28 C
Yangon

CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ နှင့်တွေ့ဆုံမေးမြန်းခြင်း

Must read

“အောင်ပွဲရဖို့ကတော့ အတော်လေး အရင်ကထက် နီးလာပါပြီ။ စစ်ကောင်စီကို အပြုတ် တိုက်ဖို့ဆို မြို့ပေါ်တက်ပြီး တော့မှ မြို့သိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲ မဟုတ်ရင် တောင်မှ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားမလည်ပတ်နိုင်အောင် အဲဒီလို တစ်ဆင့်ချင်း လုပ်သွားဖို့ လိုပါလိမ့်မယ်”

CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ နှင့်တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းတွေ မြို့တွေကို ဆက်တိုက်သိ မ်းယူနေသလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချင်းတော်လှန်ရေး တပ်ဖွဲ့တွေက ပထမဆုံး ရိဒ်ခေါဒါရ်မြို့ကို ပထမဆုံးတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

အဲဒီသိမ်းပိုက်ထားတဲ့ ရိဒ်ခေါဒါရ်မြို့မှာ ပြည်သူ့ အုပ်ချုပ် ရေး တွေ စတင်တော့မယ့်အကြောင်းတွေနဲ့ နယ်စပ်ကုန် သွယ်ရေးမြို့ဖြစ်တာနဲ့အညီ အိန္ဒိယဘက်ခြမ်းရှိ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးအခြေအနေတွေ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ အခြေအနေတွေနဲ့ နောက်မြို့သိမ်းတိုက်ပွဲတွေလာတော့မလားဆိုတာ ကိုသိရအောင် CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ရိဒ်ခေါဒါရ်မြို့မှာ အုပ်ချုပ်ရေးတွေ စပြီလား ဘယ်လိုအခြေအနေတွေ ရှိနေလဲ။

ဖြေ။ ။ အမှတ် ၂ အိန္ဒိယ- မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်ပြီးတော့ အခု တစ်မြို့လုံးကို ထိန်းချုပ်တဲ့ အနေအထားမှာရှိတယ်။ အခု ၂ ရက်ပဲ ရှိသေးတယ်ပေါ့ အဲဒီမှာ ။ အခုက ကျနော်တို့က စစ်ဘေးရှောင်တွေ ကိစ္စ၊ မြို့ထဲ မိုင်းရှင်းလင်းရေးတွေ ကိစ္စ။ အဲဒါတွေ ကျနော်တို့ ဖိဖိစီးစီး လုပ်နေတာ။ တစ်ဖက်မှာ ကျနော်တို့ စစ်ကောင်စီဘက်က စစ်ကူတွေ လာနိုင်တဲ့ လမ်းကြောင်းတွေက အစ အဲဒီလုံခြုံရေးတွေ လုပ်နေတယ်။

အခုက မကြာခင်မှာ ဖြစ်နိုင်ရင်တော့ အုပ်ချုပ်ရေးကို တစ်ခါတည်း ကျွန်တော်တို့ CNF/ CNA ရယ် အဲဒီမှာ ဒေသခံရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ အဲဒီမှာ ရှိတဲ့ ကျွန်တော်တို့နဲ့ အတူတူတိုက်ပွဲဝင်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ သူတို့တွေနဲ့ ချိတ်ဆက်ပြီးတော့ အုပ်ချုပ်ရေး။ အဓိကကတော့ အုပ်ချုပ်ရေးဆိုတာ မြို့ထဲက ပြဿနာတွေ စပြီးတော့ ဖြေရှင်းနိုင်ဖို့ အဲဒါတွေ စပြီးတော့ အခု ဒီစစ်ကောင်စီလက်ထဲမှာ သူတို့ အုပ်ချုပ်ရေး ယန္တရား ရုံးတွေ ဘာတွေက အစ ကျွန်တော်တို့ ပြန်လည် အသုံးပြုပြီးတော့ အဲဒီလို ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။

