25 C
Yangon

ရေဖြူတွင် စစ်တပ် စစ်ကြောင်းက PDF တံဆိပ်ပါ ယူနီဖောင်းများ ဝတ်ဆင်ပြီး စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရေဖြူတွင် စစ်တပ် စစ်ကြောင်းက PDF တံဆိပ်ပါ ယူနီဖောင်းများ ဝတ်ဆင်ပြီး စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက PDF တံဆိပ်ပါ ယူနီဖောင်းများ ဝတ်ဆင်ပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကား ၃ စီးဖြင့် ရေဖြူမြို့နယ် အနောက်ဖက်ကမ်းရှိ သပြေဇွန်းရွာဘက်ကို ရောက်ရှိလာပြီး ခမောင်းချောင်းရွာဘက်ကို ဦးတည်လာသောကြောင့် ဒေသပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲနှင့် ဝဇွမ်းတောရွာမှ ပြည်သူများ နီးစပ်ရာ တောတောင်များနှင့် အနီးအနားရှိ ကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ယင်းစစ်ကြောင်းသည် သပြေဇွန်းရွာမှ တဆင့် ပဂေါဇွန်းရွာဘက်ကို လာချိန်မှာတွင် ပြည်သူတချို့ ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံရသူများ၏ အခြေအနေအသေးစိတ်ကို​ မသိရသေးရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာဘက်ကိုလည်း ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကား ၂ စီး အင်အား ၅၀ ဖြင့်ရောက်လာပြီး ရွာထဲရှိနေအိမ်များနှင့် လမ်းသွားလမ်းများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူ အနောက်ဘက်ကမ်းကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် လောင်းလုံးကိုရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်း ၂ ခုလုံးရှိ စစ်သား တချို့သည် PDF တံဆိပ်ပါသော ယူနီဖောင်းများ ဝတ်ဆင်ထားကြောင်း သိရသည်။

“ရေဖြူ ပကဖ ဘက်တံဆိပ်တွေတပ်ထားတာ။ သူတို့ကိုယ်သူတို့ PDF ပါလို့လည်းပြောတယ်ဗျ” လို့ရေဖြူမြို့နယ်က ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

အဆိုပါ စစ်ကောင်စီ တပ်သားများထဲတွင် PDF ယူနီဖောင်း ဝတ်ဆင်ထားသူများ ပါရှိသလို စစ်ကောင်စီတပ်၏ ယူနီဖောင်း ဝတ်ဆင်ထားသူ တချို့လည်း ပါရှိကြောင်း၊ လောင်းလုံးမြို့နယ်က ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း ယနေ့နံနက် ခမောင်တောင် ရွာဘက်ကို ရောက်နေသည့် စစ်ကောင်စီတပ်သားတချို့သည် PDF တံဆိပ်ပါ ယူနီဖောင်းများ ဝတ်ဆင်ထားကြောင်း အတည်ပြု ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ရေဖြူမြို့နယ် အနောက်ဖက်ကမ်းရှိ ပြည်သူ့ကာကွယ်ရေး တပ်စခန်း ၂ ခု စီးနင်းသိမ်းပိုက်ခံရချိန်က ရေဖြူမြို့နယ် (ပကဖ) ၏ ဘက်တံဆိပ်များနှင့် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်၏ ဘက်တံဆိပ် အများအပြားအပြင် ယူနီဖောင်းများကို စစ်တပ်က သိမ်းဆည်းသွားကြောင်း သိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article