28 C
Yangon

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်ရေး ပြင်ဆင်မှုများ ယခင်ကထက် ပိုမိုများပြားလာနေဟု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ပြော

Must read

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်ရေး ပြင်ဆင်မှုများ ယခင်ကထက် ပိုမိုများပြားလာနေဟု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ပြော

ရန်ကုန်၊ နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်ရေး‌ပြင်ဆင်မှုများ ယခင်ကထက် ပိုမိုများပြားလာနေကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ယနေ့ ညနေပိုင်းတွင် တရားဝင် သတင်းထုတ်ပြန် အသိပေးသည်။

ရက္ခိုင့်တပ်တော် (AA) က ညီနောင်မဟာမိတ်များနှင့် မဟာမိတ်နယ်မြေများရှိ ရက္ခိုင့်တပ်တော် စစ်ကြောင်း လှုပ်ရှားရာ နယ်မြေများတွင် ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ ထီးချိုင့်၊ ကောလင်းမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ရက္ခိုင်ဒေသအတွင်း၌ လောလောဆယ် တိုက်ပွဲများမဖြစ်ပွားသေးသော်လည်း ရန်သူ့စစ်ရေး လှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်ကို တွေ့ရှိနေရကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

လတ်တလော စစ်ကောင်စီက ရခိုင်ဘက်တွင် စစ်ဆေးရေးတိုးချဲ့ခြင်းနှင့် ULA/AA တပ်ဖွဲ့ဝင်တို့အား ရှာဖွေမှုတို့ ပြုလုပ်လာမှုရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဖက်တွင် ရက္ခိုင့်တပ်တော်အပါအဝင် ကိုးကန့်၊ တအာင်းတပ်ဖွဲ့တို့က အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိနေပြီး ထိုသို့သော အခြေနေကြောင့် ရခိုင်ဖက်တွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်စစ်ရေး အခြေနေများ တင်းမာလျက်ရှိနေကြကြောင်း သိရှိရသည်။

ထိုအခြေနေများကြား ကျောက်ဖြူမြို့နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ AA နှင့်ပတ်သက်၍ မေးမြန်းခြင်း နေအိမ်များအား ဝင်ရောက်ရှာဖွေခြင်းစသည်တို့ရှိလာနေသည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ပြောသည်။

“မြို့ပေါ်မှာ အရပ်ဝတ်နဲ့ သေနတ်တွေကိုင်ပြီး သွားလာတာတွေ၊ အရပ်သားကားတွေနဲ့သွားတာတွေ ပြီးတော့ ညအချိန်မှ မြို့နဲ့နည်းနည်းလှမ်းတဲ့နေရာတွေမှာ လှုပ်ရှားကြတာတွေရှိလာတယ်။ နောက်ပြီး ဂုန်းချွန်၊ အုန်းတော၊ မလကျွန်း၊ ဇင်ချောင်းနဲ့ စနဲဖက်တွေမှာ AA နဲ့ဆက်စပ်သူတွေရှိလားဆိုပြီး မေးတာ၊ နေအိမ်တွေကို ဝင်ရှာတာတွေ လတ်တလော ဖြစ်လာနေတယ်” ဟုပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီမှ AA နှင့်ဆက်စပ်သူများအား ဝင်ရောက်ရှာဖွေမှုမှာ ကျောက်တော်မြို့နယ်ဖက်တွင်လည်း ပြုလုပ်နေပြီး ဖမ်းဆီးခံရမှု ရှိ၊ မရှိကိုမှု သီးခြားအတည် မပြုနိုင်သေးကြောင်း AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အမ်းမြို့နယ်ဖက်တို့တွင်လည်း စစ်ကောင်စီမှ ဘုတ်များဖြင့်သွားလာကာ ဒေသခံတို့၏ ဘုတ်၊ စက်လှေများအား ဖမ်းဆီးခြင်း စစ်ဆေးခြင်းတို့ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်မှုရှိခဲ့ပြီး မြို့တွင်းနေရာတစ်ချို့တွင်လည်း လုံခြုံရေးယူထားမှုတို့ရှိနေသည်ဟု အမ်းဒေသခံတစ်ဦးကဆိုသည်။