မေး ။ ။ နယ်စပ်မြို့ဖြစ်တော့ တစ်ဖက်နိုင်ငံနဲ့ကရော ဘယ်လိုဆက်သွယ်လာတာ ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဒီ ဗဟိုနဲ့ဆိုရင်တော့ တစ်ပိုင်းထား၊ ဒီ နယ်စပ်ဂိတ်တွေ အဲဒီမှာ လုံခြုံရေးယူနေတဲ့ ပြည်နယ်ရဲတွေ၊ ပြည်နယ်တပ်ဖွဲ့တွေ အဓိကကတော့ အိန္ဒိယတပ်မတော် ပေါ့ ။ အိန္ဒိယတပ်မတော်က ဗဟိုတပ်ဖွဲ့လို့ ပြောလို့ရတယ် နယ်စပ်တပ်ကို စောင့်ရှောက်တဲ့ စစ်တပ်တွေပေါ့ ။ သူတို့နဲ့ကတော့ ဒေသတွင်းမှာတော့ ဆက်ဆံရေးက အနည်းနဲ့ အများ အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်ဆိုတာ အဓိကကတော့ သူတို့ ထိန်းချုပ်ချင်တာ မူးယစ်ဆေးဝါး။ အဲဒါတွေကတော့ ကျွန်တော်တို့နဲ့ ပူးတွဲဆောင်ရွက်မှုတွေ ကောင်းကောင်း ကျွန်တော်တို့ လုပ်ထားပါတယ်။

ဒါပေမဲ့ အဲဒီနယ်စပ်ဂိတ်ကျတော့လည်း ကျွန်တော်တို့က ဟိုဘက်ကမ်းမှာ သူတို့ရှိသလို ဒီဘက်ကမ်းမှာ ကျွန်တော်တို့ရှိတယ်။ ဆိုတော့ အဲဒီနယ်စပ်ဂိတ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့နဲ့ သူနဲ့ ဘာမှ ပြဿနာတွေ ဘာတွေ သိပ်တော့ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ နဂိုအတိုင်းပဲ အဲဒီလို ပြန်သွားမှာပါပဲ။ အခုလည်း နဂိုအတိုင်းဆိုတဲ့နေရာမှာ စစ်ကောင်စီက အဲဒီဂိတ်တွေက အစကတည်းကိုက သိပ်ပြီးတော့ ထိန်းချုပ်နိုင်တာမျိုး လုံခြုံရေးသတိနဲ့ လုပ်နေတဲ့ အနေအထားတွေ ရှိတယ်။ ကျွန်တော်တို့နဲ့ ဆိုရင်လည်း ဘာမှ ပြဿနာတွေ သိပ်ပြီးတော့ မရှိလောက်ဘူးလို့ ကျွန်တော်တို့ အဲဒီလိုပဲ မြင်ပါတယ်။ ဟုတ်ကဲ့။

မေး။ ။ မြို့သိမ်းလိုက်တာဟာ ဘယ်လောက်ထိ ရိုက်ခတ်မှုရှိလဲ။ ဘယ်အတိုင်းအတာထိ သွားမလဲ။

ဖြေ။ ။ ဟုတ်ကဲ့ အဓိကကတော့ ဒီ နွေဦး တော်လှန်ရေး ၂ နှစ်ကျော်မှာ စစ်ကောင်စီရဲ့ အနေအထားကို ကြည့်လိုက်ရင် သူတို့ရဲ့ အင်အားက အဓိကအားဖြင့် မြို့ပေါ်မှာပဲ ရှိတော့တယ်လို့ သူတို့ ပြောလို့ရတယ်။ အဓိကကတော့ ချင်းတောင်။ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေက မြို့ပေါ်မှာပဲ ရှိတော့တယ်။ ဆိုတော့ ချင်းတောင်က ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းကတော့ ကျနော်တို့က ထိန်းချုပ်ထားတဲ့ အနေအထားမှာ ရှိပါတယ်။

