ရေးမြို့လယ်ခေါင်တွင် မတရားငွေကြေးကောက်ခံပြီး ဩဇာ၊ အာဏာ ပြနေသည့် မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဇော်နိုင်လင်း ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တံငါလုပ်ငန်းများထံမှ မတရားငွေကြေးကောက်ခံ ပြီး စစ်ကောင်စီယန္တရား ကြီးထွားစေရန် အခွန်ကောက် ပံ့ပိုးနေသော မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဇော်နိုင်လင်းကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ရေးမြို့လယ်ခေါင်၊ ရန်မျိုးအောင်ရပ်ကွက်၊ မြို့လယ်ကမ်းနားစျေး၊ ဖူးကော်ဖီဆိုင်တွင် ထိုင်နေသော မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ ငါးလုပ်ငန်းဦးစီးမှူးသည် စစ်ကောင်စီ ယန္တရား ကြီးထွားစေရန် အခွန်များ ကောက်ခံနေသည့်အပြင် ပြည်သူများ၏ ငါးဖမ်းလုပ်ငန်းနှင့် တံငါလုပ်ငန်းများကို ဩဇာ၊ အာဏာသုံး၍ ငွေကြေး ကောက်ခံခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ဆောင်နေကြောင်း၊ ပြည်သူများ၏ တိုင်ကြားချက်အရ ရှင်းလင်းခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။
“ဒီမနက် ၇ နာရီခွဲလောက်မှာ ရေးမြို့းနယ်ရဲ့ ရေပိုင်နက်တော်တော်များများမှာ လုပ်ပိုင်ခွင့်ရထားတဲ့ ငါးဦးစီးမှူး ကို ရှင်းလင်းလိုက်တယ်။ ဒေသပြည်သူတွေရဲ့ တိုင်ကြားချက်အရ ပင်လယ်ငါးဖမ်းသမားတွေ၊ လှေသမားတွေအပေါ်မှာ မတရား ငွေကောက်တယ်။ စစ်ကောင်စီရဲ့ ယန္တရားတွေ ကြီးထွားအောင် အဓိက ဆောင်ရွက်ပေးတယ်။ ဩဇာ အာဏာ အရမ်းသုံးတယ်။ ဒေသတော်တော်များများရဲ့ ငါးဖမ်းလှေငယ်လေးတွေအပေါ်မှာ မတရားဩဇာသုံးပြီး ပိတ်ပင်မှုတွေ လုပ်တယ်။ ဒါကြောင့် ဒီမနက် ရေးမြို့ ရန်မျိုးအောင် ရပ်ကွက် မြို့လယ်ကမ်းနားစျေး ဖူးကော်ဖီဆိုင်မှာ ပစ်ခတ်ရှင်းလင်းလိုက်ပါတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ရေးမြို့လယ်ခေါင်နှင့် ရပ်ကွက်များကို ပိတ်ဆို့ စစ်ဆေးနေပြီး မြို့အဝင်အထွက်များကိုလည်း လုံခြုံရေးတင်းကျပ် ထားကြောင်း သိရှိရသည်။