35 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် နှင့်တွေ့ဆုံခြင်း (နိဂုံး)

Must read

“ရှုံးနေတဲ့ စစ်ခေါင်းဆောင်တွေဘက်က အသက်ပေးပြီးတော့ လုပ်နေကြမလား ၊ ပြည်သူကို ဆက်လက်ပြီး သစ္စာ ဖောက်နေကြမလား မေးခွန်းထုတ်ချင်တယ်။ မှန်မှန်ကန်ကန်ဘက်ကို အခြေအနေကောင်းတုန်းမှာ မှန်ကန်တဲ့ ဘက်ကို ပြောင်းဖို့ ပြည်သူ့ဘက်ကို ပြောင်းဖို့ဆိုတာ တိုက်တွန်းပြောကြားလိုပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် နှင့်တွေ့ဆုံခြင်း (နိဂုံး)

By ရန်ကုန်ခေတ်သစ်

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် တိုင်းရင်းသားတပ်ဖွဲ့တွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ မြို့တွေ များလာပြီး နေ့စဉ်လို စစ်တပ်ရဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ အောင်ပွဲတွေ ဆက်တိုက်ရရှိနေပြီလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၆ ရက်‌နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိတဲ့၊ ပြည်သူ့ အုပ်ချုပ်ရေးစနစ်ကို စတင်နေပြီဖြစ်တဲ့ ကောလင်းမြို့ရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးအခြေအနေ၊ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ လူတွေရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်လဲ စတာတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နဲ့ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ရေရှည်ခုခံနိုင်မှုအပိုင်း အဲဒီအပိုင်းမှာ လက်နက်တွေ ဖြည့်တင်းပေးမှု အခုဆိုလို့ရှိရင် ကောလင်းခရိုင်က စကစ ဘက်မှာက ဝေဟင်‌ရော မြေပြင်ကပါ သူတို့မှာ အဆင့်မြင့်တဲ့ လက်နက်တွေ ရှိတယ်။ ဟိုအရင်ကဆိုရင်လည်း ပဇီကြီးလိုဟာမျိုးတွေ ကျွန်မတို့ဆီမှာ ဥပမာတွေက အများကြီးရှိနေတော့ ဒီမြို့ကြီးကို ရေရှည်ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တောင့်ခံနိုင်ဖို့အတွက် ဆရာတို့ဆီမှာ ဘယ်လို စီမံလုပ်ဆောင်သွားဖို့တွေ ပြင်ဆင်ထားတာရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ မဟာဗျူဟာက ဒီတစ်မြို့တည်း ဒီခရိုင်တစ်ခုတည်း တိုင်းတစ်ခုတည်း ဒီပြည်နယ် တစ်ခုတည်း လွတ်မြောက်အောင် လုပ်နေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံတစ်ခုလုံးမှာ စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဖို့အတွက် အမြစ်ဖြတ်ဖို့အတွက် တိုက်ပွဲဝင်နေတာ။

ဒီ NUG / MOD အောက်မှာရှိတဲ့ PDF တွေ တင်မကဘူး ဒီတိုင်းရင်းသား ERO တွေ အားလုံးလည်း အဲဒီသဘောရှိပါတယ်။ နောက် ညီနောင် သုံးဖော်ရဲ့ ကြေညာချက် ၊ အောက်တိုဘာ ၂၇ ရက်‌နေ့က ကြေညာချက်မှာလည်း အတိအလင်း တွေ့ပါလိမ့်မယ်။ နိုင်ငံရေး ဦးတည်ချက်က ဘာလဲဆိုတဲ့နေရာမှာ ဒီ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြုတ်ဖို့အတွက် အဲဒီအတွက် တိုက်ပွဲဝင်နေကြတာ။ ကောလင်းက ခရိုင်မြို့ကြီးဖြစ်တဲ့အတွက်ကြောင့် စကစ ကလည်း သူတို့ အင်မတန်မှ သိက္ခာကျ၊ သူတို့အနေနဲ့ ရှုံးပွဲကြီးတစ်ခုပေါ့။ သူတို့အနေနဲ့ ပြန်ရအောင် ကြိုးစားမှာ။ ကြိုးလည်း ကြိုးစားခဲ့တယ်။ မအောင်မြင်ဘူး။

ကျနော်တို့ရဲ့ ရဲဘော်တွေ တော်လှန်ရေးရဲဘော်တွေရဲ့ စွမ်းစွမ်းတမံရှိတဲ့အတွက်။ အခု ကျနော်တို့က တိုက်ပွဲက နေရာအနှံ့အပြားမှာ ဒီဗျူဟာအရ ဖော်ဆောင်နေတယ်။ အဲဒီအခါမှာ အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်အား အင်မတန်မှကျသွားပြီ၊ စစ်တပ်က ပြိုကွဲနေပြီ။ ဒါပေမဲ့လည်း ရန်သူကို လျှော့တွက်လို့ မရဘူးဆိုတာ ကျနော်တို့ ရှေ့မှာလည်း ပြောထားတယ်။

ကာကွယ်ဖို့အတွက်ကျတော့ ကျနော်တို့ ကာကွယ်ရေးကဏ္ဍက တာဝန်ယူပြီး ဆောင်ရွက်နေတယ်။ တချိန်တည်းမှာလည်း တခြားနယ်မြေ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နယ်မြေတွေ ပိုပိုများလာတာနဲ့ အမျှ စစ်တပ်က ပိုပိုပြိုကွဲလာတယ်။ နောက် စစ်တပ်ကလည်း အခုလည်း‌ တွေ့ပါလိမ့်မယ်။ အကြမ်းဖက်စစ်တပ်မှ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အမိန့်ကို မနာခံချင်တဲ့အတွက်ကြောင့် ပြည်သူတွေဘက်ကို ဘက်ပြောင်းလာတဲ့ အရာရှိ အရာခံ ရဲဘော်တွေ ၊ တချို့နေရာတွေမှာဆိုရင် တပ်ရင်းအလိုက်ကို ဝင်လာကြတယ်။ မိသားစုတွေပါ ပါလာတယ်။

