ရွှေဘိုတွင် ကင်းလှည့်နေသော စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု ၁ ဦး သေဆုံး၊ ဆားတောင်မြို့အနီးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်နေသော အကြမ်းဖက် စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် ဆိုင်ကယ် ၅ စီးဖြင့် ကင်းလှည့်လာသော အကြမ်းဖက် စစ်သား ၈ ဦးကို ရွှေဘိုမြို့ကားကြီးကွင်းနှင့် ပြည်ရွှေသိင်္ဃ တည်းခိုခန်း အကြား အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးကို မိုင်း တစ်လုံး၊ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးကို မိုင်း ၁ လုံးပစ်ခဲ့တာ၊ နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကတော့ မထိဘူးထင်တယ်၊ ဆက်ပြီးမောင်းသွားတယ်၊ ၃ ယောက်စီးလာတဲ့ဆိုင်ကယ်ကတော့ ထိတယ်၊ တစ်ယောက်သေတယ်၊ နှစ်ယောက်ဒဏ်ရာရတယ်၊ မိုင်းပစ်တဲ့ ရဲဘော်ကို စစ်ခွေးတွေဘက်က ပြန်ပစ်လို့ ပေါင် ကျည်ထိဒဏ်ရာရခဲ့တယ်၊ သူ့ကို ကျန်တဲ့ ရဲဘော်တွေက ဆွဲထုတ်နိုင်ခဲ့လို့ စိုးရိမ်စရာမရှိတော့ပါဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊ တပ်ခွဲ ၁ Naungyoe Army၊ ရွှေဘိုကျားကြီး၊ တိုက်နယ် ၄ ပြည်သူ့ကာကွယ်ရေး ရွေ့လျားမိုင်းတပ်ဖွဲ့၊ ရှိမ်းမကားတိုက်နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့နှင့် Revolution Soliders အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့နှင့် အုန်းတောကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship –PAFD တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ မြောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး စစ်ကိုင်းမြို့ဘက်သို့ ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အုန်းတောကျေးရွာနှင့် ဆားတောင်မြို့ အကြား တစ်နေရာ အရောက်၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းအကြမ်းဖက်စစ်သားများမှာ စစ်ကိုင်းမြို့ဘက်ကို ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိဘဲ ကားလမ်းဘေးရှိ ကျေးရွာတစ်ရွာ၌ ဝင်ရောက်ခိုနားနေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ရဲဘော်များမှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှာ စစ်ကြောင်းများဖြန့်ခွဲ သွားလာလှုပ်ရှားနေသဖြင့် စွန့်စွန့်စား စား မိုင်းဆွဲတိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။