28 C
Yangon

ဗန်းမောက်ရှိ ကျွဲကောကြီးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ မိုးဗြဲရှိ စစ်တပ် အထိုင်စခန်း ၁ ခုကို ဝင်ရောက်တိုက်ခိုက်မှု PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ဗန်းမောက်ရှိ ကျွဲကောကြီးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ မိုးဗြဲရှိ စစ်တပ် အထိုင်စခန်း ၁ ခုကို ဝင်ရောက်တိုက်ခိုက်မှု PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကျွဲကောကြီးကျေးရွာနှင့် ထိန်ဆုံကျေးရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Banmauk Revolution – BR ထံမှ သိရ သည်။

အောက်တိုဘာလ ၉ ရက် နံနက် ၁၀ နာရီခန့်တွင် အင်းတော် – ဗန်းမောက် ကားလမ်းအတိုင်း စစ်ကြောင်းထိုးသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ မှ စစ်သားများကို ကျွဲကောကြီးကျေးရွာ အနီး တော်လှန်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ဗန်း မောက်မြို့၊ အောင်သာကုန်းရှိ အထိုင်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးပြီး အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း စစ်ကူရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကသာခရိုင်တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း ၄ ၊ ဗန်းမောက်မြို့နယ် ပကဖအဖွဲ့နှင့် မိုင်းသုန်တပ်ရင်းတို့ မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်၊ ကျွဲကောကြီးကျေးရွာသည် အင်းတော်- ဗန်းမောက် လမ်းပိုင်းတွင်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း၊ ဒေသနေ ပြည်သူများသည် အောက်တိုဘာလ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် လာသောကြောင့် အရေးပေါ် ထွက်ပြေးရှောင်တိမ်းခဲ့ရပြီး အဝတ်အထည်၊ အစားအသောက်နှင့် နေထိုင်ရေး ခက်ခဲနေကြောင်း သိရှိရသည်။

ထို့ပြင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ် မိုးဗြဲမြို့၊ ဒုန်းဒူထန်ရွာ၊ ရထားသံလမ်းအနီးရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မိုးဗြဲ PDF တပ်ဖွဲ့မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

အောက်တိုဘာလ ၉ ရက် နံနက် ၆ နာရီခန့်တွင် မိုးဗြဲမြို့၊ ဒုန်းဒူထန်ရွာ၊ ရထားသံလမ်းအနီးရှိ အကြမ်းဖက် စစ်သားများနှင့် KNG တပ်တို့၏ ပူးပေါင်း အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ကူအမြောက်အများအသုံးပြုခြင်း၊ စစ်ကူအများအပြား ရောက်ရှိလာခြင်းကြောင့် စခန်းသိမ်းပိုက်နိုင် ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ကလလတ နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-Local PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုးဗြဲ PDF တပ်ဖွဲ့မှ ရဲဘော် မောင်ယောဟန် ကျဆုံးကာ ၃ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

KNG တပ်ဖွဲ့သည် ပြည်သူနှင့်အတူ ပူးပေါင်းခြင်းမရှိဘဲ ကိုယ်ကျိုးနှင့် လုပ်ပိုင်ခွင့်အာဏာ ရရှိရန် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ ၎င်းစခန်း၌ အထိုင်ချထားခြင်းဖြစ်သည်ကို ဒေသနေ ပြည်သူများ ၏ ပြောပြချက်အရ သိရှိရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆိုမြို့နယ်က ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article