သူတို့ဘက်က အကျအဆုံးဆိုရင်လည်း တပ်မမှူးအဆင့်ရှိတဲ့ ဒီ စစ်အရာရှိကြီး ကျတဲ့အဆင့်ရှိလာတယ်။ အဲဒီအခါကျတော့ ကျနော်တို့မှာ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲဆိုတာထက် ဘယ်လောက်မြန်မြန် တခြားမလွတ်မြောက်သေးတဲ့ နေရာတွေ လွတ်မြောက်အောင် လုပ်နိုင်မလဲဆိုတာကို ။ အဲဒီလို လုပ်နိုင်တာနဲ့အမျှ လွတ်မြောက်ပြီးတဲ့နေရာတွေ ပိုပြီး လုံခြုံစိတ်ချလာမှာ ဖြစ်တယ်။ အဲဒါလေးလည်း ရှိပါတယ်။

ကျနော်ကတော့ စစ်ရေးကျွမ်းကျင်တဲ့လူလည်း မဟုတ်ပါဘူး။ စစ်ရေးကဏ္ဍလည်း မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်အနေနဲ့ ဗျူဟာလည်း ပြောလို့ မရဘူးပေါ့လေ။ ဒါပေမဲ့ ဒီလုပ်နေတဲ့ဟာတွေက ဒီလိုအစီအမံရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေ အောက်မှာရှိတဲ့ နေရာတွေ ပြန်ပြီးတော့ စကစ အကြမ်းဖက်တွေ လက်အောက် ပြန်မရောက်အောင်အတွက် ကျနော်တို့ မဟာဗျူဟာကျကျ အားလုံးသတိရှိရှိကာကွယ်ကြမယ်ဆိုတာလည်း ပြောကြားချင်ပါတယ်။

အခုကြည့်လိုက်မယ်ဆိုရင် စကစ ရဲ့ ပဇီကြီးမှာဆိုရင် ဘယ်လောက်ရက်စက်ခဲ့လဲ လူတိုင်းသိတယ်။ တစ်ကမ္ဘာလုံးက သိတယ်။ သူတို့မှာ ခေတ်မီလက်နက်တွေရှိတယ်။ တိုက်လေယာဉ်ပျံတွေရှိတယ်။ အမြောက်ကြီးတွေ ရှိတယ်။ အခု ရခိုင်ပြည်နယ်မှာဆိုရင် ကျောက်တော်ဘက်ကို လေကြောင်းကရော ရေကြောင်းကရော စစ်ရေယာဉ်တွေနဲ့ပါ အရပ်သားနေရာတွေကို တိုက်ခိုက်နေတာ ရှိတယ်။ သူတို့ကိုတော့ လျှော့တွက်လို့ မရဘူး ။ ဒါပေမဲ့ နိုင်ငံအနှံ့အပြားမှာ စစ်မျက်နှာဖြန့်တာ ရှင်းရှင်းပြောရင် တိုက်လေယာဉ်ပျံက လေယာဉ်မှူးမရှိရင် ဗုံးကျဲလို့ မရဘူး။

ဒါကြောင့် သူတို့ ပြိုကွဲတဲ့ဟာ သူတို့အောက်မှာ သူတို့ရဲ့ ခေါင်းဆောင်တစ်စုအတွက်ကို အသေခံပြီးတော့ သူတို့တိုက်နေမလား ။ မတရားတဲ့ စစ်ကို ဆင်နွှဲနေမလား။ တရားတဲ့ဘက်ကို ပြည်သူတွေကို ဘက်ပြောင်းမလားဆိုတာ အဲဒါက ဟိုဘက်မှာ ရှိတဲ့ ဒီ စစ်တပ်ဘက်က လူတွေ စဉ်းစားပြီးတော့ အမြန်ဆုံးဘက်ပြောင်းမယ်ဆိုရင် အသေအပျောက်အနည်းဆုံးနဲ့ သူတို့ရဲ့ ဘက်ပြောင်းလာတဲ့ လူတွေရဲ့ အသက်လည်း အာမခံချက်ရသွားတာပေါ့။ မဟုတ်ရင် စစ်အာဏာရူးတွေ တစ်စုအတွက်ကို အသက်ပေးပြီးတော့ တိုက်နေရတာ ဖြစ်တယ်။ အဲဒီဟာမျိုးကိုလည်း ကျနော်တို့ ကြုံတုန်းမှာ ပြောချင်ပါတယ် ခင်ဗျာ။

မေး။ ။ ဘယ်လောက်ကြာကြာ ဒီမြို့တွေကို ထိန်းမလဲဆိုတာက ဘယ်လောက် အောင်ပွဲတွေ ဘယ်လောက်မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်မလဲပေါ်မှာ မူတည်တယ်လို့ ပြောသွားတာဆိုတော့ အဲဒီလို နေရာမှာ အဓိက ကျတဲ့ လက်နက်တပ်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီး ဆရာတို့ NUG အနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ ရှိသလဲ ။ ဘာတွေ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ အဲဒါကတော့ အားလုံးလည်း သိတဲ့အတိုင်းပဲ အကြီးမားဆုံး စိန်ခေါ်မှု တစ်ခု ပေါ့နော်။ ကျနော်တို့တွေ ရရာ လက်နက်စွဲကိုင်ပြီးတော့ ခုခံတော်လှန်ခဲ့ကြတယ်။ တူးမီးသေနတ်တွေနဲ့ တချို့ဆိုရင် ဓားနဲ့တောင်မှ ခုခံတော်လှန်ခဲ့ကြတယ်။ တစ်ခါပစ်တစ်တောင့်ပဲ ထွက်တဲ့ လက်နက်ဘဝကနေပြီးတော့ အခု ‌Automatic ရိုင်ဖယ်လိုမျိုး လုပ်နိုင်တဲ့ဟာတွေ ရှိလာတယ်။

ဒါပေမဲ့ ကျနော်တို့မှာ တော်လှန်ရေး အင်အားစုက တော်လှန်ရေးအင်အား လူအင်အား မနည်းဘူး အများကြီးပဲ။ ဒါပေမဲ့ ကျနော်တို့ လက်နက်တပ်ဆင်မှုက ၁၀၀ ရာခိုင်နှုန်း မတပ်ဆင်ပေးနိုင်ဘူး။ နောက်ပြီးတော့ ကျွန်တော်တို့တွေ ခဲယမ်းမီးကျောက်တွေ လိုတယ်။ အဲဒါ တော်လှန်ရေး အင်အားစုတွေ အားလုံးပေါင်းစုပြီးတော့ ဒီမဟာဗျူဟာကျကျ ဒီ စိန်ခေါ်မှုတွေ ရှိတဲ့ကြားထဲက ညှိနှိုင်းပြီးတော့ ဆောင်ရွက်တဲ့အတွက်ကြောင့် ဒီ တိုက်ပွဲတွေ ဆင်နွှဲတဲ့အတွက်ကြောင့် ဒီတိုက်ပွဲ ကြီးကြီးမားမား အောင်ပွဲတွေ စတင်တွေ့လာရတာ ဖြစ်တယ်။

