ရန်ကုန်၊ မေ ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွက်ဂိတ်တွင် အကြမ်းဖက် စစ်တပ်က ခရီးသွားလူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်၍ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းတောင်းခံနေကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အထွက်ရှိ စစ်သား၊ ရဲနှင့် လူမိုက်များ ပူးပေါင်းထားသော စစ်ဆေးရေးဂိတ်တွင် ခရီးသွား လူငယ် ၁၃ ဦးကို ဖမ်းဆီးပြီး ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ပေးဆောင်ရမည်ဟု တောင်းခံခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်များက မိသားစုဝင်များကို ဆက်သွယ်၍ Kpay ဖြင့် ငွေကြေးများ လွှဲပေးခဲ့ရကြောင်း၊ ယင်းသို့ခြိမ်းခြောက် ငွေကြေးတောင်းခံမှုကို ရဲတပ်ကြပ် ခန့်လွင်နှင့် လူမိုက် ကျော်ကြီး ဆိုသူတို့က ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
“မော်လမြိုင် အထွက် တိုးဂိတ်နားမှာ ရဲ ၊ စစ်သား နဲ့ လူမိုက်တွေ ပေါင်းပြီး ဒီနေ့ နံနက်ပိုင်း ခရီးသွား လူငယ် ၁၃ ဦးကို ဖမ်းဆီးငွေညှစ်တယ်။ တစ်ယောက်ကို ၁၅ သိန်းဆီ နဲ့ ငွေညှစ် သွားပါတယ်။ ဖမ်းခံရတဲ့ ကလေးတွေက မိသားစုကို ဖုန်းလှမ်းဆက်ပြီး Kpay နဲ့ လှမ်းလွှဲခိုင်းရတယ်။ တော်တော်လေး ယုတ်မာပြီး လုပ်စားနေကြတာ” ဟု ခရီးသွားပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ယမန်နေ့ကလည်း ခရီးသွားလူငယ် ၆ ဦးကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် ၁၀ သိန်းစီ Kpay ဖြင့် လွှဲခိုင်းခဲ့သေးကြောင်း သိရသည်။
ထို့ပြင် နေပြည်တော် တပ်ကုန်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုကြေးမပေးနိုင်သော လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
တပ်ကုန်းမြို့နယ် မကျီးကုန်းအုပ်စု လက်ပန်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ထင်လင်းအောင်(ခေါ်) ဆွေလှိုင်ဦးဆိုသူ နှင့် မကျီးကုန်းအုပ်စု သရက်အုပ်ကျေးရွာနေ ရာအိမ်မှူး နေမျိုးထွန်း (ခေါ်) မျိုးထွန်း ဆိုသူတို့သည် စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၇ သောင်းခံနေကြောင်း၊ ထိုမှရရှိသော ငွေကြေးများကိုလည်း ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲနေပြီး စစ်မှုထမ်းကြေး ပေးဆောင်နိုင်ခြင်းမရှိသော လူငယ်များကို အတင်းအဓမ္မ လက်ထိပ်ခက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူး ထင်လင်းအောင်နဲ့ ရာအိမ်မှူး မျိုးထွန်းဆိုသူက စစ်မှုထမ်းကြေးကို ဒီနေ့အချိန်ထိ ကောက်ခံနေတယ်။ ငွေမပေးနိုင်တဲ့ မကျီးကုန်းရွာက လူငယ်တွေကိုလည်း သူတို့နှစ်ရွာအစား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတာ ဒီနေ့အချိန်ထိဖြစ်ပါတယ်။ ဒါကို သိသိကြီးနဲ့အထက်က အရေးယူဆောင်ရွက်မှု တစ်စုံတစ်ခုမှ မလုပ်ပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။




