ရန်ကုန်၊ မေ ၄
မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ပျိုးခင်းကုန်းရွာနှင့် စဉ့်တုကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၄ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ပျိုးခင်းကုန်းကျေးရွာနှင့် စဉ့်တုကန် ကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ပျိုးခင်းကုန်းရွာသည် နေအိမ် ၁၂၀ ကျော်ခန့်ရှိပြီး စဉ့်တုကန်ရွာသည် နေအိမ် ၁၅၀ ခန့်ရှိကြောင်း၊ လက်ရှိချိန်ထိ နေအိမ်များ မီးလောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့ အခြေအနေ အသေးစိတ်တော့ ဘာမှမသိရသေးဘူး။ ခန့်မှန်းအိမ်ခြေ စာရင်းကတော့ ပျိုးခင်းကုန်းရွာက နေအိမ် ၁၂၀ လောက်ရှိတယ်။ စဉ့်တုကန်ရွာကတော့ နေအိမ် ၁၅၀ လောက်ရှိပါတယ်။ အခု လက်ရှိချိန်ထိ မီးလောင်ကျွမ်းနေဆဲပါ” ဟုစလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မေလ ၁ ရက်ကလည်း စလင်းမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၃ ၊ ၂၅၄ နှင့် ၂၅၅ တပ်ရင်းများမှ စစ်သားများက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက်ကာ ထနောင်းကုန်းကျေးရွာ၊ ကံစွယ်ရွာ၊ သနပ်ကုန်းရွာ နှင့် ကြူဝန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ပြည်သူ ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အဖွားအို ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ထနောင်းကုန်းကျေးရွာသည် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ပြီး ကြူဝန်းရွာမှ နေအိမ် ၃ လုံးနှင့် သနပ်ကုန်းကျေးရွာ ဆက်သွယ်ရေးတာဝါတိုင် မြောက်ဘက်ရှိ နေအိမ်များလည်း ပြာကျခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ မွေးမြူထားသော ကျွဲ၊ နွားနှင့် ဝက်များလည်း မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။