ဒီ မြို့ပေါ်မှာလောက်ပဲ သူတို့ရဲ့ အင်အားက ရှိနေတော့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကလည်း အဲဒီမှာပဲ ရှိတယ်။ ဆိုတော့ ကျနော်တို့မှာ စစ်ကောင်စီကို အပြုတ်တိုက်ဖို့ဆို မြို့ပေါ်တက်ပြီးတော့မှ မြို့သိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲ မဟုတ်ရင်တောင်မှ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားမလည်ပတ်နိုင်အောင် အဲဒီလို တစ်ဆင့်ချင်းလုပ်သွားဖို့ လိုပါလိမ့်မယ်။

အခု ဒီတစ်ခါ အရှေ့မြောက်တွေရော အခု ဒီတစ်ခါ မြို့သိမ်းတိုက်ပွဲတွေ လုပ်နေတာက စစ်ကောင်စီအင်အားက မြို့ပေါ်မှာပဲ ရှိတော့တာဆိုတော့ အရင် ခုခံစစ်ကနေ အခု ထိုးစစ် တန်ပြန်ထိုးစစ် အဲဒီလို လုပ်နေတာပဲ ဖြစ်ပါတယ်။ အဓိကပြောရင်တော့ စစ်ကောင်စီအပြုတ်တိုက်ဖို့ဆိုတာက မြို့သိမ်းတိုက်ပွဲက သိပ်ပြီး‌တော့ မထူးဆန်းလှပါဘူး။ ကျနော်တို့ လုပ်ကို လုပ်ရမယ့်ဟာ ဖြစ်ပါတယ်။

မေး။ ။ နောက်ထပ်မြို့သိမ်းတိုက်ပွဲတွေ လာဖို့ရှိတယ်ဆိုတဲ့ သဘောလား ခင်ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့ အဲဒီလို ပြောလို့ရပါတယ်။

မေး။ ။ စစ်သားတွေက ထွက်ပြေးလက်နက်ချတွေ များလာတော့ စစ်ကောင်စီရဲ့ တပ်က ပြိုကျနေတဲ့ သဘောလား။

ဖြေ။ ။ အဓိကက ချင်းတောင်ဆိုလို့ရှိရင် အခု ချင်းတောင်မှာ ရှိတဲ့ အထိုင်တပ်ကို ကြည့်လိုက်ရင် ကျနော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဆိုတာ မရှိသလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက မြို့ပြင်ကို မထွက်တော့တာ။ ချင်းတောင်တိုက်ပွဲကတော့ မြေပြန့်ကနဲ့ သူတို့ အင်အားဖြည့်တင်းလာတဲ့အခါ သူတို့ စစ်ယာဉ်တန်းကြီးတွေနဲ့ ဂျက်ဖိုက်တာတွေနဲ့ လာတဲ့အခါမှာပဲ ကြီးကျယ်တဲ့ တိုက်ပွဲက ဖြစ်တာပါ။

ဒီ အထိုင်တပ်တွေကတော့ တပ်တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုတောင် သူတို့ မလုပ်နိုင်ဘူး။ အဲဒီအနေအထားမှာ ချင်းတောင်ကတော့ ရှိတယ်။ ဆိုတော့ တစ်ဖက်မှာ ကြည့်လိုက်ရင် သူတို့ဘက်က တိုက်ချင် ခိုက်ချင်စိတ်၊ ပြီးတော့ ဟိုက CDM လုပ်လာတဲ့ ကျနော်တို့ဆီ လက်နက်ချလာတဲ့ သူတို့ရဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မေးကြည့်တဲ့အခါမှာ အမှန်ဆို သူတို့မှာ တိုက်ချင်ခိုက်ချင်စိတ်ကို မရှိဘူး။ ပြီးတော့ သူတို့ တပ်တွင်း အထက်အောက် ဆက်ဆံရေးတွေထဲမှာ ကြီးနိုင်ငယ်ညှင်းဆိုတဲ့ဟာတွေ အများကြီး ရှိတယ်။

