38 C
Yangon

ဘီးလင်းတွင် စစ်ကောင်စီက ကျေးရွာချင်းဆက်လမ်းကို ဖျက်ဆီးမှု ကျေးရွာ ၁၅ ရွာမှ ပြည်သူများ အခက်တွေ့

Must read

ဘီးလင်းတွင် စစ်ကောင်စီက ကျေးရွာချင်းဆက်လမ်းကို ဖျက်ဆီးမှု ကျေးရွာ ၁၅ ရွာမှ ပြည်သူများ အခက်တွေ့

ရန်ကုန်၊ အောက်တိုဘာ ၂၆

အကြမ်းဖက်စစ်ကောင်စီက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းကို ဖျက်ဆီးလိုက်သဖြင့် ကျေးရွာ ၁၅ ရွာမှ ပြည်သူများ သွားလာရေး

အခက်တွေ့နေရကြောင်း တပင်ရွှေထီးစစ်ကြောင်း၊ မွန်လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Rehmonnya နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် အမြောက်တပ် ၈ နှင့် အမြောက်တပ် ၉ ၊ တပ်ရင်း ၃၁၄ တို့က ဘီလင်းမြို့နယ်အတွင်းရှိ ဒေါက်ရပ်၊ ခဲမောက်နှင့် ရွှေရောင်ပြကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းကို အင်အား ၁၀၀ ဝန်းကျင်ဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း ၊ ကျေးရွာချင်းဆက်လမ်းကို ဖျက်ဆီးရာတွင် အရှည် ၁၅ ပေ၊ အနက် ၆ ပေ နှင့် အကျယ် ၆ ပေ ဝန်းကျင် ဖျက်ဆီးသွားခဲ့ကြောင်း၊ ထိုသို့ ဖျက်ဆီးလိုက်သည့်အတွက် ကျေးရွာ ၁၅ ခုမှ ပြည်သူများ သွားလာရေး ဒုက္ခရောက်နေရကြောင်း သိရှိရသည်။

“ရွှေရောင်ပြ၊ ခနောက်အင်း၊ မိကျောင်းအိုင် အဲဒီရွာတွေမှာရှိတဲ့ ပြည်သူတွေကတော့ ဆိုင်ကယ်ကိုပဲ အဓိက အားကိုးသွားလာနေရတာ။ လမ်းတွေကို ဖျက်ဆီးတော့ သွားလာမရတော့ဘူး။ နောက်ပြီး စစ်တပ်က အဲဒီဘက်တွေကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရွာမှာက စစ်ကြောင်းဝင်လာပြီးဆိုရင် ပြေးလိုက်၊ ပြီးတော့ ခဏ ပြန်ဝင်နေလိုက်၊ လက်နက်ကြီး ပစ်ရင် ပြေးလိုက် အဲဒီလိုဖြစ်နေတယ်။ အခြေအနေက စစ်တပ်ကလည်း စစ်ကြောင်းထိုးတဲ့အပြင် လမ်းတွေကိုပါ ဖျက်နေတယ်။ လမ်းမကြီးပေါ် ဘီးလင်းနဲ့ သထုံကြားမှာလည်း အဝင်အထွက် အရမ်းစစ်ပြီး ဖမ်းတာ ဆီးတာရှိတယ်။ ဆက်သွယ်ရေးနဲ့ ရိက္ခာ ဝယ်ဖို့တွေလည်း အရမ်းခက်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက လမ်းများကို လာရောက်ဖျက်ဆီးစဉ် လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ကြောင်း၊ လက်ရှိတါင် စစ်တပ်က ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှ လမ်းများကို ဖျက်ဆီးခဲ့ပြီးဖြစ် ကြောင်း ၊ စစ်တပ်က ဖြတ်လေးဖြတ် ပေါ်လစီဖြင့် အရပ်သား ပြည်သူများနေထိုင်သော ဒေသများကို ပိတ်ဆို့နေကြောင်း၊ ထို့ပြင် လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဘီးလင်းတွင် စစ်တပ်က ဖျက်ဆီးထားသော ဒေါက်ရပ်၊ ခဲမောက်နှင့် ရွှေရောင်ပြကျေးရွာချင်းဆက်လမ်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article