28 C
Yangon

ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးစေခဲ့သည့် လိုင်ဇာ စစ်ဘေးရှောင် စခန်းကို စစ်တပ်က တိုက်ခိုက်မှု စစ်ရာဇဝတ်မှု ကျူးလွန် မှု ဖြစ်၍ KNU ၊ AA ၊ MNDAA နှင့် TNLA တို့က ရှုတ်ချ

Must read

ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးစေခဲ့သည့် လိုင်ဇာ စစ်ဘေးရှောင် စခန်းကို စစ်တပ်က တိုက်ခိုက်မှု စစ်ရာဇဝတ်မှု ကျူးလွန် မှု ဖြစ်၍ KNU ၊ AA ၊ MNDAA နှင့် TNLA တို့က ရှုတ်ချ

■ မြန်မာစစ်တပ်က ကမ္ဘာ့ အရက်စက်ဆုံးနှင့် အကြမ်းကြုတ်ဆုံးသော အကြမ်းဖက် အဖွဲ့အဖြစ် သက်သေ ထပ်မံ ပြသနေဟု KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက်ခိုက် ခဲ့သဖြင့် ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးစေခဲ့ရာ အဆိုပါ လုပ်ရပ်အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ၊ AA ရခိုင် တပ်တော်၊ ကိုးကန့် MNDAA နှင့် TNLA ပလောင်တပ်မတော်တို့က ကန့် ကွက်ရှုတ်ချ လိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ညသန်းခေါင်အချိန် စစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦးသေ ဆုံးခဲ့ကြောင်း ၊ ထိုလုပ်ရပ်သည် စစ်ကောင်စီသည် ကမ္ဘာ့ အရက်စက်ဆုံးနှင့် အကြမ်းကြုတ်ဆုံး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သက်သေထူလိုက် ခြင်းဖြစ်‌ကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် စစ်ကောင်စီကို ချက်ချင်း အ ရေးယူရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်း အရုံး KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။

“စစ်ဘေးစစ်ဒဏ်ကြောင့် အခုလို ထွက်ပြေး တိမ်းရှောင်နေရတဲ့ အရပ်သား လူထုအပေါ်မှာ ဒီလိုမျိုး သက်သက်မဲ့ လုပ်တာက တကယ် ရိုင်းစိုင်း ရက်စက် ကြမ်းကြုတ်ဆုံးသော အကြမ်းဖက် အဖွဲ့အစည်းဆိုတာ ကမ္ဘာကြီးကို ပြသလိုက်တာပဲ အဲဒါက ဘာလိုလဲဆိုတော့ နိုင်ငံတကာ နဲ့ ကမ္ဘာ့အသိုင်း အ၀ိုင်းရဲ့ အရေးယူ တုံ့ပြန်မှုက ဒီလို နှေးတုံ့ နှေးတုံ့ ဖြစ်လေလေ အဲဒီ အကြမ်းဖက် အဖွဲ့အစည်းက အဲဒါကို အခွင့်ကောင်းယူပြီး ပြည်သူလူထုကို ပိုပြီး ရက်စက် ကြမ်းကြုတ် ယုတ်မာမှုတွေက ပိုပြီးတော့ အတင့်ရဲလာလေလေ ဆိုတာ ကျနော်တို့ တွေ့မြင်ရတယ်။ အဲဒါကြောင့်မို့လို့ ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒီထက်ပိုပြီးတော့ လုံလောက်တဲ့ အရေးယူမှုမျိုး လုပ်သင့်တယ်။ အဲဒါမှ မဟုတ်ဘူး ဆိုရင်တော့ ဒီလိုပဲ အဖြစ်ဆိုးမျိုးတွေ ခဏခဏ ပဲ ကြုံနေရမယ် ဆိုရင် မကောင်းပါဘူး”ဟု ပဒိုစောတောနီးက ပြောဆိုသည်။

အလားတူ ကချင်ပြည်နယ် လိုင်ဇာ စစ်ဘေးရှောင်စခန်းက ကလေးငယ်များ အပါအဝင် ပြည်သူများ သေဆုံးစေခဲ့ရသည့် စစ်ကောင်စီ၏ တိုက်ခိုက်မှုအပေါ် မိုက်တွင်းနက်နက်ဖြင့် ဆိုးရွားစွာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟု AA ၊ MNDAA နှင့် TNLA တို့ ပါဝင်သည့် မဟာမိတ်သုံးဖွဲ့ က ထုတ်ပြန်လိုက်သည်။

နိုင်ငံရေး၊ စစ်ရေးနှင့် အဘက်ဘက်တွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့အား မထောက်ခံသော ပြည်သူများအပေါ် အငြိုးအတေး အာဃာတကြီးစွာထားပြီး လက်နက်ကြီးများနှင့် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်နေခြင်း၊ တရားလက်လွတ်သတ်ဖြတ်နေသောလုပ်ရပ်များကို မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် တွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းကဲ့သို့သော စစ်ကောင်စီ၏ လုပ်ရပ်များမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျကျူးလွန်ခြင်းများ ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

စစ်ကောင်စီမှ ညအချိန်မတော် လက်နက်ကြီးများဖြင့် အဆက်မပြတ် မြောက်မြားစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်စခန်းအတွင်းမှ ကလေးသူငယ် ၁၀ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူလူထု ၂၈ ဦး အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်တည်း သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်က ရေးသည်။

ထို့ပြင် အဆိုပါနေရာမှာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ဘေးရှောင်ပြည်သူလူထုများ ခိုလှုံ နေထိုင်ကြသော စစ်ဘေးရှောင်စခန်းတစ်ခုသာဖြစ်ပြီး ယင်းကဲ့သို့ ပစ်ခတ်မှုအတွက် များစွာဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ တစ်ချိန်တည်း၌ လိုင်ဇာရှိ ရက္ခိုင့်တပ်တော်၊ တပ်စခန်းတစ်ခုအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများနှင့် တစ်ပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံး ခဲ့ရပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ရက္ခိုင့်တပ်တော် AA အပါအဝင် ကိုးကန့်တပ်မတော် MNDAA နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့က ယမန်နေ့ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article