နွေဦးတော်လှန်ရေးက ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ပြည်သူရဲ့ ထောက်ပံ့မှုနဲ့ တော်လှန်တိုက်ပွဲဆင်နေတာ။ ခုခံတော်လှန်စစ်ကနေ တန်ပြန်ထိုးစစ်ဆင်တဲ့အဆင့်ရောက်လာတာလည်း စစ်ရေးကျွမ်းကျင်တဲ့ လူတွေက သုံးသပ်ပြောနေကြတာရှိတယ်။ ဒီအရှိန်အဟုန်ကို ဒီတိုင်းထိန်းပြီးတော့ ဒီထက်ပိုမြင့်တဲ့ အရှိန်အဟုန်ဖြစ်ဖို့ဆိုရင် ပြည်သူလူထုရဲ့အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ ထောက်ပို့၊ တော်လှန်ရေးကဏ္ဍကို ငွေရေးကြေးရေးအရ ကူညီပံ့ပိုးပေးတာတွေ ရှိတယ်။ အခုဆိုရင် နွေဦးဘဏ်လုပ်လိုက်တယ်။ နွေဦးဘဏ်ဆိုတာလည်း အာမခံတဲ့ ပြည်သူတွေရဲ့ ပိုက်ဆံကို အာမခံတဲ့ဟာ လုပ်တာပေါ့။ နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် တော်လှန်ရေးကို ရင်းနှီးမြှုပ်နှံတာ။

နောက် ခရိုနီလို့ခေါ်တဲ့ စစ်တပ်နဲ့ ပေါင်းတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ရှိတယ်။ စီးပွားရေးသမားတွေ ကျနော် အပြစ်ပြောတာ မဟုတ်ဘူး။ စီးပွားရေးသမားဆိုတာက ကိုယ့်စီးပွား၊ ကိုယ့်အဖွဲ့အစည်း ကိုယ့်ကုမ္ပဏီ မြတ်ဖို့အတွက်ကို လုပ်တာ။ ဒါပေမဲ့ ခရိုနီဆိုတဲ့ဟာက စစ်တပ်နဲ့ ပေါင်းတဲ့ မတတ်သာလို့ ကြောက်လန့်လို့ပေါင်းတဲ့ဟာရှိသလို တမင် စစ်တပ်ကို ပံ့ပိုးပေးနေတာတွေ ရှိတယ်။ အဲဒီ ခရိုနီဆိုတဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အမှားကို မြင်ပြီးတော့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ပြည်သူတွေကိုထောက်ခံ ကူညီပေးခြင်းအားဖြင့် မှန်ကန်တဲ့ ဘက်က ရပ်တည်နိုင်မယ်ဆိုတာလည်း ပြောချင်ပါတယ်။

အခုချိန်ဆိုရင် မနေ့ တစ်နေ့ကပဲ ကုလသမဂ္ဂကနေပြီးတော့ နောက်ဆုံး Record လုပ်တယ်။ မြန်မာနိုင်ငံမှာ စစ်ရှောင်ဒုက္ခသည် ၂ သန်းကျော်သွားပြီ။ မြန်မာနိုင်ငံ သမိုင်းမှာတစ်ခါမှ မရှိခဲ့ဖူးဘူး။ အခု ဒီ အပတ်ပိုင်းအတွင်းမှာတင် ၂ သိန်း အသစ်တိုးသွားတယ်။ စကစ ရဲ့ အကြမ်းဖက်မှုတွေကြောင့် အဲဒီလူတွေကို ကျနော်တို့ အကူအညီပေးနေတယ်။ NUG ရယ် ERO တွေရယ် Local မှာရှိတဲ့ CSO တွေလည်း ဝိုင်းဝန်းပြီး အကူအညီပေးနေကြတယ်။

ထောက်ပံ့ပေးနေကြတယ်။ ဒီကာကွယ်ရေးအတွက် သုံးနေရသလို စစ်ရေးအတွက် သုံးနေရသလို ဒီလူမှုရေးကဏ္ဍ ဒီလူသားချင်းစာနာမှုအထောက်အကူပြုတဲ့ ကဏ္ဍ အဲဒါမျိုးတွေကို ကူညီပံ့ပိုးဖို့ ဒီ ခရိုနီတွေဆိုတဲ့ သူဌေးတွေ ဒီ တော်လှန်ရေးအတွက် လုပ်လို့ရတယ်။ ဒုက္ခသည်တွေကို ကူတာပေါ့နော်။ အဲဒါမျိုးတွေ။ နောက် ခုန ဆရာမမေးတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် ကျနော်တို့လည်း စစ်ဗျူဟာဘက်မှာ မဟုတ်တဲ့အတွက်ကြောင့် ဒီဟာ သိတဲ့ဟာလည်း ထုတ်ပြောလို့မရတာလည်း အများကြီးရှိတယ်။

ဒါပေမဲ့ အဲဒါတွေကို အကောင်းဆုံးနဲ့ Sustainable ဖြစ်နိုင်အောင် ရေရှည် ၊ ရေရှည်ဆိုတာ ရေတိုနဲ့ မတူတာက ရေရှည်ဆိုတာ မနက်ဖြန် သဘက်ခါမှာတော့ ပြီးသွားမှာ မဟုတ်ဘူး။ ၁ လ လား၊ ၂ လ လား ၊ ၅ လ လား ။ ကျွန်တော်လည်း မသိဘူးပေါ့နော်။ ဒါပေမဲ့ အဲဒီမှာ Sustainable ဖြစ်အောင်လို့ ကျနော်တို့တွေ စစ်ရေးဗျူဟာဆွဲတဲ့ လူတွေက လုပ်တယ်။ ပြီးတော့ ပြင်ပ Market ကနေ …. ဝယ်တာရှိတယ်။

