ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များ ထိခိုက်ပျက်စီး
ရန်ကုန်၊ အောက်တိုဘာ ၁၉
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၁ မိနစ်ခန့်တွင် ပိန်းဇလုပ်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ရွာသာရွာကျေးရွာ အတွင်း ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ရွှေကျင်မြို့နယ် ပျင်ရေကြီးကျေးရွာကိုလည်း ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၀ တပ်ရင်းက လက်နက်ကြီး ၃ လုံး ပစ်ခတ် ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့် တွင် ကျောက်ကြီးမြို့နယ်၊ ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ခရုကုန်းလယ်ကွင်း အတွင်းကို လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ပြီး ရေတွင်းကုန်းကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိမှန်ပျက်စီးပြီး နွား ၄ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ ညနေ ၆ နာရီ ၄၂ မိနစ်ခန့်တွင်လည်း ခမရ−၂၆၄ တပ်ရင်းက ထပ်မံပြီး တောင်ခင်းကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ည ၈ နာရီ ၃၀ မိနစ်တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ရွာသာယာကျေးရွာအတွင်းကို ၈၁ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။