29 C
Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး၊ ပါမောက္ခ မစ္စတာရှောင်တာနယ်နှင့်တွေ့ဆုံခြင်း (နိဂုံး)

Must read

“စစ်ကောင်စီ သက်ဆိုးရှည်လေ နိုင်ငံပျက်စီးလေပဲ။ စစ်တပ်ကို စောစောစီးစီးဖြုတ်မချနိုင်ရင် နိုင်ငံအတွက် စိုးရိမ်စရာရှိပါတယ်။ စစ်ကောင်စီ ဖျက်ဆီးတာက အခုတင် အတော်များနေပြီ။ လူထောင်ပေါင်းများစွာကို သတ်တယ်။ အဆောက် အအုံပေါင်းများစွာကို ဖျက်ဆီးတယ်။ အဆိုးဆုံးကတော့ စီးပွားရေးဘက်မှာ ယုံကြည်မှု ပျက်ပြားအောင် လုပ်လိုက်တာပဲ”

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး၊ ပါမောက္ခ မစ္စတာရှောင်တာနယ်နှင့်တွေ့ဆုံခြင်း (နိဂုံး)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မတရားအမှုဆင် ဖမ်းဆီး တရားစွဲထားချိန်တွင် သူ၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ကိုပါ စစ်ကောင်စီက အမှုတွဲအဖြစ် ဖမ်းဆီး ထိန်းသိမ်း မတရားထောင်ချခဲ့သည်။ ယင်းနောက် နိုင်ငံတကာဖိအားကြောင့် စစ်ကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည် လွှတ်ပေးခဲ့ရသည်။ ပါမောက္ခ မစ္စတာ ရှောင်တာနယ်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ NLD အစိုးရဟာ ကိုဗစ်ကြောင့် ထိခိုက်မှုတွေကို ကုစားဖို့ Covid-19 Economic Recovery Plan (CERP) ကို အကောင်အထည်ဖော်ခဲ့တယ်။ ပြီးတော့ NLDအစိုးရအဖွဲ့သစ်တက်လာတဲ့အခါ ဆက်လုပ်ဖို့ Myanmar Economic Recovery and Reform Plan (MERRP) ရေးဆွဲခဲ့တယ်။ ထုတ်ပြန်ဖို့ ရက်ပိုင်းအလိုမှာပဲ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ တကယ်လို့ MERRP ကိုသာ ဆက်လုပ်နိုင်ခဲ့မယ်ဆိုရင် ဘာအပြောင်းအလဲတွေဖြစ်လာနိုင်လဲ။

မစ္စတာရှောင်တာနယ်။ ။ MERRP အကြောင်း နည်းနည်းထပ်ဖြည့်ရရင် ခုနကပြောတဲ့ CERP ဆိုတာကတော့ ကာလတိုစီမံကိန်းပေါ့လေ။ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်ပေါ့‌။ အဲဒါက ကာလတိုကုစားရေးအစီအမံပါ။ ဒါပေမဲ့ မြန်မာ့စီးပွားရေးကဏ္ဍပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးစီမံကိန်း (MERRP) က အများကြီးပိုကောင်းတယ်။ ပိုပြည့်စုံတယ်။ ပြည်သူတွေရဲ့နစ်နာမှုတွေကို ကာလတိုအစီအမံတွေနဲ့ လျော့ပါးသက်သာစေမယ့်အပြင် ရေရှည်ပြုပြင်ပြောင်းလဲရေးအတွက်လည်း အကျိုးရှိစေမှာ။ အစိုးရဒုတိယသက်တမ်းစတာနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းဖြစ်လို့ အရင်စီမံကိန်းတွေထက် အရှိန် အဟုန်ကောင်းမယ်။

ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မယ်။ အစိုးရမှာလည်း ဘာလုပ်လို့ရတယ် ဘာလုပ်လို့မရဘူးဆိုတဲ့ ပထမသက်တမ်းက အတွေ့အကြုံတွေ ရှိနေပြီလေ။ ဒီတော့ ပထမသက်တမ်းမှာရခဲ့တဲ့ အသိပညာတွေ အတွေ့အကြုံတွေကိုအခြေခံပြီး ပိုကောင်းတဲ့စီမံကိန်းတစ်ခု ရေးဆွဲထားတာ။ ခုနကပြောသလိုပဲ ပြည်သူတွေက အနာဂတ်ကို စိတ်အားထက်သန်စွာနဲ့ ရင်ခုန်မျှော်လင့်နေကြတာလေ။ စစ်အာဏာသိမ်းမှုဟာ အရာရာတိုင်းကိုဖျက်ဆီးလိုက်ရုံတင်မကဘူး။ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကြီးကိုပါ ရိုက်ချိုးပစ်လိုက်တာ။

