မြောင်တွင် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု အရာရှိ ၁ ဦးသေဆုံး၊ စလင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ အရာရှိ ၁ ဦးသေဆုံးခဲ့ကြောင်း လက်ရုံး ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မြောင်မြို့နယ်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို လက်ရုံး ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့နှင့် ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စလင်းမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး စိုးမြင့်ကို တော်လှန်ရေးရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် စိုးမြင့်သည် ပြည်သူ့လူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် တော်လှန်ရေး ရဲဘော်များ၏ မိသားစုဝင်များကို ခြိမ်းခြောက် နှောက်ယှက်ကာ ပျူစောထီး ၃၀ ကျော်ကို ပြည်သူ့စစ် သင်တန်းပေးလျှက်ရှိပြီး အကြမ်းဖက် စစ်တပ် ထံမှ လစဉ်ထောက်ပံ့စရိတ် ယူဆောင်လျှက်ရှိကြောင်း ခိုင်လုံစွာသိရှိရ၍ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Photo – စနိုက်ပါပစ်ခတ်မှု လေ့ကျင့်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး (ပုံအဟောင်းဖြစ်သည်)
