့ သူတွေက၊ အစိုးရလို့ သတ်မှတ်တဲ့သူတွေက ပြည်သူလူထုရဲ့ သက်သာချောင်ချိရေး လုပ်ကိုပေးရမယ်။ ဘာကြောင့်လဲဆိုတော့ Cost of Living ခေါ်တာပေါ့။ ကုန်စျေးနှုန်းတက်ရင် ပြည်သူလူထုရဲ့ နေထိုင်စားသောက်စရိတ်က တက်တယ်။ တက်လာရင် Income ဝင်ငွေက မလိုက်နိုင်ရင် ပြည်သူလူထုက ဒုက္ခရောက်တယ်။ အဲဒီလိုအခြေအနေမှာ လူထုရဲ့ ဝင်ငွေ တိုးအောင် လုပ်ပေးရတယ်။ ဒါက ထုံးစံပဲ။ သို့သော် လုပ်ပုံလုပ်နည်း အဲဒါက စဉ်းစားစရာ။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာမှာလည်း ကုန်စျေးနှုန်းတက်တာပဲ။ အမေရိကန်နိုင်ငံမှာဆိုရင်လည်း တက်တာပဲ။ ကုန်စျေးနှုန်းတက်တဲ့အခါမှာ ဘာလုပ်ရလဲဆိုတော့ Fixed Income ခေါ်တာပေါ့။ ပုံသေ ဝင်ငွေရနေတဲ့ အလုပ်သမားတွေကို ဘာလုပ်ရလဲဆိုတော့ လစာ တိုးပေးရတယ်။

အစိုးရဝန်ထမ်းတင်မဟုတ်ဘူး။ ပုဂ္ဂလိက ဝန်ထမ်းလည်း တိုးပေးရတယ်။ သို့သော် တိုးပေးတဲ့အခါမှာ ကုန်စျေးနှုန်းတက်တဲ့အချိုးအစားပေါ့။ အချိုးအစားနဲ့ မျှတဲ့ဝင်ငွေကို လုပ်ပေးရမှာ။ ဒါကြောင့်မို့လို့ ကုန်စျေးနှုန်းတက်သွားတဲ့အခါမှာ ပြည်သူလူထုရဲ့ ဝင်ငွေတိုးအောင် အစိုးရက လုပ်ပေးရမယ်။ လုပ်တဲ့အခါမှာ နှစ်ပိုင်းရှိတယ်။ ခုနက ပြောတဲ့ပုံသေလစာရတဲ့ ဝန်ထမ်းတွေ ဒါတွေက တိုးပေးရမယ်။ ပုဂ္ဂလိက အလုပ်သမားတွေကိုလည်း တိုးပေးရမယ်။ မြန်မာနိုင်ငံမှာ ပြဿနာက ပုဂ္ဂလိက ဝန်ထမ်းတိုးတဲ့အခါကျတော့ စက်ရုံ အလုပ်ရုံတွေက အစိုးရသတ်မှတ်စျေးနဲ့သွားတာ။ သူများနိုင်ငံတွေကျတော့ စျေးကွက်စီးပွားရေး စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာတော့ ကုန်စျေးနှုန်း တက်တဲ့အပေါ်မှာ မူတည်ပြီးတော့ ကုမ္ပဏီများက အချိုးကျသွားရတာ။ မြန်မာနိုင်ငံ ပြဿနာက အဲဒါလေးက လွဲချော်နေတယ်။ ဒါကြောင့်မို့လို့ ခုနက ဟာကို ပြန်ပြောရင် ဝန်ထမ်းတွေကျတော့ တစ်လကို ၃ သောင်းပေးတယ်။ လစာတိုးတာမဟုတ်ဘူး။ ထောက်ပံ့ကြေးပေးတာ။ ဝင်ငွေတိုးအောင်လုပ်တာပဲ။