ကိုယ်ပိုင်ထုတ်တဲ့ ကဏ္ဍတွေ ရှိတယ်။ အဲဒါမျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေနဲ့ ဘက်ပေါင်းစုံကနေ ကျွန်တော်တို့တွေ ပြည့်စုံအောင် လုပ်ဖို့ ကြိုးစားနေတယ်။ ဒီဟာကို လိုအပ်ရင် လိုအပ်သလို တိုက်နိုင်ဖို့ကို ကျနော်တို့ လုပ်နေတယ်။တစ်ဖက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ဘက်က ဆိုရင် အခုပစ်အားတွေ လျော့လာတာတွေ့ပါလိမ့်မယ်။ အရင်လို လေယာဉ်ပျံတွေ ဖောဖောသီသီ မသုံးနိုင်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ ပြည်သူ့အားသာ အဓိကဆိုတာ ပြောကြားချင်ပါတယ်။

မေး။ ။ အခုလက်ရှိ ရှမ်းမြောက်ဘက်မှာဆိုရင် စကစ ဘက်က စခန်းအကြီးအသေး အများကြီးကို ရာကျော်ကို သိမ်းပိုက်ထားပြီ။ လက်နက်တွေ မရေတွက်နိုင်တော့ဘူး။ လက်နက်ကြီးတွေ ကားကြီးတွေ တင့်ကားကြီးတွေအစ သိမ်းပိုက်ထားတယ်။ စစ်သုံ့ပန်းတွေက အစ အများကြီးပေါ့နော်။ လက်နက်ပိုင်းတွေလည်း သိမ်းတာ အရမ်းများတယ်။ ရှမ်းမြောက်ဘက်ရဲ့ အောင်ပွဲတွေက ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်မှာတကယ်ကို အရှိန်မြှင့်မြှင့်နဲ့သွားနေတယ် စစ်ဆင်ရေးတွေက ။ ဆိုတော့ ရှမ်းမြောက်ဘက်ကဆိုရင် ရှမ်းပြည်မြောက်ပိုင်း ညီနောင် သုံးဖွဲ့က ဒီနေရာတွေမှာ တိုက်ပွဲဝင်နေတာဆိုတော့ ဒီခေါင်းဆောင်ပိုင်းအနေနဲ့ NUG နဲ့ ချိတ်ဆက်ဆောင်ရွက်တာမျိုး ချိတ်ဆက်ညှိနှိုင်းတာမျိုး ဆက်သွယ်ရေးပိုင်းရှိသလား။ ပြီးတော့ ကျွန်မတို့ သိချင်တာက လက်နက်တွေ အများကြီးသိမ်းတော့ ဒီလို လက်နက်တွေဟာ ကျွန်မတို့ဘက်က တော်လှန်ရေးရဲဘော်တွေဆီကိုရော ရောက်လာနိုင်သလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ပြည်သူတွေ ဆီမှာ ရှိတော့ ဒါမျိုးတွေလည်း ဆရာပြောပြပေးလို့ရမလား။

ဖြေ။ ။ ဒါ စစ်ရေးကဏ္ဍ ဖြစ်နေတာပေါ့နော်။ ကျွန်တော် ပြောလို့ရတာတော့ ရှမ်းမြောက်မှာရှိတဲ့ ညီနောင် သုံးဖော် အဖွဲ့ ။ ဒါက သူတို့ရဲ့ ဒေသမှာ သူတို့ တိုက်ပွဲ ဖော်ဆောင်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီကို တိုက်တယ်။ ဒါအဓိက ဘာလဲဆိုတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကျဆုံးဖို့အတွက် တိုက်ပွဲဝင်တာ။ နောက် အဲဒီဒေသမှာ အလွန်မှ အန္တရာယ်များတဲ့ …. Crime activities တွေ ရှိတယ်။ အွန်လိုင်းကနေ လိမ်လည်လှည့်ဖျားပြီးတော့ လူတွေ ထောင်နဲ့ သောင်းနဲ့ချီ ဒုက္ခရောက်တယ်။ နောက်ပြီးတော့ ဒါက ဒေါ်လာဘီလီယံနဲ့ ချီတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တယ်။

အဲဒါ စစ်တပ်ရဲ့ လက်ဝေခံ လက်ကိုင်တုတ်တွေ BGF တွေ ပြည်သူ့စစ်တွေရဲ့ ထိန်းချုပ်နယ်မြေမှာ ဖြစ်တယ်။ အဲဒီတော့ စစ်တပ်ရဲ့ အကျိုးစီးပွား၊ စစ်တပ်ရဲ့ ဝင်ငွေ တစ်ခုဖြစ်လာတယ်။ စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်လာတယ်။ ဒေသမှာ ရှိတဲ့ လူတွေရဲ့ အင်မတန်ဆင်းရဲပြီးတော့ လိမ်လည်လှည့်ဖျားမှုရဲ့ အောက်မှာလည်း ခံရတယ်။ တခြားနိုင်ငံခြားသားတွေ ၊ တရုတ်နိုင်ငံသားတွေအပါအဝင် အမြောက်အမြား လူကုန်ကူးတာ ခံရတာတွေ ရှိတယ်။ အဲဒါတွေကို တရားဥပဒေ စိုးမိုးရေးပေါ့။ အဲဒီမှာ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေက စစ်တပ်ဆီကနေ လက်နက်အများကြီးနဲ့ တင့်ကားတွေပါ ပါတယ်ပေါ့နော်။ လက်နက်ကြီးတွေ ပါတယ်။ ဒါက အင်မတန် ဝမ်းသာစရာကောင်းတယ်။

နောက်ပြီးတော့ ဒီအဖွဲ့တွေ ညီနောင် Brotherhood ဆိုရင်လည်း ကျွန်တော်တို့ NUG က ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်ခင်ဗျာ။ တော်လှန်ရေးမှာဆိုရင်လည်း သူတို့အနေနဲ့ ဟိုးအရင်ကတည်းကနေပြီးတော့ နွေဦးတော်လှန်ရေးမှာ အခုလိုမျိုး ထိုးစစ်ဆင်တဲ့ဟာ မဟုတ်ခဲ့သေးပေမယ့် နွေဦးတော်လှန်ရေးအတွက်ကို PDF တွေကို ကူညီပေးတာ ရှိတယ်။ သင်တန်းပို့ချတာတွေ ရှိတယ်။ ဥပမာ MNDA ဆိုရင် တပ်ရင်းလိုက်ကို သင်တန်းပို့ချတာတွေ ဟိုးတလောက သတင်းတွေထဲမှာ တွေ့ပါလိမ့်မယ်။ နောက်ပြီးတော့ သူတို့တွေ လက်နက်တွေ အကူအညီပေးတာတွေ ရှိခဲ့တယ်။