တစ်ခါတစ်ခါ အဲဒီမှာ ခွဲခြားဆက်ဆံမှုတွေက ရှိနေသေးတယ်။ အဲဒါတွေက အစ အခုက ဖြစ်နေသေးတယ်ဆိုတော့ ပြောရရင်တော့ စိတ်ဓာတ်အင်အား အတော်လေး ရဲဘော်တွေထဲမှာ အတော်ကျဆင်းနေတယ်လို့ ကျနော်တို့ တွေ့ရတယ်။ သူတို့ လက်နက်တော့ ကောင်းတယ် ဒါပေမဲ့ သူတို့ စိတ်ဓာတ်က အနည်းနဲ့ အများတော့ ပျက်ပြားဆုတ်ယုတ်နေတယ်။ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ် ဟုတ်ကဲ့။

မေး။ ။ စစ်တပ်မှာ အရင်ကလို ငါမသေ ငါ့စခန်းမကျစေရဆိုတဲ့ စိတ်ဓာတ်မရှိတော့ဘူးလို့ မြင်ရတဲ့ သဘောလား ။

ဖြေ။ ။ ဟုတ်ကဲ့ အဲဒါတော့ သေချာပါတယ်။ သူတို့ အားအကိုးရဆုံးသမိုင်းမှာ နာမည်ကြီးလာတဲ့ တပ်မ ၇၇ ဆိုတဲ့ ဟာတွေတောင်မှ အဲဒီတုန်းက လူတွေ မရှိတော့ဘူး။ နာမည်ပဲ တပ်မ ၇၇ ဖြစ်တာပါ။ အထဲထဲမှာ သူတို့ရဲ့တိုက်ရည်ခိုက်ရည်နဲ့ စွမ်းရည်ကတော့ တခြားတပ်မတွေနဲ့ ထူးမခြားနားတော့ပါဘူး။ အဲဒါကြည့်လိုက်ရင်တော့ သူတို့မှာ စိတ်ဓာတ်က ပျက်ပြားနေတယ်၊ တိုက်ချင်ခိုက်ချင်စိတ်ကို သူတို့မှာ မရှိဘူး။

နောက်ပြီးတော့ သူတို့ရဲ့ အထက်ကနေ သူတို့ကို ထောက်ပို့ ရိက္ခာတွေက စသဖြင့်ပေါ့ သူတို့ကို ရိက္ခာတွေက ပံ့ပိုးတာတွေက အင်မတန်မှ အားနည်းတယ်။ အဲဒီလိုပဲ သူတို့အနေအထားကို ကြည့်ပြီးတော့ အဲဒီလိုပဲ ကျွန်တော် ပြောချင်တယ်။

မေး။ ။ ကိုယ်ပိုင် ယန္တရားနဲ့ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်တဲ့ အနေအထား ဘယ်တော့လောက်များ ရောက်နိုင်မလဲ။

ဖြေ။ ။ ဟုတ်ကဲ့ အဲဒါက ကျွန်တော်တို့က အုပ်ချုပ်ရေးတွေကို အခု နွေဦးတော်လှန်ရေး ပေါ်ပေါက်ပြီးတော့ တစ်နှစ်တောင် မကြာဘူး။ အဲဒီမှာ အခံရှိနေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကနဲ့ အုပ်ချုပ်ရေးကတော့ အနည်းနဲ့ အများဖော်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သူတို့ရဲ့ စုစည်းမှုတော့ လုပ်ဖို့ လိုပါတယ် ။ ခုန ဆရာ ပြောတဲ့ ချင်းပြည်နယ်ပဲ ခေါ်ခေါ် ချင်းပြည်ပဲ ခေါ်ခေါ် အမျိုးသားအဆင့် အုပ်ချုပ်ရေး အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ဖို့ အခုက ကျွန်တော်တို့က တွန်းနေတာ ဖြစ်ပါတယ်။