ဒါပေမယ့် အစိုးရဝန်ထမ်းပဲတိုးပြီးတော့ ပုဂ္ဂလိက ဝန်ထမ်းမတိုးရင် မမျှတဘူး။ သူများနိုင်ငံဆိုရင် အလုပ်သမားလို့ ပြောလို့ရှိရင် အားလုံးက အလုပ်သမားပဲ။ အဲဒီအခါ အချိုးအစားနဲ့အညီ တိုးပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် တိုးပေးတာမှာ တိုးပုံ တိုးနှုန်းမှားနေတယ်လို့ သုံးသပ်လို့ရမှာပါ။

မေး။ ။ သက်ရောက်မှု ဘာတွေထပ်ဖြစ်လာမလဲ။

ဖြေ။ ။ နှစ်ပိုင်းရှိတယ်။ နိုင်ငံတကာတွေမှာဆိုရင် Cost of Living မြင့်ရင် ကုန်စျေးနှုန်းတက်ရင် ကုန်စျေးနှုန်းကို တက်တာကို ကာမိအောင် အစိုးရတွေကလုပ်ပေးရတယ်။ ဒါက သမရိုးကျ လုပ်ထုံးလုပ်နည်းပါပဲ။ လုပ်ပုံလုပ်နည်း ကွာတာကို ကျနော်တင်ပြခဲ့သလို မြန်မာနိုင်ငံ ပြဿနာက အခုမှမဟုတ်ဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် မဆလ ခေတ်ကတည်းကိုက ဝန်ထမ်းတွေ လစာတိုးလိုက်ရင် ကုန်စျေးနှုန်းက တက်ပြီ။ ကုန်သည်ဆိုတာက ငွေဖောင်းပွမှာ ကြောက်တော့ စျေးကစား။ Speculation Effect လို့ ခေါ်တယ်။ စျေးကစားတယ်ပေါ့။ အဲဒါကို အစိုးရ က ထိန်းနိုင်တဲ့ စွမ်းအင် စွမ်းအား အရည်အချင်းရှိရမယ်။ အဲဒါက ပြဿနာက။ မဆလ တစ်ခေတ်လုံးလည်း ဒီပြဿနာပဲ တက်ခဲ့တာ။ ဟို န၀တ၊ နအဖ လက်ထက်မှာလည်း ဒီပြဿနာပဲ တက်ခဲ့တာ။ အခုကတော့ ပိုဆိုးတာပေါ့။

အစိုးရဆိုတဲ့ ပုဂ္ဂိုလ်များက ဖြေရှင်းတဲ့ နည်းလမ်းတွေကို ကျင့်သုံးရမှာ။ အဲဒါ မကျင့်သုံးနိုင်ရင်တော့ ဒီပြဿနာက မီးလောင်ရာ လေပင့် ဖြစ်မှာ။ ဖြစ်လည်းဖြစ် ခဲ့ပြီ။ ဒါကြောင့်မို့လို့ မနေ့ သတင်းလေးကြားတာနဲ့ စျေးတက်တယ်။ မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်း တက်ရင် ကုန်စျေးနှုန်းတက်တာကို နည်းမှန် လမ်းမှန် မှန်မှန်ကန်ကန် ဖြေရှင်း မကျင့်သုံးတဲ့ ပြဿနာ။ အဲဒီပြဿနာ။ မှန်မှန်ကန်ကန်ကျင့်သုံးမယ်ဆိုရင် ထိန်းလို့ရပါတယ်။

မေး။ ။ အဲဒီတော့ စစ်ကောင်စီက သူ့ရဲ့ ဩဇာခံတဲ့ ဝန်ထမ်းတွေကိုပဲ ထောက်ပံ့ကြေးပေးပြီး ပြည်သူလူထု သန်းပေါင်းများစွာကတော့ ဘာမှ မရနိုင်ဘူး။ လုပ်ခလစာတွေ မတိုးပေးတာက ဘယ်လို သုံးသပ်လို့ရလဲ။