အဲဒါတွေက PDF တွေအတွက် ဒါကတော့ ကျွန်တော် အရင်တုန်းက ရှိတဲ့ သက်သေသာဓကတွေ ပြန်ပြောတာပါ။ အရင်တုန်းက အခြေအနေတာတောင်မှ ကျွန်တော်တို့တွေ ဒီလိုမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ထိတွေ့ဆက်ဆံတဲ့ဟာတွေ ဒါကတော့ ပုံမှန်ရှိနေပါတယ်။ နောက်ပြီးတော့ ပူးတွဲဆောင်ရွက်တဲ့ ကိစ္စတွေမှာဆိုရင်လည်း ဗျူဟာကျကျ ပူးတွဲဆောင်ရွက်တယ်။ စစ်ရေးခေါင်းဆောင်တွေက လုပ်ကိုင်ဆောင်ရွက်နေတာလည်း ရှိပါတယ်လို့။ ဒါပေမဲ့ ဘယ်လိုလဲ ဘာညာဆိုတာကတော့ ကျွန်တော့်မှာ ပြောနိုင်တဲ့ အနေအထားမရှိတာကို နားလည်ပေးပါခင်ဗျာ။

မေး။ ။ တစ်နိုင်ငံလုံးမှာ နေရာအနှံ့တိုက်ပွဲတွေ ဖြစ်နေတော့ စစ်အာဏာရှင်တော်လှန်နေကြတဲ့ ဘက်တစ်ဖက်တည်းကနေ တော်လှန်နေကြတဲ့ အဖွဲ့တွေ အားလုံး ကျွန်မတို့ နိုင်ငံကြီးက ဖက်ဒရယ်စနစ်ကို သွားမှာဆိုတော့ ပြည်သူ့ဘက်ကနေ လက်နက်ကိုင် အားလုံး COC တစ်ခုတည်းအောက်ကို ရောက်ဖို့အတွက် NUG အနေနဲ့ ဘာတွေ ပြင်ဆင် လုပ်ဆောင်ထားတာ ရှိပါသလဲရှင့်။

ဖြေ။ ။ အစပိုင်းမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလမှာ PDF တွေ စတယ်။ ဒေသအလိုက် တချို့က ကိုယ့်ရဲ့ ရပ်ကွက်တွေ၊ ကိုယ့်ရဲ့ ကျေးရွာတွေ ကာကွယ်ဖို့အတွက် ၊ ကိုယ့်ရဲ့ မြို့နယ်ကို ကာကွယ်ဖို့အတွက် MOD ကနေ PDF တွေ စနစ်တကျနဲ့ တပ်ရင်း၊ Code of Conduct က အစ စစ်သည် ကျင့်ဝတ်တွေ လိုက်နာဖို့ ၊ International Humanity Law အရ အားလုံးလိုက်နာဖို့ဆိုတဲ့သင်တန်းတွေ ပို့ချတယ်။ စစ်သင်တန်းတင်မကဘူး၊ စစ်သည်ကျင့်ဝတ်တွေ လိုက်နာရမယ့် International Law အရ ဂျနီဗာကွန်ဗင်းရှင်းအရ လိုက်နာရမှာတွေ သင်ကြားပို့ချတယ်။ စနစ်တကျဖွဲ့စည်းတဲ့ တပ်တွေပေါ့နော်။ အဲဒီလိုမျိုး ကျွန်တော်တို့တွေ စတိုက်တဲ့အခါမှာ အရှိန်အဟုန်တစ်ခု ရောက်လာတယ်။

ဒီ အရှိန်အဟုန်တစ်ခုရောက်လာတဲ့အခါမှာ ခုခံစစ်က စနစ်တကျဖြစ်လာတယ်။ နောက်ဘာဖြစ်လာလဲဆိုတော့ စစ်တပ်မှာ စစ်တပ်ဆိုတာ Professional Army တည်ဆောက်ဖို့အတွက် Federal Army တည်ဆောက်ဖို့အတွက် ဦးတည်တယ်။ ကာကွယ်ရေး ဝန်ကြီးဌာနက ။ ဒီဟာမှာ Command Structure အင်မတန် အရေးကြီးတယ်။ Change of Command အရေးကြီးတယ်။ ဒါကြောင့်လည်း အခုဆိုရင် တိုင်းရင်းသား၊ တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက အင်မတန်မှ စစ်ရေးအတွေ့အကြုံရှိတယ် နှစ်ပေါင်းများစွာ။ သူတို့ရဲ့ သွန်သင်မှု သူတို့ရဲ့ သင်ကြားမှုတွေ အများကြီး PDF တွေ ယူလာတယ်။ MOD အတွက်လည်း အများကြီး အကူအညီတွေ ရတယ်။ ဒီ ဦးဆောင်မှု ရခဲ့တယ်။ ရလည်း ရခဲ့တယ်။ ပေးလည်း ပေးနေတယ်။

ဒီ Command Structure တည်ဆောက်ဖို့ ပထဝီဒေသအရ စစ်ရေးအရ လုပ်တာမှာ ဒီ C3C ဆိုတဲ့ Command Structure ရှိတယ်။ နောက်ပြီးတော့ J2C ဆိုတာ ရှိမယ်။ အဲဒီမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေက ဦးဆောင်ပြီးတော့ လုပ်တယ်။ အဲဒီဒေသမှာ ဦးဆောင်ပြီးတော့ လုပ်တယ်။ အားလုံးကတော့ ဗဟို။ ဗဟိုမှာ စစ်တိုင်း ၃ တိုင်းရှိတယ်။ အမှတ် ၁ ရယ်၊ အမှတ် ၂ ရယ်၊ အမှတ် ၃ ရယ်။ အဲဒါမျိုးတွေ ညှိနှိုင်းဆောင်ရွက်တာတွေ ရှိတယ်။ ခုနတုန်းက မေးခွန်းဖြေရမယ်ဆိုရင် ဒီ စနစ်တကျ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလကပဲ စလုပ်လာတာ။

