25 C
Yangon

လောက်ကိုင်တွင် အွန်လိုင်းလောင်းကစားကုမ္ပဏီတချို့ကို ဖမ်းဆီးမှုများ ရှိလာပြီးနောက် လူကုန်ကူးခံထားရသော မြန်မာအများအပြား ပိတ်လှောင် ခံထားရ ၊ ကျွန်သဖွယ် နှိပ်စက်ခံရပြီး အမျိုးသမီးများ လိင်ကျေးကျွန်နှင့် ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံနေရ

Must read

လောက်ကိုင်တွင် အွန်လိုင်းလောင်းကစားကုမ္ပဏီတချို့ကို ဖမ်းဆီးမှုများ ရှိလာပြီးနောက် လူကုန်ကူးခံထားရသော မြန်မာအများအပြား ပိတ်လှောင် ခံထားရ ၊ ကျွန်သဖွယ် နှိပ်စက်ခံရပြီး အမျိုးသမီးများ လိင်ကျေးကျွန်နှင့် ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံနေရ

ရန်ကုန်၊ အောက်တိုဘာ ၅

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့တွင် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ အွန်လိုင်း လောင်း ကစားရာဇဝတ်ဂိုဏ်းတချို့ကို ဖမ်းဆီးမှုများ ရှိလာပြီးနောက် အဆိုပါ ရာဇဝတ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသော မြန်မာအများအပြား ပိတ်လှောင်ခံထားရကာ ဒုက္ခရောက်နေကြကြောင်း ပိတ်လှောင်ခံထားရသူ တချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လောက်ကိုင်တွင် လစာ ကောင်းကောင်းဖြင့် အလုပ်ရမည်ဆိုကာ ရန်ကုန် အပါ အဝင် နိုင်ငံတစ်ဝန်းလုံးမှ လူငယ်များကို လောက်ကိုင်မြို့သို့ ရောက်ရှိလာပြီး အွန်လိုင်း လောင်းကစား ငွေလိမ်ဂိုဏ်များထံသို့ ရောင်းစားခံရပြီး လူကုန် ကူးခံရကြောင်း၊ အဆိုပါ လူကုန်ကူးခံရသူများသည် ယခု တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ လောင်းကစားဂိုဏ်းများကို နှိမ်နင်းချိန်တွင် အလုပ် မလုပ်ရတော့ဘဲ ပိတ်လှောင်ခံထားရကြောင်း၊ ငွေပေးနိုင်သူများကို ပြန်လွှတ် ပေးကြောင်း သိရှိရသည်။

“အခုလောက်ကိုင်မြို့မှာ လူကုန်ကူးခံရတဲ့ မြန်မာတွေအများအပြား ပိတ်မိ နေပါတယ်။ အထူးသဖြင့်ကြာဖြန်ဆိုတဲ့လိမ်လည်မှုကုမ္ပဏီတွေမှာ ပိတ်မိနေ ကြပါတယ်။ အဲ့ဒီအထဲမှာ အဆိုးဆုံးက တိုက်ဖြူ၊ တိုက်နီ၊ ရှင်းတီ၊ ရှင်းတီ ရဲ့မြောက်ဘက် ချမ်းရှီရှန်၊ ဟိုင်းကြီး ၊ရွှေဆင်စင်တာ ဆိုတဲ့ကုမ္ပဏီတွေမှာ မြန်မာတွေအများအပြားပိတ်မိနေကြပါတယ်။ အလုပ်ထွက်ချင်လို့ပြောရင် အချုပ်ထဲ ထည့်တယ်။ မတန်မရာ မပေးနိုင်လောက်တဲ့စာချုပ် လျှော်ကြေး တောင်းတယ်။ အပြစ်မရှိဘဲ တရုတ်တွေက မြန်မာတွေကို ရိုက်နှက်ပါတယ်။ မိန်းမယောက်ကျားမရွေးကို ရိုက်နှက်လျှော်ကြေးတောင်းလုပ်နေကြပါတယ်။ တစ်နည်းအားဖြင့် ပြန်ပေးဆွဲသလိုလုပ်စားနေကြပါတယ်။ သူတို့ပြောတဲ စာချုပ် ဆိုတာ သူတို့အချိန်မရွေးပြောင်းလဲနိုင်တဲ့ စက္ကူတစ်ရွက်လို သူတို့စိတ်ရှိတိုင်း ကိုလုပ်ဆောင်နေတာပါ။ ကျနော်တို့ကလုပ်ချင် လို့လုပ်နေတာမဟုတ်ပါဘူး” ဟု ပိတ်မိနေသည့် မြန်မာတစ်ဦးက ဆိုသည်။