ဖြေ။ ။ တိုးပေးရမယ်။ Fixed Income ပုံသေလစာပဲရတဲ့ မည်သူကိုမဆို တိုးပေးရမယ်။ အစိုးရဝန်ထမ်းရော ပုဂ္ဂလိက ဝန်ထမ်းရော အကုန်လုံးပါတယ်။ တိုးပေးရတယ်။ သူ့ဩဇာခံသူချည်းပဲ တိုးပေးလို့မရဘူး။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကုန်စျေးနှုန်းတက်တာပဲ။ အမေရိကန်လည်း တက်တာပဲ။ မနှစ်ကဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းက အမေရိကန်မှာ ၈ ဒသမ ၅ ရာခိုင်ှုန်းရှိတယ်။ အဲဒီတော့ အခြေခံလစာကို တိုးပေးတယ်။ အစိုးရကလည်း သတ်မှတ်ပေးသလို ပုဂ္ဂလိကတွေကလည်း သတ်မှတ် တိုးပေးတယ်။ ဒီလိုပဲ အစိုးရ ဝန်ထမ်း အပါအဝင် ပုံသေလစာ ရတဲ့ သူ အားလုံးကို တိုးပေးရမယ်။ ပြောချင်တာက စျေးကွက် ယန္တရား ကိုက်ညီအောင် လုပ်ပေးတယ်ပေါ့။ ဒီမှာက ပြဿနာက အစိုးရဝန်ထမ်းပဲ ပေးတယ်ဆိုတော့ ဒါက မမျှတဘူး။ အစိုးရဝန်ထမ်းတင်မကဘူး ကျန်တဲ့ ပြည်သူလူထု အလုပ်သမားအားလုံးကို ကုန်စျေးနှုန်း တက်တဲ့အချိုးအစားနဲ့ ကာမိအောင် လူထုရဲ့ Living Standard စားဝတ်နေရေး ပြဿနာကို ပြေလည်ဖို့အတွက် တိုးကို ပေးရမယ်။ တချို့နေရာတွေမှာ ဥပဒေတွေနဲ့ သတ်မှတ်တယ်။

အခုဆိုရင် ကုမ္ပဏီတွေမှာ ကြားနေရတာက အလုပ်သမားတွေက ဆန္ဒပြရင် လိုက်ဖမ်း။ မလုပ်ရဘူးလေ။ လုပ်တဲ့လူကိုလည်း အစိုးရက အရေးယူရမှာဖြစ်လို အစိုးရကလည်း သတ်မှတ်ပေးရမယ်။ အခုဆိုရင် ပုဂ္ဂလိကကဏ္ဍမှာ ၁ ရက် လုပ်ခလစာက ၄၈၀၀ ကျပ် ။ အဲဒါက ဘယ်လိုလုပ်ကာမိမှာလဲ။ အစိုးရက ဥပဒေအရပဲ ဖြစ်စေ၊ တွန်းအားပေးမှုကြောင့်ဖြစ်စေ လုပ်ကို လုပ်ပေးရမယ်။ ဒီအချိန်ကို ပိုပြီးတော့ လုပ်ရပေးမယ်။ ဒါပေမယ့် လုပ်ပုံ လုပ်နည်း မှားနေတာကို ထောက်ပြဖို့လိုတယ်။

မေး။ ။ အခု ထောက်ပံ့ကြေးတွေ တိုးသွားပြီ။ မညီမျှမှုကလည်း ကြီးတယ်။ ငွေကြေး Volume ကလည်း ကြီးလားတယ်။ ဘယ်လိုသက်ရောက်မလဲ။