အဲဒါတွေ တွန်းနိုင်ဖို့က ကြားကာလမှာ အသုံးပြုမယ့် ချင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတော့ လိုမယ်။ အဲဒါတွေ ကျွန်တော်တို့က ရေးဆွဲနေတာ ဖြစ်ပါတယ်။ အဲဒါတွေ ပြီးသလောက်ရှိနေပြီ။ ဒီနှစ်ထဲမှာ မဟုတ်ရင်တော့ နှစ်သစ်တစ်ခု လအတွင်းမှာတော့ ချင်းပြည်တစ်ခုလုံးအတိုင်းအတာနဲ့ အုပ်ချုပ်ရေးကိုတော့ မလွဲမသွေဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

အဲဒီလို ဖော်ဆောင်နိုင်ဖို့က ကျွန်တော်တို့ နယ်မြေ ကာကွယ်ရေးနဲ့ လုံခြုံရေးက အဓိကဖြစ်နေပါတယ်။ အဲဒါတွေ လုံခြုံမှသာ အုပ်ချုပ်ရေးက လုပ်နိုင်မယ့် အနေအထားမှာ ရှိတယ်။ အဲဒါကြောင့် အုပ်ချုပ်ရေးနဲ့ စစ်ရေးက တွဲပြီးတော့မှ ဟန်ချက်ညီညီဖော်ဆောင်ဖို့က လိုပါလိမ့်မယ်။

မေး။ ။ တော်လှန်ရေးအရှိန်ကောင်းလာတော့ အိမ်ဘယ်တော့ ပြန်ရမလဲ မေးကြတဲ့ ပြည်သူတွေ ဘယ်လို သတင်းစကားပါးချင်လဲ ။

ဖြေ။ ။ ကျနော်တို့မှာ အခု နွေဦးတော်လှန်ရေး ပေါ်ပေါက်ပြီးတော့ အဲဒီမှာ နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုလို့ ၄ ဖွဲ့ပေါ့။ အဲဒါနဲ့ ကျနော်တို့ ဒီ PDF သည် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒီ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတယ်ပေါ့။ NUG ပေါ့။ အဲဒါနဲ့ လုပ်ကြတယ်။ ဒီနေ့ ဒီအချိန်မှာ အရှေ့မြောက်က ၃ ဖွဲ့ အင်အားကြီးတဲ့ အဖွဲ့တွေ အဲဒီလို ပါဝင်လာတယ်။

ပြီးတော့ ကျနော်တို့နဲ့ လက်တွဲလာတာက ကျောင်းသားတပ်မတော်တွေကအစ အဲဒီလိုမျိုး ပါဝင်လာကြတယ်။ မပါဝင်လာနိုင်သေးတဲ့ ပါဝင်ပေမယ့် စစ်ရေးအရ သိပ်ပြီးတော့ ဦးစားပေးမလာနိုင်သေးတဲ့ အဖွဲ့တွေလည်း အများကြီးရှိလာမှာပါ။ ရှိလည်း ရှိနေပါပြီ။ စစ်မျက်နှာကို ကြည့်လိုက်ရင်တော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ စစ်မျက်နှာက ကျွန်တော်တို့ဘက်က စစ်ဘောင်က ကျယ်လာသလို ကျနော်တို့ဘက်က တိုက်ရည်ခိုက်ရည်ပိုပြီးတော့ စွမ်းဆောင်လာနိုင်တာကတော့ အားလုံးမျက်မြင်ပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီဟာက မနှေးနဲ့ အမြန် ဒါတွေ အပြုတ်ပြီးတော့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံစနစ်တည်ဆောက်ဖို့ ဆိုရင်တော့ ကျွန်တော်တို့မှာ အမြန်ဆုံးဖြစ်စေချင်တယ်။ ဖြစ်စေချင်တဲ့နေရာမှာ ပြည်သူရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကျနော်တို့ ဟန်ချက်ညီညီချိတ်ဆက်ဖို့က အဓိက ဖြစ်ပါတယ်။ ကျနော်တို့မှာ လုပ်နိုင်စွမ်းတွေ စုစည်းမှု အားကောင်းလေ မြန်လေ ဖြစ်မှာပါ။ ကျနော် အဲဒီလိုပဲ ပြည်သူကို မှာချင်ပါတယ်။

