26 C
Yangon

ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦးသေဆုံးသော လိုင်ဇာ ပစ်ခတ် ခံရမှု အခြေအနေကို ကုလသမဂ္ဂ ကော်မတီအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

Must read

ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦးသေဆုံးသော လိုင်ဇာ ပစ်ခတ် ခံရမှု အခြေအနေကို ကုလသမဂ္ဂ ကော်မတီအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

■ မြန်မာ စစ်တပ်၏ နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကိစ္စ လျစ်လျူမရှုသင့်

ရန်ကုန်၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ လိုင်ဇာရှိ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးစေခဲ့သော စစ်တပ်၏ အကြမ်းဖက်မှုကို ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက် သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ကော်မတီ ) အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြလိုက်ကြောင်း သိရှိရသည်။

အမေရိကန်စံတော်ချိန် အောက်တိုဘာလ ၉ ရက်နေ့ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၀ ရက်နေ့ ) ကျင်းပသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ အထွေထွေမူဝါဒရေး ရာမိန့်ခွန်းပြောကြားမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကချင်ပြည်နယ်ရှိ လိုင်ဇာမြို့ကို စစ်တပ်က ပစ်ခတ်ခဲ့ကြောင်း တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာပြည်သူများအပေါ် စစ်တပ်၏ လူမဆန်သည့် ရက်စက်ယုတ်မာသတ်ဖြတ်မှုများကို ရပ်တန့်ရန်အတွက် စစ်တပ်အပေါ် အပြည့်အဝလက်နက်ပိတ်ပင်ခြင်း တိုက်လေယာဉ်ဆီများ တင်ပို့မှုရပ်ဆိုင်းခြင်းကို ဆောင်ရွက်ပေးရန် အဆောတလျင် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုခဲ့သည်။

သံအမတ်ကြီးက မြန်မာနိုင်ငံအနေဖြင့် “Nuclear Disarmament” ခေါင်းစဉ်ဖြင့် နှစ်စဉ် တင်သွင်းသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ယခုနှစ်တွင်လည်း ဆက်လက် တင်သွင်းသွားမည် ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများမှ ဆက်လက်ထောက်ခံ ပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင ဓာတုလက်နက်ပိတ်ပင်ရေးစာချုပ်နှင့်အညီ ဓာတုပစ္စည်း စုစုပေါင်း ၇၂,၃၀၄ မက်ထရစ်တန်ကို ကြေညာနိုင်ခဲ့ခြင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ ကြေညာပြီး ဓာတုလက်နက်များအားလုံးကို အလုံးစုံဖျက်ဆီးနိုင်ခဲ့ခြင်းတို့မှာ ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ ကြီးမားသော အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဓာတုလက်နက်များ၏ ခြိမ်းခြောက်မှုအန္တရာယ်မှာ ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်အသုံးပြုမှုအလုံးစုံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ အသုံးပြုသူများအား အရေးယူရန် လိုအပ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာပြည်သူများသည် လက်နက်အားကို;နေသည့် စစ်တပ်၏ သားကောင်များ ဖြစ်နေကြောင်း၊ တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်သည် တစ်ဘီလီယံဒေါ်လာကျော် တန်ဖိုးရှိသော လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်း ဝယ်ယူခဲ့ကြောင်း၊ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ပြည်သူ ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ လူပေါင်း နှစ်သန်း ဝန်းကျင်မှာ နေရပ်စွန့်ခွာခဲ့ရကြောင်း၊ နေအိမ် စုစုပေါင်း ၇၅,ဝဝဝ ကျော်မှာ ဖျက်ဆီးမီးရှို့ခံခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် Armed Conflict Location and Event Data Project (ACLED) ၏ အချက်အလက်များအရ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေသော လေကြောင်းတိုက်ခိုက်မှုများမှာ တစ်လလျင် ပျမ်းမျှအားဖြင့် တိုက်ခိုက်မှု ၃ဝ ခန့် ရှိကြောင်း၊ စစ်တပ်သည် စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနေရာများ အပါအဝင် ပြည်သူများနေထိုင်ရာ နေရာဒေသများကိုပါ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ ၂ဝ၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဇီကြီးကျေးရွာအတွင်းသို့ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် မြန်မာပြည်သူ ၁၆ဝ ကျော် သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။

၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်သည် လက်နက်ကြီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ စာသင်ကြားနေသော ဘုန်းကြီးကျောင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူ ၁၈ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့အနက် ၆ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း၊ မိမိယခု မိန့်ခွန်းပြောကြားနေသည့် အချိန်မှာ သိရှိရသည်မှာပင် ယနေ့ညပိုင်း ၌ စစ်တပ်သည် ကချင်ပြည်နယ်ရှိ လိုင်ဇာဒေသကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ကလေးသူငယ်များအပါအဝင် အရပ်သားများ သေကြေ ဒါဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အဦများလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မြန်မာပြည်သူများ၏ ထိခိုက်ခံစားနာကျင်မှုများကို ဖော်ပြရန်စကားလုံးများ မရှိကြောင်း၊ ပြောရက်စရာမရှိအောင် ဆိုးရွားသော အဖြစ်အပျက်များ ဖြစ်ပါကြောင်း၊ မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးပို့ပေးနေသည့် နိုင်ငံများ၏ အကူအညီဖြင့် မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ် သတ်ဖြတ်ရက်စက်မှု များကို ကျူးလွန်လျက်ရှိကြောင်း၊ မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပါသော် လည်း စစ်တပ်သည် စစ်လေယာဉ်များ၊ စစ်လက်နက်ပစ္စည်းများ၊ ဆက်စပ်နည်းပညာများကို လက်ခံရရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

မြန်မာ စစ်တပ်၏ အသေးစားနျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မျက်ခြေ မပြတ် စောင့်ကြည့် ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုခြင်း ကဏ္ဍအတွက် မြန်မာစစ်တပ်အနေဖြင့် ကောင်းမွန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိခဲ့ဖူးကြောင်း၊ ရှိမည်မဟုတ်ကြောင်းကို ပြည်သူများအပေါ် ၎င်းတို့၏ လူမဆန်သော၊ ညှာတာမှုမရှိသော အပြုအမူ များမှ သက်သေပြုလျက်ရှိပါကြောင်း၊ မြန်မာပြည်သူများအပေါ် စစ်တပ်၏ လူမဆန်သည့် ရက်စက်ယုတ်မာ သတ်ဖြတ်မှုများကို ရပ်တန့်ရန်အတွက် စစ်တပ်အပေါ် အပြည့်အဝလက်နက် ပိတ်ပင်ခြင်းနှင့် တိုက်လေယာဉ်ဆီများ တင်သွင်းမှုရပ်ဆိုင်းခြင်းကို ဆောင်ရွက်ပေးရန် အဆောတလျင် လိုအပ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေး ကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article