ဒီ တိုတောင်းတဲ့အချိန်ကာလအတွင်းမှာ ဒီလိုမျိုး ၁၀၀ ရာခိုင်နှုန်း မဟုတ်သေးပေမယ့် စနစ်ကျတဲ့ အတိုင်းအတာတစ်ခုကို အချိန်တိုတိုအတွင်းမှာ ရောက်လာတာ ဝမ်းသာဖို့ကောင်းတယ်။ ဒါကြောင့်လည်း အောင်ပွဲတွေ ဆင်နွှဲနိုင်တာ။ ဆက်လက်လည်း လုပ်ရမယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား မဟာမိတ်တွေရဲ့ စစ်ရေးဦးဆောင်မှုတွေရဲ့ အောက်မှာ လုပ်စရာတွေလည်း အများကြီးရှိတယ်။ အဲဒါမျိုးတွေ လုပ်ခြင်းအားဖြင့် ပိုမိုခိုင်မာ ကျစ်လျစ်ခိုင်မာတဲ့ Chain of Command တည်ဆောက်ပြီးတော့ မြန်မြန် ရေတို အချိန်တိုတွင်းမှာ တော်လှန်ရေးအောင်ပွဲကြီးကို ရရှိမယ်လို့ ပြောကြားချင်ပါတယ် ခင်ဗျာ။

မေး။ ။ ဒီတော်လှန်ရေးက ၃ နှစ်ထဲကို ဝင်လာပြီပေါ့နော်။ ၃ နှစ်ထဲ ဝင်လာတဲ့ တော်လှန်ရေးတစ်ခုမှာ အသက်တွေကို စွန့်ကြတယ်။ ဘဝတွေကို စွန့်ကြတယ်။ ဥစ္စာပစ္စည်းတွေကို စွန့်ပြီးတော့ ဒီထောက်ပို့ရေးပိုင်းကို လုပ်ဆောင်နေတဲ့ လူတွေ ရှိတယ်။ အသက် ပဓာနမထားဘဲနဲ့ တိုက်ပွဲဝင်နေကြတဲ့လူတွေ ရှိတယ်။ အမျိုးမျိုးပေါ့။ ဒီလိုမျိုးပဲ ကိုယ့်ရဲ့ အလုပ်တွေကို စွန့်ပြီးတော့ CDM ဝင်လာကြတဲ့ လူတွေ ရှိတယ်။ တချို့ဆိုရင် လုံးဝ အလုပ်ကို ထွက်လိုက်ပြီးတော့ ဓမ္မဘက်ကို ရပ်တည်လာကြတဲ့ လူလည်း ရှိတယ်။ ဒီလိုမျိုးပဲ စစ်တပ်ဘက်မှာဆိုရင်လည်း ပြည်သူ့ရင်ခွင်ကို ဝင်လာတဲ့ စစ်သားတွေ အများကြီးပဲ ရှိတယ်။ အခုလည်းပဲ အလင်းဝင်လာတဲ့ လူတွေ ရှိတယ်။ ဆိုတော့ အဲဒီလို အခြေအနေမှာ NUG ဘက်ကလည်း NUG အပါအဝင် ဒီဘက်၊ ရှမ်းပြည်နယ် မြောက်ပိုင်းကတော့ ကိုးကန့်ပေါ့။ ဒီဘက် တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်တဲ့ တိုင်းရင်းသားဒေသတွေ တိုက်တဲ့နေရာမှာ အောင်ပွဲတွေလည်း ရလာပြီ။ ကိုယ်ပိုင်အုပ်ချုပ်နေတာတွေလည်း ရလာပြီဆိုတော့ ဒီနေရာမှာ ဒီလို အခြေအနေ အောင်ပွဲတွေ ရလာတဲ့တိုင်အောင် စကစရဲ့ ရုံးဌာနတွေမှာ ဆက်လက်ပြီးတော့ အလုပ်လုပ်နေတဲ့ Non CDM တွေ ရှိတယ်။ ဆက်ပြီးတော့ တိုက်ပွဲဝင်နေတဲ့ လက်နက်လည်း အလင်းဝင်လာတာ မရှိသေးတဲ့ တပ်သားတွေလည်း အများကြီး ရှိနေသေးတယ်။

အဲဒီလို အခြေအနေမှာ NUG အနေနဲ့ CDM တွေ ပိုဝင်လာဖို့ ၊ ပြည်သူ့ရင်ခွင်ကို စစ်သားတွေ ဝင်လာဖို့ အသီးသီး မြောက်ပိုင်းဘက်ကဆို ထုတ်ပြန်ချက်ထုတ်ပြန်တာ ရှိတော့ အဲဒီလို လုပ်နေရက်နဲ့တောင်မှ လက်ရှိလုပ်ငန်းခွင်တွေ လက်ရှိလုပ်နေတဲ့ တာဝန်တွေကနေ မစွန့်ခွာဘဲနဲ့ ဆက်လက်ရပ်တည်နေကြတဲ့ လူတွေအတွက် ပြတ်သားတဲ့ မူဝါဒမျိုး NUG မှာ ရှိထားပြီလားရှင့်။ ဆိုလိုတာက ကျွန်မတို့ ဒီ ပြည်သူ့အောင်ပွဲတွေ ဆက်ပြီးတော့ တိုင်းပြည်ကြီးကို ဖက်ဒရယ် စနစ်ကို သွားမယ်။ သွားတဲ့အချိန်မှာ ရုံးဌာနတွေ ပြန်ပြီးတော့ အသက်ဝင်လာမယ်။