မေး။ ။ စစ်ကောင်စီအနေနဲ့ လစာတိုးတာ ငွေစက္ကူအသစ်ရိုက်တာစတဲ့ ငွေကြေးမူဝါဒတွေ ဘဏ္ဍာရေးမူဝါဒတွေ ကျင့်သုံးနေပေမယ့် ဒါတွေက ထိရောက်မှုမရှိဘူးဆိုတာ မြင်နေရပါတယ်။ စစ်ကောင်စီအနေနဲ့ ခုလို အကျပ်အတည်းဆိုက်နေတဲ့ကာလမှာ ဒီလိုနည်းနာတွေကို အသုံးပြုနေတဲ့အပေါ် မစ္စတာရှောင်တာနယ် ဘယ်လိုမြင်ပါသလဲ။

မစ္စတာရှောင်တာနယ်။ ။ သူတို့မှာ စီးပွားရေးအမြင်မရှိဘူးလေ။ သူတို့သိတာက စစ်ကောင်စီအနေနဲ့ တိုင်းပြည်ရဲ့သယံဇာတတွေ ကို ဘယ်လောက်ထုတ်ယူသုံးစွဲနိုင်မလဲဆိုတာပဲ။ စစ်ကောင်စီလုပ်နေတဲ့ စီးပွားရေးအစီအမံဆိုတာက ဂုတ်သွေးစုပ်ရုံသက်သက်ပဲ။ သူတို့ စစ်တိုက်ဖို့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ နိုင်ငံသားတွေရဲ့ချွေးနည်းစာတွေကို ရသလောက်ဂုတ်သွေးစုပ်ဖို့ကြိုးစားနေတာ။

သူတို့ချမှတ်တဲ့မူဝါဒတွေကိုကြည့်ပါ။ နိုင်ငံအကျိုးရှိမယ့်ကိစ္စ လုံးဝမပါဘူး။ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ဖို့မပါဘူး။လယ်သမား တွေအတွက်မပါဘူး။ ပညာရေးကဏ္ဍ ကျန်းမာရေးကဏ္ဍတွေမပါဘူး။ နှစ်ရှည်အရင်းအနှီးထူထောင်ရေးမပါဘူး။ ဘဏ်စနစ် မြန် ဆန် ထိရောက်ဖို့မပါဘူး။ ရေရှည်တိုးတက်မှုအတွက် အစီအမံတွေ အခြေခံအဆောက်အအုံ လျှပ်စစ်မီးရရှိရေးတွေ အဲဒါ တွေ အကုန်လုံးက နောက်တန်းမှာပဲရှိတယ်။

သူတို့က မြန်မာနိုင်ငံရဲ့ ရင်းမြစ်တွေအားလုံးကို စစ်တပ်အကျိုးအတွက်ပဲ ထုတ်ယူသုံးစွဲနေတာ။ ရတတ်သမျှနည်းလမ်းပေါင်းစုံကိုသုံးပြီး ပြည်သူတွေဆီကနေ တစ်နေ့မပြတ်ခေါင်းပုံဖြတ်နေတယ်ဆိုတာ အသိသာကြီးပါ။ နိုင်ငံခြားငွေ လဲလှယ်တာကိုပဲကြည့်လေ။ ဘယ်လောက်ကမောက်ကမနိုင်တဲ့ ညွှန်ကြားချက်တွေလဲလို့ ပို့ကုန်သမားတွေကို ပို့ကုန်ရငွေတွေ ချက်ချင်းအပ်ခိုင်းတယ်။

ပြည်သူတွေဆီက နိုင်ငံခြားငွေတွေကို အစိုးရဆီအပ်ခိုင်းတယ်။ စစ်ကောင်စီပေါ့လေ သူတို့ကအစိုးရမှမဟုတ်တာ။ ပြည်ပမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့လုပ်ခလစာတွေကို အတင်းအကျပ်ငွေလွှဲခိုင်းတယ်။ ဒါကလည်း အလုပ်သမားတွေရဲ့လုပ်ခကို သတ်မှတ်ငွေလဲနှုန်းနဲ့ လဲယူချင်လို့လုပ်တာပဲလေ။ ဒါတွေကို ကြည့်ရင် တစ်နိုင်ငံလုံးရဲ့ရင်းမြစ်တွေကို စစ်စရိတ်အတွက် အဓမ္မသိမ်းပိုက်နေတဲ့ ခေါင်းပုံဖြတ် အမြတ်ကြီးစား စစ်အာဏာရှင်လုပ်ရပ်ဆိုတာ သိသာပါတယ်။