ဖြေ။ ။ သက်ရောက်မယ်။ Fair ပေါ့။ တိုင်းပြည်အတွင်းမှာ မျှတမှု မရှိဘူး။ ပြည်သူလူထုဆိုတာ အစိုးရ ဝန်ထမ်းမှ မဟုတ်ဘူးလေ။ တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ အလုပ်လုပ်တဲ့လူ အပါအဝင် အိမ်ထောင်စုတွေကို ကြည့်ပေးရမယ်။ ဥပမာ- ပြီးခဲ့တဲ့ NLD အစိုးရကာလမှာ ကိုဗစ်ဖြစ်တယ်။ ကိုဗစ်ဖြစ်တော့ ဝင်ငွေတွေ နည်းတာပေါ့။ နည်းတဲ့အခါ အစိုးရက ထောက်ပံ့ကြေး ပေးတယ်။ အကုန်လုံးကို သာတူညီမျ ပေးတယ်။ အဲဒီလို သွားရမှာ။ ပြောချင်တဲ့ သဘောက စစ်တပ်က လုပ်သွားတဲ့ ပုံစံသည် မကျဘူး။ အားလုံးကို မျှတစွာ လုပ်ပေးရမယ်။

အခု တိုးပေးလိုက်တော့ Money Supply ‌ွေသားတွေများသွားပြီ။ မြန်မာနိုင်ငံမှာ လှည့်လည်နေတဲ့ ငွေသားပမာဏက ကျပ်ဘီလီယံပေါင်း ၃၀၂၈၅ ရှိတယ်။ အခုတိုးတာက ဝန်ထမ်း ၁ ဦးကို ၃ သောင်းဆိုတော့ ဝန်ထမ်းတွေ ၁ သန်းရှိရင် မြှောက်ကြည့်လိုက် ဘီလီယံ ၅၀ ငွေကြေးဖောင်းပွလာပြီ။ ဘီလီယံ ၅၀ လစဉ် တက်သွားရင် အစိုးရက ပိုက်ဆံပိုသုံးရပြီ။ သုံးရပြီဆိုရင် Money Supply က များသွားပြီ။ ဒါဆိုရင် ကုန်စျေးနှုန်းတက်စေသော တွန်းအားကိုဖြစ်စေတာပေါ့။ စီးပွားရေး သီအိုရီ သဘောတရားအရ နမူနာပြောပြတာ။

အဲဒီလို ဖြစ်သွားရင် ဘာလုပ်ရမလဲ။ အစိုးရက ကုန်စျေးနှုန်း မတက်အောင် လုပ်တဲ့ နည်းလမ်းတွေကို သုံးရမယ်။ ဥပမာဗျာ။ ကုန်စျေးနှုန်းတက်သွားရင် တက်မှာ အခြေခံကုန်စည်တွေတက်မယ်။ မြန်မာနိုင်ငံဆိုရင် ဆန်၊ဆီ၊ ဆား ငပိ စသည်ပေါ့ တက်မယ်။ Demand က များလာတော့မှာဆိုတော့ အဲဒီ အခြေခံစားသုံးကုန်စည်တွေ မတက်အောင် Supply လုပ်ပေးရမယ်။ Supply ဆိုတာက ကုန်ထုတ်လုပ်မှု တက်အောင် လုပ်ပေးရမယ်။ ကုန်စည်တွေကို စျေးကွက်ထဲ ထည့်ပေးရမယ်။ အဲဒီတွေ သုံးရမယ်။ ဒါက ရေတိုမှာ ချက်ချင်းဖြစ်မှာ။

နောက်တစ်ခါ ကုန်သည်က စျေးကစားမယ်။ စျေးသည်ဆိုတာကတော့ ကုန်စည်စျေးနှုန်းတက်လာရင် မလည်ပတ်နိုင်ရင် ရှုံးမှာဆိုတော့ စျေတင်မှာပဲ။ တင်ရင် စျေးကွက်ထဲ ကုန်စည်တွေ ရောက်အောင် ချောမွေ့အောင် အစိုးရက Smooth ဖြစ်အောင် လုပ်ပေးရမယ်။

