29.6 C
Yangon

တန့်ဆည်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တည်းခိုးခန်း၊ ကားဂိတ်၊ ဘော်ဒါဆောင်နှင့် ကော်ဖီဆိုင်များကို မီးရှို့ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး

Must read

တန့်ဆည်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တည်းခိုးခန်း၊ ကားဂိတ်၊ ဘော်ဒါဆောင်နှင့် ကော်ဖီဆိုင်များကို မီးရှို့ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ်အဆောက်အအုံ ၅ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦး ကိုလည်း ဖမ်းဆီး‌ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အောက်တိုဘာလ၂၅ရက်နေ့ နံနက် ၈နာရီခန့်အချိန် ကန့်ဘလူမြို့နယ် ကာဘိုးရွာဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က တန့်ဆည်မြို့၊ မြို့မဈေးအနီးရှိ ရွှေဥယျာဉ်တည်းခိုခန်း၊ မိုးမြင့်စံတည်းခိုခန်း၊ သစ္စာဦးကားဂိတ်၊ မိုးသောက်ကြယ်ကဖေးဆိုင် နှင့် မြတ်ထူးချွန်ဘော်ဒါဆောင်တို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ မနက်၅နာရီလောက် မြို့မဈေးနားမှာ အသံမိုင်းသံကြားရတယ်။ ဘယ်သူမှတော့ ထိခိုက်မှုမရှိဘူး။ အဲ့မှာ ရွာတွေဘက်က ဈေးလာဝယ်တဲ့သူတွေ ပြန်ပြေးကြတာ။ မိုးလင်းလာတော့ မြို့ပေါ်ရောက်လာတဲ့စစ်ကြောင်းက အကြောင်းမဲ့ အိမ်တွေ၊ဆိုင်တွေကို လိုက်မီးရှို့တာပဲ။ ဘယ်သူမှအပြင်မထွက်ရဲတော့ အသေး စိတ်တော့ မသိရသေးဘူး။” ဟု တန့်ဆည်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နေအိမ်များကို မီးရှို့သော အကြမ်းဖက်စစ်တပ်က တန့်ဆည်မြို့မဈေးသစ်အတွင်းရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော အမျိုးသား ၅ ဦးနှင့် ပင်စောက် ကျောင်းတိုက်အတွင်းရှိ အမျိုးသား ၂ ဦးတို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်တွင် တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အခြေစိုက်ထားသော မြို့နယ်လဝကရုံး၊ ပညာရေးမှူးရုံး၊ တရားရုံးနှင့် ရွှေဒေါင်းမင်းဆီဆိုင်နေရာများကို PDFတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးပြီး လက်နက်၁၄လက် သိမ်းဆည်းရမိခဲ့သည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စစ်ကောင်စီအခြေစိုက်စခန်းများကို မြို့ပေါ်အထိ ဗျူဟာကျကျ တက်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကိုင်တပ်အချင်းချင်း ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ပြည်သူနေအိမ်များကို အငြိုးထား၍ မီးရှို့ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း PDFရှေ့တန်းရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းတွင် စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article