မေး။ ။ ဒီအခြေအနေတွေအားလုံးက မြန်မာနိုင်ငံဟာ သဘာ၀သယံဇာတ ကျိန်စာသင့်နေပြီလို့ ပြောလို့ရပါသလား။

မစ္စတာရှောင်တာနယ်။ ။ သိပ်မှန်တာပေါ့။ မြန်မာနိုင်ငံအတွက် အဓိကနိုင်ငံခြားငွေရှာဖွေပေးတဲ့ ပြည်ပက လုပ်ခလစာတွေ သယံဇာတဝင်ငွေတွေ အဲဒါတွေအကုန်လုံးကို စစ်ကောင်စီက လက်ဝါးကြီး အုပ်လိုက်တာ။ အရင်အစိုးရလက်ထက်ကဆိုရင် ဒီဝင်ငွေတွေကို ကျန်းမာရေး ပညာရေးနဲ့ တခြားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပြောင်းလဲအသုံးချဖို့လုပ်ဆောင်ခဲ့တယ်။ ဒီလိုအကောင်အထည်ဖော်ချင်လို့လည်း MERRP နဲ့ တခြားစီမံကိန်းတွေကို ရေးဆွဲခဲ့တာပေါ့။

အခုတော့ အားလုံးရေစုန်မျောသွားပြီ။ ပြည်ပဝင်ငွေအကုန်လုံးနီးပါးက စစ်ကောင်စီဆီကိုပဲ တိုက်ရိုက်စီးဝင်သွားပြီ။ ဒီဝင်ငွေတွေကို ခဲယမ်းတွေ စစ်လေယာဉ်တွေ စစ်ယန္တရားတွေမောင်းနှင်ဖို့ ဓါတ်ဆီဖိုးတွေ အဲဒါတွေအတွက်ပဲ အသုံးချတော့မှာ။

မေး။ ။ မြန်မာပြည်ရဲ့ပြည်ပကြွေးမြီတိုးလာတာကို တွေ့ရတယ်။ ကြွေးမြီထောင်ချောက်ထဲ မိပြီး လက်ရှိအကျပ်အတည်းဆိုက်နေတဲ့မြန်မာနိုင်ငံကို ရုရှားနဲ့ တရုတ်ဆီကို ထိုးအပ်တဲ့အထိ ဖြစ်သွားနိုင်ပါသလား။

မစ္စတာရှောင်တာနယ်။ ။ ဖြစ်နိုင်တာပေါ့။ ဒါဟာသိပ်ကြောက်စရာကောင်းတဲ့အန္တရာယ်ပဲ။ စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံရဲ့ပြည်ပကြွေးမြီက နှစ်ဆဖြစ်သွားပြီ။ အရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရဟာ ပြီးပြည့်စုံတဲ့အစိုးရ မဟုတ်ပါဘူး။ တစ်ချိန်လုံးလိုလို ရုန်းကန်နေရတာပဲ။

ဘာပဲပြောပြော သူတို့မှာ ရှေ့ရေးအမြင်ရှိတယ်။ ကြွေးမြီကိစ္စနဲ့ပတ်သက်ရင် အင်မတန်မှကို သတိကြီးကြီးထားဆောင်ရွက်ခဲ့တယ်။ မြန်မာနိုင်ငံကို တရုတ် ဒါမှမဟုတ် ဘယ်နိုင်ငံရဲ့ ကြွေးမြီထောင်ချောက်ထဲကို မကျခဲ့အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဘယ်သူ့ကြွေးမြီ ထောင်ချောက်ထဲကိုမှ အရောက်မခံခဲ့ဘူး။ စီးပွားရေးအရ အမှီအခိုကင်းတဲ့နိုင်ငံဖြစ်အောင် ဆောင်ရွက်ခဲ့တာ။ ကျွန်တော်တို့အနေနဲ့ အရင်စစ်အစိုးရက တရုတ်နိုင်ငံနဲ့ချုပ်ဆိုခဲ့တဲ့ တချို့စာချုပ်တွေကို အလိမ္မာသုံးပြီးပြင်ဆင်ခဲ့ရတယ်။ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းအောက်က တချို့စီမံကိန်းတွေဆို မြန်မာနိုင်ငံ အကြွေးနွံထဲနစ်သွားနိုင်လောက်တဲ့အထိ ဆိုးတာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုပဲ့ကိုင်ရှင်တွေက တရုတ်နိုင်ငံနဲ့ ပြန်လည်ညှိနှိုင်းပြီး အများကြီးပိုကောင်းတဲ့စာချုပ်တွေအဖြစ် ပြင်ဆင်ချုပ်ဆိုနိုင်ခဲ့တယ်။ ကျွန်တော် မှတ်မိသလောက် ပြောရရင် ကျောက်ဖြူရေနက်ဆိပ်ကမ်း ရထားလမ်းနဲ့ ရေနံပိုက်လိုင်းစီမံကိန်းဆိုရင် မြန်မာနိုင်ငံမှာ အကြွေး ဒေါ်လာ ၁၀ ဘီလီယံလောက် တင်သွားနိုင်တာလေ။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးအဖွဲ့က တရုတ်နိုင်ငံကိုသွားပြီး ပြန်ညှိနှိုင်းလိုက်တော့ ကြွေးမြီတန်ဖိုးကို တစ်ဘီလီယံကျော်အထိ လျှော့ချလိုက်နိုင်တဲ့အတွက် ကိုးဆယ်ရာခိုင်နှုန်းကျော် သက်သာသွားခဲ့တယ်။

