25 C
Yangon

ပဲခူးမြို့နယ်တွင် ရေကြီးမှု ကူညီ ကယ်ဆယ်ရေး လုပ်သူမှန်သမျှ စစ်တပ်နှင့် မြို့အာဏာပိုင်များ၏ ခွင့်ပြုချက်ယူရမည်ဟု အမိန့်ထုတ်

Must read

ပဲခူးမြို့နယ်တွင် ရေကြီးမှု ကူညီ ကယ်ဆယ်ရေး လုပ်သူမှန်သမျှ စစ်တပ်နှင့် မြို့အာဏာပိုင်များ၏ ခွင့်ပြုချက်ယူရမည်ဟု အမိန့်ထုတ်

ရန်ကုန်၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် အောက်တိုဘာလ ၇ ရက်နေ့မှစတင်၍ မိုးများ အဆက်မပြတ်ရွာသွားခြင်း၊ မြစ်ရေကြီးခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ရာ ယနေ့ တွင်လည်း ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နေပြီး ရေဘေး ကူညီကယ်ဆယ်ရေးလုပ်သူများကို စစ်တပ်နှင့် မြို့အာဏာပိုင် များထံ မှ ခွင့်ပြုယူရမည်ဟု အမိန့်ပေးလာကြောင်း ရေဘေးကူညီကယ်ဆယ်ရေး လုပ်နေသူတချို့က ပြောဆိုသည်။

ပဲခူးမြို့တွင် ၄ ရက်ဆက်တိုက် ရေကြီးနေမှုကြောင့် ရေဘေးသင့် ပြည်သူများ အစားအစာ၊ ရေများ လိုအပ်နေပြီး ရန်ကုန်အပါအဝင် နိုင်ငံနေရာအနှံ့အပြားမှာ လာရောက်ကူညီနေကြကြောင်း၊ ထိုသို့ လာရောက်ကူညီသူများကို စစ်တပ်နှင့် မြို့အာဏာပိုင်များက ၎င်းတို့ထံမှ ခွင့်ပြု ချက်မယူဘဲ ကူညီလျှင် အရေးယူခံရ မည်ဟု ပြောဆိုပြီး ခွင့်ပြုချက်ယူရမည်ဟု အမိန့်ပေးလာကြောင်း သိရှိရသည်။

စစ်တပ်နှင့်မြို့အာဏာပိုင်များထံမှ ခွင့်ပြုချက် မရယူထားသော ရေဘေးကယ် ဆယ်ရေးအဖွဲ့များကို ဝင်ခွင့်မပေးဘဲ ပိတ်ဆို့ထားကြောင်း သိရှိရသည်။

“မနေ့ညကနေ ဒီမနက်အထိ အကူညီပေးရေးအဖွဲ့တွေကို ဝင်ခွင့်မပေးပါဘူး ။ ကျနော်တို့ စားနပ်ရိက္ခာသွားလှူမယ့်အဖွဲ့ပါ။ အဲဒါကို ဘယ်ကလဲ၊ ဘာလာလုပ် တာလဲဆိုပြီး တင်းတင်းကျပ်ကျပ်ကို စစ်ဆေးနေတာ။ မြို့ထဲဘက်ကို ပေးမဝင် ဘူး။ တကယ်က အကူအညီတောင်းတဲ့ ပြည်သူတွေက လာကူညီပေးဖို့ ခေါ်နေလို့ ဝင်ဖို့ လုပ်တာပါ။ လူဆိုးနဲ့ လူကောင်း ခွဲခြားလို့လည်းရပါတယ်။ ပစ္စည်းတွေ လုယူ ခိုးမယ့်သူတွေ အန္တရာယ်ကြောင့် တားဆီးတယ်ဆိုရင် ဒီလိုမျိုးကြီး တော့ မလုပ်သင့်ဘူး။ တကယ်ကူညီမယ့်သူနဲ့ လူဆိုးသူခိုးနဲ့က ကွာပါတယ်။ ကူညီမယ့်သူတွေက ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ကူညီမယ့် ပစ္စည်း အပြည့်အစုံနဲ့ လာတာပါ။ ” ဟု ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်သူတစ်ဦးက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်နှင့်မြို့အာဏာပိုင်များက ဦးဆောင်၍ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသော်လည်း တစ်မြို့လုံးအတိုင်းအတာဖြင့် လုံလုံလောက်လောက် မလုပ်ဆောင်နိုင်ကြောင်း၊ စားနပ်ရိက္ခာနှင့်ရေ ပြတ်လပ်နေသည့် ရေဘေးသင့်ပြည်သူများရှိနေပြီး တချို့သော ရေဘေးသင့် ပြည်သူများမှာ မိမိတို့နေအိမ်များအတွင်း ဆက်လက် ပိတ်မိနေကြောင်း သိရှိရသည်။

“ဒီတစ်ခါ ရေကြီးတာက မြို့ရဲ့ နေရာအတော်တော်များများကို ကြီးတာဆိုတော့ ကူညီကယ်ဆယ်ရေးက တစ်မြို့လုံး ပြည်သူတွေကို မကူနိုင်ဘူး။ လက်လှမ်း သင့်ရာ လက်လှမ်းမီရာပဲ ကူနေရတာ။ ဒီနေ့တော့‌ ရေ နည်းနည်းလေးကျ ပါတယ်။ မိုးမရွာရင်တော့ တဖြည်းဖြည်း ရေပြန်ကျသွားမယ်။ မိုးရွာရင်တော့ ရေက တန့်နေမှာ” ဟု ပဲခူးမြို့ခံတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article