အဆင့်ဆင့်ကို ဝင်လာတဲ့အချိန်မှာ ဒီလူတွေဟာ ဒီနေရာမှာပဲ ဆက်ပြီးတော့ အလုပ်တာဝန်တွေ ဆက်လုပ်ခွင့်ရမလား ၊ ဒါမှမဟုတ် ဒီလူတွေအတွက် ဘယ်လိုဟာမျိုး အဲဒီလိုမျိုးရှိတယ်ဆိုတဲ့ မူဝါဒမျိုးတွေနဲ့ လုပ်ဆောင်တာမျိုးရော ရှိလားရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ဓမ္မအတွက် တော်လှန်နေတဲ့လူတွေ အများကြီး ရှိနေတော့ အဲဒါနဲ့ ပတ်သက်လို့ NUG အနေနဲ့ ဒီရက်ပိုင်းပဲ ဖြစ်ဖြစ်ပေါ့ လုပ်ဆောင်သွားမယ့် လှုပ်ရှားမှု တစ်ခုခုရှိသလား။

ဖြေ။ ။ ခုန ဆရာမ ပြောသွားတဲ့အထဲမှာ အများကြီး ပါပါတယ်။ ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ တချို့ဆို အသက်ပေးသွားပြီ။သွေးတွေ ချွေးတွေလည်း ရင်းခဲ့ကြတယ်။နောင်တချို့ကျလည်း ကိုယ့်ရဲ့ ရှိတာတွေ အကုန်ချွတ်ပြီးတော့ တော်လှန်ရေးထဲကို လှူတဲ့ အများကြီးပါ။ နောက်အခု ထောက်ပို့လုပ်နေတဲ့ လူတွေဆိုရင်လည်း သူတို့အသက်ကို မပေးပေမယ့် သူတို့ရဲ့ ချွေးနည်းစာထဲက တော်လှန်ရေးရဲဘော်တွေ ရဲမေတွေကို ထောက်ပံ့ကူညီပေးနေတယ်။

တော်တော်များများဆိုရင် ရှင်းရှင်းပြောရင် အိမ်နီးချင်းတိုင်းပြည်တွေမှာ ရှိနေတဲ့ လူတွေ အများကြီး လှူကြတယ်။ ထိုင်းနိုင်ငံဘက်မှာတိုရင်။ အများစုက Undocumented , Migrant Worker တွေ။ သူတို့မှာ တရားဝင်မဟုတ်ဘဲနဲ့ အနှိမ်ခံပြီး လုပ်နေတဲ့ ပင်ပင်ပန်းပန်း ပိုက်ဆံတွေ လှူဒါန်းကြတာတွေ ရှိတယ်။ စကစကို အကြမ်းဖက်ဝါဒကို ခုခံတော်လှန်တာပေါ့။ လက်နက်မစွဲကိုင်ပေမယ့် သူတို့ရဲ့ ချွေးနည်းစာနဲ့ ထောက်ပို့ခြင်းအားဖြင့် ခုခံတော်လှန်တယ်။

တချိန်တည်းမှာပဲ တချို့ ပြည်သူ့ သစ္စာဖောက်တွေလည်းရှိတယ်။ ဥပမာဆိုရင် ပျူစောထီးတို့လိုမျိုး ၊ ဒလန်တွေလိုမျိုးပေါ့။ သူတို့တွေကျတော့ ဥပဒေ ချိုးဖောက်တာ။ တရားဥပဒေ ချိုးဖောက်တာ။ သူတို့အတွက်ကျတော့ သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် သူတို့ တရားဥပဒေအရ အရေးယူတာခံရမှာ တချို့လူတွေ ခေါင်းဆောင်ပိုင်းတွေ ဆိုရင် ပြည်တွင်း ဥပဒေ သာမကဘူး နိုင်ငံတကာ ဥပဒေပါ ချိုးဖောက်တဲ့ လူတွေ ဆိုရင် နိုင်ငံတကာဥပဒေ အရ အရေးယူခံရမယ့် လူတွေလည်း မနည်းပါဘူး။ စကစ ခေါင်းဆောင်တွေ ရှိမယ်။

နောက်တစ်ခုကကျတော့ ခုနတုန်းက မေးခွန်းမေးတဲ့ဟာပါ ။ ဒီတပ်မတော်သားတွေရှိတယ်။ ပြည်သူ့ရင်ခွင်ကို ခိုလှုံတဲ့ တပ်မတော်သားတွေ၊ စောစောပိုင်းကတည်းက ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလ ရရာလက်နက်စွဲကိုင်ပြီး တိုက်ပွဲဝင်နေကတည်းက ပြည်သူ့ဘက်ရပ်တည်နေတဲ့ သူရဲကောင်းတွေ ရှိတယ်။ အခန်းကဏ္ဍပေါင်းစုံကနေ ဆက်လက်ပြီးတော့ ပါဝင်နေကြတာလည်း ရှိသလို ကိုယ့်အိမ်ကိုယ် ပြန်သွားတဲ့ လူတွေလည်း ရှိတာပေါ့နော်။ ဒါတွေကကျတော့ ပြည်သူ့ဘက်က ရပ်တည်တဲ့ လူတွေ။ ဒါကြောင့် အခုမှာလည်း စစ်တပ်ဘက်မှာ အာဏာရူးတွေ တစ်စုအတွက်ကို အသက်ပေးတိုက်နေတဲ့ လူတွေ ရှိနေသေးတယ်။ အဲဒီလူတွေကို အချိန်မနှောင်းခင် ဘက်ပြောင်းဖို့အတွက် တိုက်တွန်းပြောကြားနေတယ်။ မဟုတ်ရင် အခု မြင်နေတဲ့အတိုင်းပဲ သူတို့ အဓမ္မဘက်မှာ ရပ်တည်နေတဲ့အတွက်ကြောင့် အဓမ္မဘက်က လူတွေ ဘယ်လောက်သေကျေနေကြလဲ။

ဘယ်သူမဆို ကိုယ့်အသက်ကို ကိုယ်တန်ဖိုးထားကြတာပဲ။ ပြည်သူ့ဘက်ကို ပြောင်းခြင်းအားဖြင့် ရှင်းရှင်းပြောရင် အာမခံရာရတာပဲ။ နောက်တစ်ခုကကျတော့ ပြည်သူ့ဘက်ပြောင်းတဲ့အတွက်ကြောင့် သစ္စာဖောက်မဖြစ်တော့ဘူး။ အဲဒါလေးတွေ ရှိတယ်။ နောက်ပြီးတော့ အရပ်ဘက်ဌာနတွေမှာ လုပ်နေတဲ့ CDM ဝန်ထမ်းတွေရှိတယ်။ ဒီ စစ်တပ်ဘက်မှာ လုပ်နေတဲ့ ရှင်းရှင်းပြောရင် စစ်သားဆိုတာလည်း နိုင်ငံတော် ဝန်ထမ်းပဲ။ နိုင်ငံတော်က ပြည်သူတွေ ကျွေးထားတာနဲ့ လခရတာ။ ပြည်သူတွေက လခပေးထားတာ။ နိုင်ငံတော်ရဲ့ ဘဏ္ဍာနဲ့ ပေးထားတာ။