ဒါ့အပြင် သူတို့ကို ပိုင်ဆိုင်ခွင့်မပေးထားတဲ့အတွက် စီမံကိန်း မအောင်မြင်ခဲ့ရင်တောင်မှ မြေယာနဲ့ တခြားပိုင်ဆိုင်မှုတွေ တရုတ်ဆီကိုရောက်မသွားနိုင်တော့ဘူး။သီရိလင်္ကာလို မဖြစ်နိုင်တော့ဘူး။ သူတို့ဆီကနေသင်ခန်းစာယူပြီး စာချုပ်ကို ပါးပါးနပ်နပ်ပြန်ပြင်ခဲ့တာ အခုတော့ အားလုံးပျက်စီးသွားပြီ။ အရင်အစိုးရလက်ထက်ကချုပ်ဆိုခဲ့တဲ့ နိုင်ငံအတွက် အများကြီး ပိုကောင်းတဲ့စာချုပ်တွေကို ချောင်ထိုးထားလိုက်ပြီ။ စစ်ကောင်စီ အခု တခြားရွေးချယ်စရာလည်း မရှိဘူး။ သူတို့မှာ မိတ်ဆွေနိုင်ငံလည်းမရှိဘူး။ ဘယ်သူမှလည်း ဒီကိုလာပြီး ရင်းနှီးမြှုပ်နှံမှာမဟုတ်ဘူး။

တရုတ်လို ရုရှားလို နိုင်ငံတွေရဲ့ လက်ခုပ်ထဲကနေဖြစ်သွားရင်တော့ ကြွေးမြီတွေက မိုးထိအောင် ထိုးတက်သွားဖို့ပဲရှိတယ်။ စီးပွားရေးအရအမှီအခိုကင်းဖို့ဆိုတာလည်း ရေစုန်မျောသွားပြီ။

မေး။ ။ အာဏာသိမ်းပြီးကတည်းက အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေက စစ်ကောင်စီအပေါ်မှာ အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်။ အခုလည်း လုပ်နေဆဲပဲ။ ဆရာ့အနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့ ဘယ်လိုအရေးယူ ပိတ်ဆို့မှုတွေ ထပ်ပြီး ပြုလုပ်သင့်တယ်လို့ ထင်ပါသလဲ။ ဥပမာ မြန်မာရေနံနဲ့ဓါတုလုပ်ငန်း (MOGE) တို့လို နိုင်ငံပိုင် လုပ်ငန်းတွေကို ပိတ်ဆို့တာမျိုးကို ထပ်ပြီး လုပ်သင့်သလား။

မစ္စတာရှောင်တာနယ်။ ။ အရေးကြီးဆုံး လုပ်ရမယ့်ဒဏ်ခတ်ပိတ်ဆို့မှုကတော့ စစ်ကောင်စီဆီကို ရင်းမြစ် တွေ မရောက်အောင် ပိတ်ပင်တာပါ။ အရင်က လုပ်ခဲ့တဲ့ ဒဏ်ခတ်ပို့ဆို့မှုဆိုတာ အချက်ပြတဲ့သဘောပါ။ ဒီအစိုးရကမကောင်းဘူးဆိုတာကို နိုင်ငံတကာအသိုင်းအဝန်းက အသိအမှတ်ပြုလိုက်တယ် ဆိုတာမျိုးပေါ့။ လက်ရှိမှာ အရေးတကြီးလုပ်ဖို့လိုနေတာက အချက်ပြတာမျိုးမဟုတ်ဘဲ သူတို့ရဲ့လူမဆန်မှုတွေ ရပ်တန့်သွားအောင် အရင်းအမြစ်တွေကနေ ဝင်ငွေစီးဆင်းမှုကို ဖြတ်တောက်ပစ်ဖို့ပါ။

