ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်သား ၅ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၁၈
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် ပဲနွယ်ကုန်း ကျောက်ကြီးလမ်းဘေးရှိ အကြမ်းဖက် စစ်တပ်အထိုင်ချ တပ်စွဲထားသော သနီးကောင်းရွာကို တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း ဂွေးကုန်းရွာနှင့် ထိန်တောရွာ အကြားလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကျေးရွာများအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ အခုထိ လှမ်းထုနေတုန်း ဂွေးကုန်းရွာကို ။ ခုထုနေပြီဗျ။ လက်နက်ကြီးတွေနဲ့ညကတည်းက ပစ်တာဗျ။ ညက လက်နက်ကြီး ၃ လုံးထုတာ။ ရွာက စာသင်ကျောင်းကို တစ်လုံး၊ ဂိတ်နားက အိမ်ကို တစ်လုံးကျတယ်။ လူတွေ ထိကုန်တယ်။ အခုလည်း အစောက ၁၀ မိနစ်တိုက်ပွဲဖြစ်တော့ လှမ်းထုနေပြီဗျ။ အဲဒါ သူတို့ သောက်ကျင့်ပဲဗျ။ ညဘက်တော့ ပုံမှန်ထုတယ်။ မီးဖြတ်ပြီးကို ထုတာ။ ထုလို့ဝမှ မီးပြန်ပေးတယ်။ ဖုန်းလိုင်းတွေလည်း ပြန်ရတာ ၂ လပဲ ရှိသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။