မေး။ ။ တချို့ ပြည်နယ်တွေက Confederation သီးခြားလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံ အဖြစ်ကို သွားဖို့ ရည်မှန်းထားပါတယ်။ ဆရာတို့ကရော ဘယ်လောက်အထိ မျှော်မှန်းထားလဲ ။

ဖြေ။ ။ ဒီ Confederation တို့ ဖက်ဒရယ်တို့ ဆိုတာက ဖက်ဒရယ်စနစ်ထဲက မျိုးပွားလေးတွေ ဖြစ်ပါတယ်။ Confederation ဆိုရင် အခွင့်အရေးပိုရတာ ။ အဲဒီလိုမျိုးနဲ့ အခြေခံကတော့ ဖက်ဒရယ်စနစ်ပါပဲ။ ဖက်ဒရယ်စနစ်ဆိုတဲ့ နေရာမှာ ကျနော်တို့က တစ်လျှောက်လုံး ပင်လုံကို အခြေခံထားတယ်။ ဒီပင်လုံကတိကဝတ် ပင်လုံစာချုပ်နဲ့ လုပ်တယ်။ Confederation လို့ပဲ အော်နေ အော်နေ။

ကျနော်တို့ကတော့ ဖက်ဒရယ်နဲ့ အခွင့်အရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း တိုးချဲ့ပြီးတော့ သွားရမှာပဲ ပြောချင်တာကတော့။ အဲဒါကတော့ ပင်လုံကို ဒီနေ့အထိ CNF ကတော့ တန်းတူရေးကို အခြေခံတယ်။ ဒီပြည်ထောင်စုထဲမှာ အတူတကွနေထိုင်ကြမယ်။ တိုင်းရင်းသားတွေ အခွင့်အရေး တန်းတူအခွင့်အရေးတွေ လုပ်မယ်။ ဒီ ဖက်ဒရယ် အဓိကကတော့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံချက်ပေးတဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ့။ အဓိကကတော့ အဲဒီလိုနဲ့ နေပြီးတော့မှ ဒီပြည်ထောင်စုကို တည်ဆောက်မယ်။ အဲဒါကတော့ ကျနော်တို့ရဲ့ ဒီနေ့အထိ ရပ်တည်ချက်ပေါ့။

မေး။ ။ ဗမာတွေက တစ်ချိန်လုံး ပြည်ထောင်စုလို့ ပြောပြီး လူမျိုးကြီးဝါဒနဲ့ ချယ်လှယ်ခဲ့တော့ ခွဲထွက်တဲ့ နိုင်ငံတစ်ခုမျိုးရော ရည်မှန်းထားတာ ရှိလား။

ဖြေ။ ။ ကျနော်တို့ မှာ လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့တွေဟာ ဒီပြည်ထောင်စုကို ဗမာတွေပဲ တည်ဆောက်တာ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားအားလုံးပါဝင်ပြီးတော့ ပင်လုံစာချုပ်ဖြစ်တည်လာမှ ဒီပြည်ထောင်စုက ဖြစ်တာ။ အဲဒါကြောင့် ဒီ မြန်မာနိုင်ငံ ပြည်ထောင်စုဆိုတာ ကျွန်တော်တို့ရဲ့ မူပိုင်ပဲ ။ လူများစုဖြစ်တဲ့ ဗမာတွေရဲ့ မူပိုင်ပဲ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ပြည်ထောင်စု ပိုင်ရှင်ဖြစ်တဲ့ အဘိုးအဘွားတွေ ဆောင်ရွက်လာခဲ့တဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဖန်တီးလာခဲ့တဲ့ ကျွန်တော်တို့က အဲဒီလိုတော့ ကဖျက်ကယက်လုပ်လို့ မရပါဘူး။