ဒါကြောင့် အမေရိကန်က ငွေကြေးပိတ်ဆို့မှုအဖြစ် နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုဘဏ်တွေကိုဒဏ်ခတ်ပိတ်ဆို့တာနဲ့ လေယာဉ်ဆီ စတဲ့ အရေးပါတဲ့တင်သွင်းမှုတွေကို ပိတ်ပင်တဲ့ဥပဒေကို

ထုတ်ပြန် လိုက်တာမျိုးဟာ သိပ်အရေးပါတယ်လို့ပြောရတာပါ။ ဒီလိုငွေကြေးစီးဆင်းမှုကို ဖြတ်တောက်နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ မေးခွန်းထဲမှာပါတဲ့ မြန်မာရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ဆိုရင် စစ်ကောင်စီစစ်တိုက်နိုင်ဖို့ နိုင်ငံခြားငွေ ရှာဖွေပေးတဲ့လုပ်ငန်းဖြစ်လို့ ဒဏ်ခတ်ပိတ်ဆို့ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။

အချုပ်ပြောရရင် ဘဏ္ဍာရေးကဏ္ဍကို ပိတ်ဆို့ဖို့နဲ့ သယံဇာတဝင်ငွေတွေ စစ်ကောင်စီဆီ မရောက်အောင် တားဆီးဖို့က အရေးကြီးတယ်လို့ယူဆပါတယ်။ ဒီလိုလုပ်ခြင်းဟာ နည်းလမ်းနှစ်သွယ် ထိရောက်မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒီပိတ်ဆို့မှုဟာ စစ်ကောင်စီရဲ့ စစ်ရေးစွမ်းရည်ကို ကန့်သတ်နိုင်မှာဖြစ်ပါတယ်။ ဒါဟာအရေးကြီးဆုံးလည်း ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ဒီလို ဘဏ္ဍာရေးကဏ္ဍပိတ်ဆို့မှုနဲ့ သယံဇာတဝင်ငွေတွေ ပိတ်ဆို့မှုတွေကြောင့် မရည်ရွယ်ဘဲ ဖြစ်ပေါ်နိုင်တဲ့ အနုတ်သဘောဆောင်တဲ့ သက်ရောက်မှု နည်းပါးတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာက ဘဏ်စနစ်ကို လက်လှမ်းမမီတဲ့ပြည်သူတွေ အများကြီးရှိနေတယ်။ ကော်ပိုရေးရှင်းကြီးတွေ ရေနံဝင်ငွေတွေနဲ့ ဘယ်လိုမှ မပတ်သက်သူတွေ အများကြီးရှိတယ်။

သူ့ရဲ့ကောင်းကွက်တစ်ခုက သာမန်လူတန်းစားကို ထိခိုက်မှုနည်းတာပါ။ မထိခိုက်သလောက်ပဲလို့တောင် ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းကိုရွေးဖို့ ဇောင်းပေးပြီး တိုက်တွန်းနေရတာပါ။ အမေရိကန်က မူဝါဒသိပ်ကောင်းတယ်။ သူတို့ပဲ ထိပ်ဆုံးက ဦးဆောင်နေတာ။ ကျွန်တော်က တခြားနိုင်ငံတွေကိုလည်း အမေရိကန်လမ်းစဉ်ကိုလိုက်ပြီး ဟာကွက်မရှိအောင်ပိတ်ဆို့စေချင်တာပါ။ အမေရိကန်နဲ့ တခြားနိုင်ငံတွေအနေနဲ့လည်း ရှေ့ဆက်ပြီး ပိတ်ဆို့ရမှာတွေ ရှိနေပါသေးတယ်။ ကျွန်တော်ကတော့ မပါဝင်သေးတဲ့နိုင်ငံတွေကပါစစ်ကောင်စီဆီကို အရင်းအမြစ်တွေမရောက်ဖို့ လက်တွဲပါဝင်ကြစေချင်ပါတယ်။

မေး။ ။ ၁၉၈၈ နှောင်းပိုင်းကာလတွေမှာ ကုန်သွယ်မှုအထူးအခွင့်အရေးကို ပိတ်ပင်တာမျိုးလို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တယ်။ အခုတော့ ဘဏ္ဍာရေးကဏ္ဍနဲ့ သယံဇာတပိုင်းကို အဓိကထားပြီး အရေးယူလာတာလား။

