ခရမ်းမြို့နယ်၊ ဘုရားပျိုရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်၊ မော်လမြိုင်မြို့ရှိ လဝကရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ခရမ်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂ ရက် ညနေ ၆ နာရီ မိနစ် ၄၀ခ န့်က ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ မြသိန်းတန် ဘုန်းကြီးကျောင်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ပြင်းအားမြင့် ဗုံးသီး အသုံးပြု တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများစုဝေးနေသည့် နေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
“ဘုရားပျို မြသိန်းတန်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ပြင်းအားမြင့် ဗုံးသီးကျွေးခဲ့ပါတယ်၊ ထိချက်ကောင်းတယ် စခတွေ စုဝေးနေတဲ့နေရာကို ကျသွားတာပါ၊ ခရမ်း-PDF တပ်ဖွဲ့ဝင်အား လုံး အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ခရမ်း-PDFရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ ဗုံးကျဲတိုက်ခိုက်ပြီးနောက် ခရမ်းဆေးရုံမှ အရေးပေါ်လူနာတင်ကားလည်း ဘုရားပျိုကျေးရွာဘက် မောင်းနှင်သွားကြောင်း ခရမ်းမြို့နေပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ် ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာ ၄ ခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လဝကရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ကျော်ခန့်တွင် မော်လမြိုင်မြို့ရှိ လဝကရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မြို့ပေါ်၌ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေကာ အိမ်စီးကားများဖြင့် လှည့်လည်နေကြောင်း သိရသည်။
“မော်လမြိုင် လဝကရုံး ဒရုန်းနဲ့ ဗုံးကျဲခံရတယ်။ ဒီနေ့ ည ၇ နာရီကျော်လောက်က ဖြစ်တာ အခုမြို့ပေါ်မှာ စစ်ကားတွေ အိမ်စီးကားတွေ ရှုပ်နေတယ်။ မီးတွေလည်း ပျက်နေပြီး အကုန်လုံး တိတ်ဆိတ်နေတယ်။ ဗုံးသံက အကျယ်ကြီးပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။