အဲဒီတော့ တချို့ကကျတော့လည်း ပြည်သူ့ရင်ခွင်ကို ခိုလှုံတာ မဟုတ်ဘူး၊ လုပ်တာ မဟုတ်ဘူး။ ဒါပေမဲ့ အထဲမှာ နေပြီးတော့ ဖရဲသီးလိုမျိုး နွေဦးတော်လှန်ရေးကို ပံ့ပိုးပေးနေတဲ့ လူတွေလည်း မနည်းဘူး။ သူတို့ရဲ့ တန်ဖိုးလည်း မသေးလှဘူး။ အဲဒါတွေကြောင့် ကျွန်တော်တို့တွေက သိမ်းကျုံးပြီးတော့ Non CDM အားလုံးက ရန်သူပဲ စကစ ဘက်တော်သားတွေပဲလို့ ပြောလို့မရဘူး။ အခြေအနေအမျိုးမျိုးရှိတယ်။ အချိန်အခါမျိုးမျိုးရှိတယ်။ တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ လူတွေလည်း အများကြီး ရှိတယ်။ အထောက်အကူပြုခဲ့တယ်။ ပြုနေတုန်းပဲ ဆိုသူတွေ အများကြီးရှိတယ်။

အဲဒါတွေကို သိမ်သိမ်မွေ့မွေ့နဲ့ လုပ်ကိုင်သွားရမယ်ဆိုတဲ့ အနေအထားရှိတယ်။ ဒီအခြေအနေမှာတော့ ကျွန်တော့်အနေနဲ့ စောသေးလို့ ဒီလောက်ပဲ။ ကျွန်တော်ပြောတာ ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲဆိုတာ ပေါ်မှာပေါ့နော်။ အဓိက ကျွန်တော်ပြောခဲ့သလိုပါပဲ ဘယ်သူပဲ ဘယ်ဘက်မှာ ဘယ်နေရာမှာပဲ ရှိနေ ရှိနေ ပြည်သူ့သစ္စာမဖောက်ဖို့အရေးကြီးတယ်။ ပြည်သူ့သစ္စာ မဖောက်သရွေ့ကတော့ ကျွန်တော်တို့ အနေနဲ့ ကျွန်တော့် Personally ပြောတာပါ။ ကြောက်စရာမလိုဘူး။ ကိုယ့်ရဲ့ အခြေအနေအချိန်အခါအရလုပ်တာရှိတယ်။

အားလုံးသူက တိုင်းပြည် ပြန်လည်တည်ဆောက်ဖို့အတွက် တော်လှန်ရေးမှာ အခန်းကဏ္ဍပေါင်းစုံက ပါဝင်နေသလို တော်လှန်ရေးအလွန်ကာလမှာလည်း နိုင်ငံတော် ပြန်လည်တည်ဆောက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့အတွက် အခန်းကဏ္ဍပေါင်းစုံက ပါဝင်ဆောက်ရွက်ရမှာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူကို သစ္စာ မဖောက်မိဖို့အတွက် သတိပြုကြပါ။ အချိန်မနှောင်းသေးပါဘူးဆိုတာ ပြောကြားချင်ပါတယ်။

ဒါကြောင့် CDM လုပ်ဖို့ အခြေအနေရှိတဲ့ လူ လုပ်ကြ၊ နောက်ပြီးတော့ CDM မလုပ်နိုင်ဘူး တပ်ကနေ စွန့်ခွာမယ်။ သူ့နည်းသူ့ဟန်နဲ့ စွန့်ခွာမယ်ဆို စွန့်ခွာသွားကြ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကို သတ်ရင် လူသတ်မှု ကျူးလွန်နေတာ။ အဲဒီဟာကို ရပ်တန်းက ရပ်ပြီးတော့ မှန်ကန်တဲ့ ဘက်ကို ရပ်တည်ဖို့လိုတယ်။ ထိုနည်းလည်းကောင်းပဲ အရပ်ဘက်ဝန်ထမ်းတွေဆိုရင်လည်း ပြည်သူတွေဘက်က ရပ်တည်ဖို့ဆိုတာကိုလည်း တိုက်တွန်းပြောကြားလိုပါတယ် ခင်ဗျာ။

မေး။ ။ ဒါ အခုချိန်က အချိန်အခါကောင်းပေါ့နော် ။

ဖြေ။ ။ ဟုတ်ပါတယ်။ အချိန်အခါကောင်း. တချို့ကျတော့လည်း အခြေအနေကြောင့် လုပ်ရတာပါဆိုတာ။ အခုအခြေအနေက ပေးနေပြီ။ ပေးနေတဲ့အချိန်မှာ ဘက်ပြောင်းဖို့ ပြည်သူ့ဘက်ပြောင်းဖို့ တိုက်တွန်းချင်တယ်ပေါ့နော်။ နိုင်ငံတကာမှာလည်း ကြည့်လိုက်ရင် စစ်တပ်က ကျဆုံးနေပြီ။ Just a matter of time ဆိုတဲ့ အချိန်ပိုင်းပဲ လိုတော့တယ်ဆိုတာ အားလုံးတညီတညွတ်နဲ့ ပြောနေတယ်။

အဲဒီတော့ ဒီ ရှုံးနေတဲ့ စစ်ခေါင်းဆောင်တွေဘက်က အသက်ပေးပြီးတော့ လုပ်နေကြမလား ၊ ပြည်သူကို ဆက်လက်ပြီး သစ္စာဖောက်နေကြမလား ကျွန်တော် မေးခွန်းထုတ်ချင်တယ်။ မှန်မှန်ကန်ကန်ဘက်ကို အခြေအနေကောင်းတုန်းမှာ မှန်ကန်တဲ့ ဘက်ကို ပြောင်းဖို့ ပြည်သူ့ဘက်ကို ပြောင်းဖို့ဆိုတာ တိုက်တွန်းပြောကြားလိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article