မစ္စတာရှောင်တာနယ်။ ။ မှန်ပါတယ်။ ပြည်ပကနေ လက်နက်ခဲယမ်းဝယ်ယူရေးအတွက်သုံးစွဲနေတဲ့ နိုင်ငံခြားငွေဝင်ပေါက်ကိုပိတ်ဆို့ဖို့က အင်မတန်အရေးကြီးပါတယ်။ ဒါကို မျက်ခြည်မပြတ်ဖို့ အရေးကြီးပါတယ်။ တခြားဒဏ်ခတ်ပိတ်ဆို့မှုတွေကလည်း သူ့နေရာနဲ့ သူအသုံးဝင်ပါတယ် ဒါက သီးခြားဆွေးနွေးရမယ့်ကိစ္စပါ။ ကျွန်တော်ကတော့ ဘဏ္ဍာငွေစီးဆင်းမှုကို အဓိကထားပြီး

ပိတ်ဆို့သင့်တယ်လို့ မြင်ပါတယ်။

မေး။ ။ ပြည်သူအားလုံးက စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ပြီး ဖြုတ်ချရမယ်လို့ ယုံကြည်နေကြချိန်မှာ စစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းပြီး နိုင်ငံရေးအရအဖြေရှာနိုင်မယ်လို့ ယူဆနေသူတွေလည်း ရှိနေပါတယ်။ မစ္စတာရှောင်တာနယ် အမြင်ကကော ဘယ်လိုရှိပါသလဲ။ စစ်ကောင်စီကို နိုင်ငံရေးစင်မြင့်ထက်ကဖယ်ထုတ်ဖို့ ဘယ်နည်းလမ်းက လက်တွေ့ကျမယ်လို့ ယူဆပါသလဲ။

မစ္စတာရှောင်တာနယ်။ ။ စစ်ကောင်စီမှာ တွေ့ဆုံဆွေးနွေးချင်စိတ်ရှိရင် ကျွန်တော်တို့မြင်ရမှာပေါ့။အခု ဘာမှမရှိဘူးလေ။ အရိပ်အမြွတ်တောင် မမြင်ရဘူး။ လက်ရှိစစ်အစိုးရက ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တဲ့ အခြေခံစံနှုန်းနဲ့တောင် ကိုက်ညီတာမဟုတ်ဘူး။ သူတို့က အာဆီယံနဲ့တောင် မဆွေးနွေးဘူးလေ။ အာဆီယံကို မခန့်လေးစားလုပ်နေတာပဲ။ အာဆီယံရဲ့လိုလားချက်ဖြစ်တဲ့ အာဆီယံ မူ ၅ ချက်ကိုလည်း ဂရုမှမစိုက်တာ။ သူတို့က အားလုံးကို ဒီအတိုင်းပဲ ဆက်ဆံတာ။ နိုင်ငံတကာကို လုံးဝဂရုမစိုက်ဘူး။ မြန်မာနိုင်ငံကို ကမ္ဘာနဲ့အဆက်ဖြတ်ပြီး အရင်လိုပုံစံပြန်ဖြစ်စေချင်တာ။

သူတို့ကမှမလိုလားတာ။ မလိုလားတဲ့သူနဲ့ ဘယ်လိုဆွေးနွေးမလဲ။ ဆွေးနွေးအဖြေရှာချင်တဲ့သူတွေကို တစ်ခုပဲမှာချင်တယ်။ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို မြင်အောင်ကြည့်ပါ။ သူတို့က ခင်ဗျားတို့ရဲ့ ဆွေးနွေးဘက်မဟုတ်ဘူး။

မေး။ ။ မစ္စတာရှောင်တာနယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ရှေ့ရေးကို ဘယ်လိုမျှော်တွေးထားပါသလဲ။ အာဏာသိမ်းအလွန်ကာလအတွက်ပေါ့။ စစ်တပ်ရဲ့ အခန်းကဏ္ဍမပါတဲ့ မြန်မာနိုင်ငံရဲ့အနာဂတ်မှာ ဘယ်လိုပုံစံနဲ့ ပါဝင်ဆောင်ရွက်ဖို့ရှိပါသလဲ။

မစ္စတာရှောင်တာနယ်။ ။ အနာဂတ်နဲ့ပတ်သက်ရင်တော့ ကျွန်တော့်မှာ လုံးဝခြားနားတဲ့ အမြင်နှစ်ခု ရှိပါတယ်။ စစ်တပ်ကို စောစောစီးစီးဖြုတ်မချနိုင်ရင် နိုင်ငံအတွက် စိုးရိမ်စရာရှိပါတယ်။ စစ်ကောင်စီ ဖျက်ဆီးတာက အခုတင်အတော်များနေပြီ။ လူထောင်ပေါင်းများစွာကို သတ်တယ်။ အဆောက်အအုံပေါင်းများစွာကို ဖျက်ဆီးတယ်။ အဆိုးဆုံးကတော့ စီးပွားရေးဘက်မှာ