“ဦးဥတ္တမကုန်း၊ မြို့သစ်မြို့ဟောင်းဆက်လမ်းတွေမှာ လက်နက်အပြည့်အစုံနဲ့နေရာယူ‌တာတွေတော့ရှိတယ်။ နောက်ပိုင်း ဒီရက်ပိုင်းမှာ ကျောက်ဖြူမြို့နယ်ဖက်မှာရှိတဲ့ စစ်ကောင်စီနေဗီကနေ ဘုတ်တွေလွှတ်ပြီး အမ်းမြို့နယ် ဂဏန်းပြင်၊ သလူမော်ဖက်တွေမှာ ဘုတ်တွေကို ဖမ်းတာစစ်ဆေးတာတွေလုပ်ခဲ့တယ်။ AA တပ်တွေနေရာယူထား တဲ့ ဖက်တွေထိတောင်ရောက်ခဲ့တာတွေရှိပြီး နောက်ပိုင်းတော့ ပြန်ဆုတ်သွားကြတယ်” ဟုပြောသည်။

ရခိုင်တွင် ယခုလပိုင်းအတွင်း စစ်ကောင်စီဖက်မှ စစ်ရေးလှုပ်ရှားမှုနှင့် လက်နက်ရိက္ခာဖြည့်တင်းမှုတို့ ဆက်တိုက်ရှိခဲ့ပြီး မင်းပြားတိုင်းဗဟို(၉) နှင့် ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းတို့မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုတို့လည်းရှိခဲ့ကာ လတ်တလော စစ်ကောင်စီတပ်တို့ လှုပ်ရှားမှုပိုနေသည့်မြို့နယ်များမှာ ကျောက်တော်၊ အမ်းနှင့် ကျောက်ဖြူ မြို့တို့အပြင် တောင်ကုတ်၊ မြေပုံတို့လည်းပါဝင်နေကြောင်း သိရသည်။

လတ်တလော စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ နှစ်ဖက်စစ်ရေးအခြေနေများမှာ တင်းမာလျှက်ရှိပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့် အနေအထားတွင်ရှိနေသည်ဟု AA နှင့်နီးစပ်သူများနှင့် နိုင်ငံရေးလေ့လာ သူများကပြောဆိုကြသည်။

လက်ရှိ ရှမ်းမြောက်ပိုင်းတွင် ဖြစ်နေသည့်တိုက်ပွဲအခြေနေနှင့် ရခိုင်ဖက် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုအခြေနေများကြားတွင် ဖြစ်လာနိုင်သည့် အခြေနေနှင့်ပတ်သက်၍ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ယခုကဲ့သို့ပြောဆိုထားသည်။

“အေအေက ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တွေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးကို လုပ်ဆောင်နေတယ်။ အဲ့ဒီတော့ စစ်ကောင်စီက ရခိုင်ပြည်သူတွေကို ဒုက္ခပေး၊ နှိပ်စက်ပြီး လက်စားပြန်ချေလာနိုင်တယ်။ စစ်ကောင်စီဖက်ကစရင် ရခိုင်မှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးဂရုထားပြီး ရခိုင်ဖက်ဖြစ်လာနိုင်မယ့် စစ်ပွဲကိုလည်း သတိထားစောင့်ကြည့်ဖို့လိုတယ်” ဟုပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အပစ်ရပ်မှုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် လူသားချင်းစာနာထောက်ထားမှုအပစ်ရပ်ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ကြပြီး အဆိုပါအပစ်ရပ်မှုမှာ ပြည်သူများအတွက် ထိရောက်သည့် အပစ်ရပ်မှုမဖြစ်လာဟု နိုင်ငံရေးလေ့လာသူများကပြောဆိုထားကြသည်။

လက်ရှိ ရှမ်းပြည် မြောက်ပိုင်းတွင်ပြုလုပ်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး၏ ၉ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၀၆ ခု သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

(Western News နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနတို့ ပူးပေါင်းရေးသားထားပြီး သတင်းဌာနနှစ်ခုမှာ မဟာမိတ်များဖြစ်ကြသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article