ရေရှည်မှာလည်း ဒီအကျိုးဆက်တွေက လာမယ်။ ရေရှည်မှာ ကုန်စျေးတက်တဲ့အခါမှာ ကုန်စည် မဖြည့်ပေးနိုင်ရင် စျေးက တက်မှာ ။ ကုန်စည်တွေ ဖြည့်နိုင်အောင် တိုင်းပြည်ရဲ့ စီးပွားရေး ဘဏ္ဍာရေးမူဝါဒ ငွေကြေး မူဝါဒ အဲဒါတွေကို တစ်ပြိုင်နက်တည်း ကျင့်သုံးပြီးမှ ဆောင်ရွက်ပေးရမယ်။ အဲဒီလိုဆိုရင် ကုန်စျေးနှုန်း တက်တာကို ပြည်သူလူထုက ခါးစည်း မခံရဘူးပေါ့။ ပြောချင်တဲ့သဘောက စျေးကွက်မှာရှိတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအား အားမျှခြေ ဖြစ်နေရင် ကုန်စျေးမတက်ဘူး။ ဝင်ငွေတိုးပေမယ့် ကုန်စျေးနှုန်းတက်တာကို ထပ်ခါ ထပ်ခါ မခံရဘူး။

မြန်မာနိုင်ငံကတော့ ဟိုး မဆလခေတ်ကတည်းက အခုအချိန်အထိ အဲဒီဒဏ် ခံနေရတုန်း။ အစိုးရ အဆက်ဆက် စီးပွားရေးပေါ်လစီတွေ ကျင့်သုံးတဲ့အခါမှာ မှားခဲ့လို့ မလုပ်ခဲ့နိုင်လို့ ။ ကုန်စျေးနှုန်း တက်ရင် ကုန်သည်တွေကို ဖမ်းတယ်။ အခုလည်း ဖမ်းနေပြီ။ အဲဒါမှားနေတာ။ စျေးကွက် ယန္တရားကို မကျင့်သုံးဘဲနဲ့ Command Economy အမိန့်ပေး သေနတ်ပြပြီးတော့ ကုန်စျေးနှုန်းချတဲ့ နည်းလမ်းက မှားလို့မလို့ အဲဒါ ကို မကျင့်သုံးဖို့လိုတယ်။ စျေးကွက် ယန္တရား စျေးကွက်စီးပွားရေးစနစ်ကို ဖြည့်ဆည်းဖို့လိုတယ်။ အဲဒီလို ဖြည့်မှသာ လျှင် ခုနက ပြောတဲ့ ကုန်စျေးနှုန်းတက်တာကို ပြည်သူလူထုက ထပ်ခါထပ်ခါ မခံစားရဘဲနဲ့ တိုင်းပြည်က စီးပွားရေး ချောမွေ့တာကို သွားပါလိမ့်မယ်။

မေး။ ။ တိုင်းပြည်က စီးပွားရေးပိတ်ုဆိ့မှု ခံထားရတော့ နိုင်ငံခြားဝင်ငွေ နည်းနေတယ်။ ကိုယ့်ဟာကိုယ် ပိုက်ဆံတွေ ရိုက်ထုတ်နေတယ်ဆိုတော့ ဒီလို လုပ်နေရင် အကျိုးဆက်ကို ဘယ်အချိန်မှာ မြင်တွေ့ရမလဲ။