ယုံကြည်မှုပျက်ပြားအောင် လုပ်လိုက်တာပဲ။ စီးပွားရေးက ယုံကြည်မှုနဲ့ တည်ဆောက်ရတာပါ။

ရင်းနှီးမြှုပ်နှံသူတွေကို ဘာလိုအပ်လဲလို့ မေးကြည့်ပါ။ သူတို့လိုလားတာ သေချာမှု ၊ တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာတဲ့ပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေ ယုံကြည်ရတဲ့အစိုးရစနစ်၊ တည်ငြိမ်တဲ့ ဘဏ်စနစ် စိတ်ချရတဲ့ငွေကြေးစနစ် လို့ပြောပါလိမ့်မယ်။ ဒီထဲကတစ်ခုခုကို ပစ်ပယ်ထားလိုက်ရင် ပြုပြင်လို့ ရနိုင်တယ်ဆိုပေမယ့် တိုင်းပြည်စီးပွားရေးကို စစ်တပ်က မောင်းနှင်နေပြီး တိုင်းပြည်ကလည်း မြောင်းထဲကိုရောက်နေတော့ အတော်ကြီးကိုကြိုးစားပြီး နှစ်ရှည်လများပြုပြင်ရမှာ။ ပညာရေးကဏ္ဍကိုပဲကြည့် ဘယ်လောက်ပျက်စီးသွားပြီလဲ။ ပညာရေးအခွင့်အလမ်းတွေကို ငြင်းပယ်နေတဲ့သူတွေ အများကြီးပဲလေ။ မြန်မာနိုင်ငံမှာ အလုပ်လုပ်ခဲ့တဲ့ကာလမှာ အကျေနပ်ဆုံးအချက်တစ်ခုက သိပ်ထက်မြက်တဲ့လူငယ်တွေနဲ့ လက်တွဲပြီးအလုပ်လုပ်ရတာကိုပဲ။

ဖွံ့ဖြိုးရေးသိပ္ပံတွေမှာရော တခြားဘယ်နေရာမှာမဆို လူငယ်တွေဟာ စိတ်အားထက်သန်တယ် ထက်မြက်တယ်။ နားလည်လွယ်တယ် တကယ့်ကိုတက်ကြွနေတာ။ အခုဆို အငြင်းပယ်ခံတွေအဖြစ်နဲ့ ကိုယ့်နိုင်ငံထဲကနေ ထွက်ပြေးတိမ်းရှောင်ပြီး စစ်ကောင်စီကို တော်လှန်နေရပြီ။ တကယ့်ကို မတွေးရဲစရာအဖြစ်တွေပါ။ အချုပ်ပြောရရင် တိုင်းပြည်က အကြီးအကျယ်ပျက်စီးနေပြီ

ပြုပြင်လို့တော့ရနိုင်သေးတယ်။ မြန်မာနိုင်ငံသားတွေကို ကျွန်တော်ယုံကြည်တယ်။

သူတို့ရဲ့ သတ္တိနဲ့ စိတ်အားထက်သန်မှုတွေကြောင့် အရင်လိုပြန်ဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ စစ်ကောင်စီသက်ဆိုးရှည်လေ နိုင်ငံပျက်စီးလေပဲ။ အဲဒါကို ကျွန်တော်စိုးရိမ်တယ်။ ကျွန်တော်တို့ ရှေ့ပိုင်းမှာပြောခဲ့သလိုပေါ့။ ရင်းမြစ်တွေကို သူတို့ဆီမရောက်အောင် မပိတ်ပင်နိုင်ရင် စစ်အာဏာသက်ဆိုးရှည်ဖို့ အထောက်အပံ့ရသွားပြီး လေပေါ်ကနေ လူသတ်တာတွေ ဆက်လုပ်လိမ့်မယ်။ မြေပြင်အခြေအနေကိုကြည့်လေ။ သူတို့က ခြေတစ်လှမ်းနောက်ကျနေတာပဲ။

တပ်သားတွေလည်း စိတ်ဓါတ်ပျက်ပြားနေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ရင်လည်း ရှုံးနေတာပဲ။ သူတို့ရဲ့ လေကြောင်းစိုးမိုးမှုကြောင့်ခက်နေတာ။ နေရာအများစုကိုပေါ့လေ။ ဒီအတွက် ဘဏ္ဍာငွေတောင့်တင်းဖို့လိုတယ်။ လေတပ်ကို ကျောထောက် နောက်ခံလုပ်ပေးနိုင်တဲ့ စက်မှုလုပ်ငန်းတွေ မြန်မာပြည်မှာမရှိဘူးလေ။ ဒီတော့ စစ်တပ်ကရနိုင်တဲ့ ဘဏ္ဍာငွေရင်းမြစ်ကိစ္စကိုပဲ ပြန်ပြောရမှာပဲ။ သူတို့သာ လက်ရှိအတိုင်း အာဏာကို အချိန်အကြာကြီး ဆုပ်ကိုင်ထားနိုင်ခဲ့ရင် သူတို့နိုင်မယ် လို့ ဆိုလိုတာမဟုတ်ဘူးနော်။ သူတို့ကို ဘယ်နိုင်စေချင်ပါ့မလဲ။