လူကုန်ကူးခံရပြီး ပိတ်မိနေသည့် မြန်မာများတွင် အမျိုးသမီးတချို့မှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေ ခံရခြင်း၊ အမျိုးသားများမှာလည်း ကျွန်များသဖွယ် ရိုက်နှက် အလုပ် လုပ်ခိုင်းခံရ ခြင်းများ ရှိနေသည်ဟု ပိတ်မိနေသည့် မြန်မာတချို့က ပြောဆိုသည်။

“တရုတ်တွေက လူကုန်ကူးခံရသူတွေကို ကျွန်တွေကို နှိပ်စက်တယ်။ ပြန်ခုခံ ရင် ပြည်သူ့ စစ်တွေက တရုတ်လူမျိုးတွေဘက်က လိုက်ပြီး နှိပ်စက်သတ် ဖြတ်ပါတယ်။ ကယ်သူမဲ့ဖြစ်နေပါတယ်။ အဲဒီလို မြန်မာတွေ လောက်ကိုင်မှာ အများကြီးပါပဲ။ ကယ်နိုင်သူတွေ ကယ်ပေးကြပါ”ဟု ပိတ်မိနေသည့် အခြားမြန်မာတစ်ဦးက ဆိုသည်။

ငွေကြေးတတ်နိုင်သူများက မိဘဆွေမျိုးများထံမှ ငွေကြေးရယူ၍ လျှော်ကြေး ပေးပါက လွတ်မြောက်သွားသူတချို့ရှိသော်လည်း အများစုမှာ ငွေကြေး မတတ်နိုင်သဖြင့် ချုပ်နှောင် ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း၊ ထွက်ပြေးလွတ် မြောက်ရန်မှာလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်က မြို့ကို ပိတ်ဆို့ ထားသည့် အတွက် မလွယ်ကူဘဲ ထွက်ပြေး၍ ပြန်လည် ဖမ်းမိလျှင် သေလု မြောပါး ညှဉ်းပန်းနှိပ်စက်ခံရကြောင်း သိရှိရသည်။

လူကုန်ကူးခံရသော မြန်မာများမှာ လောင်းကစားလုပ်ငန်းများ၊ အွန်လိုင်း ဖုန်းခေါ်၍ ငွေလိမ်ရသည့် အလုပ်များတွင် နေ့စဉ် အလုပ်ကိုင်ကိုင်ရပြီး တချို့မှာ တစ်ဆင့် ပြန်လည်ရောင်းစားခံရမှုများရှိနေကြောင်း သိရှိရသည်။

“လူကုန်ကူးခံထားရသူတွေ ကျနော်သိတဲ့ ကုမ္ပဏီတွေချည်းမှာပဲ ရာဂဏန်း ကျော်တယ်။ လောက်ကိုင်တစ်မြို့လုံးမှာ လောင်းကစားနဲ့ ရာဇဝတ်ဂိုဏ်းတွေ အများကြီးရှိတယ်။ မြန်မာတွေတင်မကဘူး။ အခြားနိုင်ငံသား တွေလည်းပါ တယ်” ဟု လောက်ကိုင်မြို့တွင် လူကုန်ကူးခံထား ရသဖြင့် လွတ်မြောက်ရန် ကြိုးစားနေသည့် မြန်မာတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article