ရန်ကုန်၊ ဇွန် ၂၀
ထိုင်းနိုင်ငံ၊ လော့ပူရီ (Lopburi) ခရိုင်အတွင်း တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ပစ်ကပ်ကား ၁ စီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် လော့ပူရီခရိုင်အတွင်းရှိ လမ်းမကြီးတစ်ခုတွင် ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် ပစ်ကပ်ကား ၁ စီးကို တားဆီးစစ်ဆေးခဲ့ရာ ကားနောက်ခန်းတွင် တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည်ကို တွေ့ရှိခဲ့၍ မြန်မာနိုင်ငံသား ယာဉ်မောင်းနှင့် လမ်းပြပွဲစား အပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၇ ဦးကို စစ်ဆေးချက်များအရ တရားဝင် နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားစာရွက်စာတမ်း တစ်စုံတစ်ရာ မရှိကြောင်း၊ မြန်မာနိုင်ငံသား ယာဉ်မောင်းဖြစ်သူနှင့် ကားရှေ့ခန်းတွင် လိုက်ပါလာသော လမ်းပြမြန်မာပွဲစားဖြစ်သူတို့၏ ထွက်ဆိုချက်အရ မြန်မာအလုပ်သမားများကို နခွန်စဝန် (Nakhon Sawan) ခရိုင်၊ တာ့ခ်ဖ (Tak Fa) လမ်းဆုံအနီးမှ စတင်တင်ဆောင်လာခြင်းဖြစ်ပြီး စရဘူရီ (Saraburi) ခရိုင်၊ နောင်းဒုန်း (Nong Don) မြို့နယ်သို့ ပို့ဆောင်ပေးရန်အတွက် လူတစ်ဦးလျှင် ဘတ် ၁၀၀၀ စီဖြင့် အခကြေးငွေယူ၍ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၇ ဦးလုံးကို သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ကာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အမှုဖွင့်အရေးယူပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၁၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ထိုင်းစစ်တပ်တို့ ပူးပေါင်းကာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှ မဲဆောက်မြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို နှိမ်နင်းရန် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်စေဉ် မဲဆောက်မြို့နယ်၊ မယ်ကဆာကျေးရွာအုပ်စု (Mae Kasa) အတွင်းရှိ သောင်ရင်းမြစ်ကမ်းဘေးတစ်နေရာတွင် မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးကို သံသယဖြစ်ဖွယ် တွေ့ရှိရ၍ စစ်ဆေးမေးမြန်းခဲ့ရာ တရားဝင်ခရီးသွားစာရွက်စာတမ်း ပတ်စ်ပို့နှင့် ထိုင်းနိုင်ငံအတွင်း ယာယီဝင်ရောက်နေထိုင်ခွင့် စသည့် အထာက်ထားတစ်စုံတစ်ရာ မရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ကာ တရားမဝင် ခိုးဝင်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၃ ဦးကို “ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှု” ဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်နိုင်ရန် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာ၏ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ထိန်းသိမ်းရေးစခန်းသို့ လွှဲပြောင်းထိန်းသိမ်းထားပြီး ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် နယ်စပ်ရေပြင်ပိုင်နက်အတွင်း တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ရနောင်းရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၁၆ ရက်နေ့တွင် ရနောင်းရေတပ်ရဲတပ်ဖွဲ့ မှရဲမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ရနောင်းရေပြင်ပိုင်နက်အတွင်း ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်စဉ် အထောက်အထားတစ်စုံတစ်ရာမရှိဘဲ ရေလမ်းကြောင်းမှ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၂ ဦးကို စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း တရားမဝင် ထပ်မံခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၂ ဦးကို လုံခြုံရေးပူးပေါင်းအဖွဲ့က ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
လက်ချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အရေးယူထားပြီး၊ မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်နိုင်ရန် ရနောင်းမြို့မရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းထားကြောင်း သိရှိရသည်။