တိုင်းပြည်ကို နေ့စဉ်နဲ့အမျှ ဒုက္ခတွေ တစ်ခုပြီးတစ်ခုပေးပြီး ထိန်းထားမှာကိုတော့ စိုးရိမ်တယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အားတက်စရာလည်းရှိပါတယ်။ ကျွန်တော်တို့အတွေ့အကြုံအရ ပြည်သူတွေမှာ လုပ်ရည်ကိုင်ရည် ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်တာတစ်ခုက စစ်ကောင်စီ အာဏာတည်မြဲနေလေလေ သူတို့တည်မြဲဖို့အရင်းအမြစ်တွေ ရယူနိုင်လေလေပဲ။ တိုင်းပြည်က ဖွတ်သထက်ညစ်ဖို့ပဲရှိတယ်။ ကောင်းကွက်ရှိသလို ဆိုးကွက်လည်းရှိပါတယ်။ ဖြစ်လာမယ့်အခြေအနေပေါ်မှာ မူတည်တာပေါ့။ ကျွန်တော့်အတွေ့အကြုံကိုမူတည်ပြီး ပြောရရင်တော့ မြန်မာပြည်သူတွေက ကျွန်တော့်ကျေးဇူးရှင်တွေပါ။ ကျွန်တော့်အပေါ်ထားတဲ့ မေတ္တာတွေ ကရုဏာတွေအရပေါ့လေ။ ကျွန်တော့်အနေနဲ့ ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ကြိုးစားကူညီသွားမှာပါ။

နေ့ကောင်းရက်သာတစ်နေ့ကျရင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရပြီး စစ်ကောင်စီ ကျဆုံးသွားပါလိမ့်မယ်။ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ဖို့ လူ့စွမ်းအားရင်းမြစ်တွေ အလုံအလောက်ရှိပြီးသားပါ။ ကျွန်တော်တို့လိုလူတွေ မလိုပါဘူး။ ကျွန်တော်တို့ကတော့ စေတနာဗရပွနဲ့ တအားကို ကူညီချင်နေတာပေါ့လေ။ ကျွန်တော် လုံးဝသံသယမရှိပါဘူး။ ကျွန်တော် မြန်မာနိုင်ငံမှာ အလုပ်လုပ်ခဲ့တုန်းက နေ့တိုင်းမြင်တွေ့နေရတဲ့ ပညာတတ်လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးကို တွန်းတင်ပေးနိုင်စွမ်းရှိတယ်။ အကုန်ပြည့်စုံပြီးသားနော်။ ပြန်ပြောရရင် MERRP စီမံကိန်း ဆောင်ရွက်ခဲ့တုန်းကဆို သူတို့မှာ စိတ်ကူးစိတ်သန်းတွေရှိပြီးသား အားလုံးအဆင်သင့်ပဲ။

ဒီစီမံကိန်းက ကိုဗစ်အလွန်အခြေအနေကို မျှော်မှန်းပြီးဆောင်ရွက်တာဖြစ်လို့ ခပ်ညံ့ညံ့စီမံကိန်းမဟုတ်ဘူး။ အဆင်ပြေလာမယ့်နေ့အတွက် မျှော်မှန်းပြီးလုပ်ခဲ့တာ။ ရုန်းကန်ရမယ်ဆိုတာ တွက်ထားပြီးသားလေ။ ခုတော့ ဒါတွေက ပြီးဆုံးသွားပါပြီ။ ကျွန်တော့်အမြင်ကတော့ လူသားရင်းမြစ်တွေ ပညာရင်းမြစ်တွေ အားလုံးရှိပြီးသားပါ။ အဲဒီ့အချိန်ကျရင် နိုင်ငံတကာကလည်း လိုအပ်တဲ့အကူအညီတွေ ပေးကြမှာပါ။ တကယ်တမ်းက သိပ်တောင်မလိုဘူးထင်တယ်။ သူတို့ကို လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့် ပေးဖို့ပဲလိုတာ။ တိုင်းပြည်ကို ရှိသင့်ရှိထိုက်တဲ့နေရာမှန်ကိုပြန်ပို့ဖို့ လူငယ်ထုမှာ အင်အားရှိပြီးသားပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article