ဖြေ။ ။ လက်ရှိအခြေအနေမှာကြည့်။ လက်ရှိ ရှိနေတဲ့ ငွေကြေးပမာဏထက် ထပ်ပြီး တက်တော့မယ်။ Money Supply များတော့မယ်။ များရင် ကုန်စျေးနှုန်းတက်မယ်။ ကုန်စျေးနှုန်း တက်ရင် ကုန်ထုတ်လုပ်မှု တက်အောင် လုပ်ရမယ်။ ကောင်းပြီး ကုန်စည်တွေ မထုတ်လုပ်နိုင်ရင် ပြည်တွင်းမှာ ဆန်စျေးတက်သွားပြီ။ ဆန်စျေး တက်သွားရင် ကိုယ့်ထဲမှာ နည်းနေရင် စျေးကွက်ထဲကို ဆန်တွေ များများရောက်အောင်ပိုရမယ်။ ပို့တာက လမ်းမှန် ကမ်းမှန် ပို့ရမယ်လေ။ ကုန်သည်တွေကို သေနတ်ပြပြီး ငါတို့ ဒါပေးကွာ လုပ်လို့မရဘူး။ ကုန်စည်တွေ ဖြည့်ပေးမယ်ဆိုရင်လည်း လုံလောက်တဲ့ ပေးနည်းဖြစ်ရမယ်။ ထုတ်လုပ်မှုက ပြတ်လပ်လို့ မထုတ်လုပ်နိုင်ရင် ဆန်ကို တင်သွင်းဗျာ။ အဲဒီလို သွားရမှာ။ ဒါပေမယ့် အဲဒီလို သွင်းဖို့ဆိုရင်လည်း သွင်းစရာ ပိုက်ဆံမရှိဘူးဆိုရင် အဲဒီမှာလာပြီ။ သူတို့မှာ အဲဒါ ပြဿနာ တက်နေတာ။

တစ်ဖက်မှာလည်း ပိတ်ဆို့ထားတယ်။ တစ်ဖက်မှာလည်း ထုတ်လုပ်မှုကလည်း တက်မလာ၊ တစ်ဖက်မှာလည်း စစ်ကတိုက်နေတယ်။ ဒါကိုကြည့်ရင် မင်းတို့ ဘယ်လိုနည်းနဲ့ ရှင်းမှာလဲ။ အဲဒါကြောင့် ကျနော်တင်ပြတဲ့အခါမှာ ရေတိုမှာ နည်းမှန် လမ်းမှန် ဖြေရှင်းရမယ်။ ရေရှည်အတွက်လည်း ပြင်ရမယ်။ ကျနော်တို့ မြင်သလောက် ပြောရရင် ဂျာအေး သူ့အမေရိုက်နေပြီ။ ဘယ်လိုမှ ပြင်လို့လည်း မရနိုင်တော့ဘူး။ တိုင်းပြည်ကလည်း စစ်ဖြစ်တယ်။ ပြည်သူလူထုကလည်း ထုတ်လုပ်မှုတွေ မလုပ်နိုင် ပြေးလွှားနေရတယ်။ သူတို့ကလည်း လိုကညစ်တယ်ဆိုတော့ ဒီသံသရာ ရုန်းထွက်ဖို့ကတော့ လောလောဆယ် မမြင်ဘူး။ လူထုကတော့ ခါးစည်းခံရမှာပဲ။ သူတို့ကတော့ အလွယ်လမ်း လိုက်မှာပဲ။ ဘာလုပ်မလဲ ပိုက်ဆံရိုက်ထုတ်တာပဲ။ အခုလည်း ရိုက်ထုတ်နေတာပဲ။ နောက် ၄ ၊ ၅ ၊ ၆ လဆိုရင် Money Supply ကြည့်လို့ရပြီ။ ခုနက ပြောပြီလေ။ လက်ရှိ ၂၀၂၃ အကုန်မှာ ADB စာရင်းအရ မြန်မာနိုင်ငံမှာ ငွေသား Money Circulation က ကျပ် ဘီလီယံပေါင်း ၃၀၂၈၄ ဒသမ ၅ ရှိတယ်။ အဲဒါ ထပ်တက်ဦးမှာ။ တက်ရင် ခုနက ပြောတဲ့ နည်းတွေ မသုံးရင် အဲဒီပြဿနာထပ်တက်မှာပဲ။ ကုန်စျေးနှုန်း တက်တာကို ပြည်သူလူထုက ခါးစည်းခံရမှာပဲ။ အစိုးရအဆက်ဆက် တိုင်းပြည်စီးပွားရေးကို စီမံ ခန့်ခွဲမှု မှားခဲ့တဲ့အတွက် ကုန်စျေးနှုန်းတက်တာကို ပြည်သူလူထုက ခံရဦးမှာပဲ။ ဒီပြဿနာက မလွယ်ဘူး ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article