အဲဒါကြောင့်မို့ ကျနော်တို့မှာ ဒီခွဲထွက်ရေးတွေ ဘာတွေက မစဉ်းစားဘူး။ ကျနော်တို့ ပင်လုံအခြေခံမှာတော့ ဒီပြည်ထောင်စု ။ ဒီပြည်ထောင်စုက တန်းတူမှု တရားမျှတမှု ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း။ အမှန်ဆိုရင်တော့ ကျွန်တော်တို့မှာ ဒီဖက်ဒရယ်ဆိုတဲ့ နေရာမှာ ဗဟိုမှာထက် ယူနစ်တွေမှာ အခွင့်အရေးပိုရှိတဲ့ ပြည်ထောင်စုမျိုးကို ကျွန်တော်တို့က လိုချင်တာ ဖြစ်တယ်။

မေး။ ။ တစ်နိုင်ငံလုံးက ပြည်သူတွေရော နွေဦးတော်လှန်ရေးကို စိတ်အား လူအားနဲ့ ဘဝတွေ အပျက်ခံပြီး ခုခံတွန်းလှန်နေကြတဲ့ ပြည်သူတွေကိုရော ဘယ်လို သတင်းစကားပါးချင်လဲ။

ဖြေ။ ။ ဒီနေ့ ကျနော်တို့ နွေဦးတော်လှန်ရေးကနဲ့ ဖြစ်လာတဲ့ မြန်မာနိုင်ငံရေးအခင်းအကျင်း ပြဿနာကြီးက ပြည်သူက အစက သူတို့က ဆန္ဒပြတယ်။ အနုနည်းနဲ့ သူတို့က အဲဒီလိုနဲ့ အဲဒါကို စစ်တပ်က ရိုက်ချိုးပစ်လိုက်တယ်။ အဲဒါနဲ့ သံပုံးခေါက်တယ်။ အဲဒါလည်းရိုက်ချိုးပြန်တယ်။ အဲဒါမှ ပြည်သူက ပြည်သူထဲက ပေါက်ဖွားတဲ့ ပြည်သူတွေ ကိုယ်တိုင်က လက်နက်ကိုင်တော့မယ်ဆိုတဲ့ဟာ ဖြစ်လာ တစ်ပြည်လုံး နိုင်ငံရေး နိုးကြားမှုကြီးက ဖြစ်လာ။

ပြည်သူက ထွက်တဲ့ ပြည်သူ့ရဲ့ စစ်သားတွေပါ။ ပြည်သူက ကျွေးတဲ့ မွေးတဲ့ တပ်မတော်သားတွေ ၊ တော်လှန်ရေးအဖွဲ့အစည်းတွေပါ။ ပြည်သူနဲ့ ကျွန်တော်တို့ ပြည်သူဘက်က ရပ်တည်ပြီးတော့ ပြည်သူ့ဆန္ဒအတိုင်း ယနေ့အထိ ရပ်တည်နေတာဖြစ်တယ်။ အဲဒီအပေါ်မှာ ပြည်သူအပေါ်မှာ ကိုယ့်ရဲ့ ထမင်းရှင်ကို အမြဲတမ်း ကျေးဇူးတင်တယ်။ ဦးညွတ်အလေးပြုပါတယ်။ ဆိုတော့ ဒီတော်လှန်ရေး ဒီနေ့ ဒီအချိန်အထိ နွေဦးတော်လှန်ရေးဘက်က ကျနော်ဘက်က အားသာချက်ရနေတာတွေက ပြည်သူရဲ့ ပံ့ပိုးမှုကြောင့်ပဲ ဖြစ်တယ်။

ကျနော်တို့မှာ ပြည်သူငွေနဲ့ တော်လှန်ရေးလုပ်တာဆိုတော့ ပြည်သူနဲ့ အတူ ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ပြည်သူပံ့ပိုးမှုကြောင့်သာ ဒီနေ့အထိ ရပ်တည်လာနိုင်ခဲ့တာ နွေဦးတော်လှန်ရေးကတည်းက မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါ။ အဲဒီလို ရပ်တည်လာခဲ့တာ။ ဒီလိုကတော့ အမြဲတမ်းကျေးဇူးတင်တယ်။ ဦးညွတ်ပါတယ်။

ကျနော်တို့မှာ အတတ်နိုင်ဆုံး ပြည်သူဆန္ဒနဲ့ အညီတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ တိုက်ပွဲလည်း ဆက်ဆက်ပြီး ဝင်နေပါတယ်။ ပြောပြောနေကျတဲ့ ဒီနွေဦးတော်လှန်ရေး အောင်မြင်မှုကတော့ နိုင်ငံရဲ့ ဘယ်အချိန် ဘယ်အခါမှ ရရှိခဲ့ဖူးတဲ့ ဒီ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် အခွင့်ကောင်းတစ်ခု ၊ လက်ဆုတ်လက်ကိုင်ပြုတယ်။ ပြည်သူနဲ့ ပူးပေါင်းမယ်။ မကြာခင် ဒီတော်လှန်ရေးကတော့ မကြာခင်ဆိုတဲ့ နေရာမှာ အချိန်ကတော့ အကန့်အသတ်မပြောနိုင်ပါဘူး။ တော်လှန်ရေး ရေချိန်က ပိုပြီးတော့ အားကောင်းလာပါတယ်။ ကျနော်တို့ အောင်ပွဲရဖို့ကတော့ အတော်လေး အရင်ကထက်နီးလာပါပြီလို့ အဲဒီလိုပဲ ကျွန်တော် ပြောချင်ပါတယ်။ ပြည်သူကို မှာချင်ပါတယ်။ ကျေးဇူးတင်တယ်။

မေး။ ။ တော်လှန်ရေးပြီးတဲ့အခါ မင်းအောင်လှိုင်တို့ ထူထောင်ထားတဲ့ စစ်တပ်ကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ဘယ်လိုလုပ်ဖို့ စဉ်းစားထားတာ ရှိလဲ။

ဖြေ။ ။ ဒီစစ်တပ်ဖျက်သိမ်းဖို့ ဆိုတာ တိုင်းပြည်တစ်ခုမှာ တိုင်းပြည်ကို ကာကွယ်တယ်၊ တိုင်းပြည်လုံခြုံရေးယူတဲ့ စစ်တပ်တော့ ရှိမှာ။ ကျွန်တော်တို့က စနစ်ကို ‌ပြောင်းချင်တာ။ မူကို ‌ပြောင်းချင်တာ ဖြစ်တယ်။ အခု မင်းအောင်လှိုင် ကျင့်သုံးနေတဲ့ တပ်မတော်ရဲ့ မူနဲ့ စနစ်၊ တပ်မတော်က နိုင်ငံရေးအပေါ် ပါဝင်ပတ်သက်မှုတွေက အစ ၊ ခံယူချက်တွေက အစ အဲဒါတွေကို ကျွန်တော်တို့ ‌ပြောင်းရမှာ ဖြစ်တယ်။ တပ်မတော်တော့ ရှိကို ရှိရမယ်။ ဒါပေမဲ့ စနစ်နဲ့ မူကိုတော့ ကျွန်တော်တို့ ပြောင်းရမှာ ဖြစ်တယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article