ရန်ကုန်၊ ဇွန် ၂၀
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ပြင်းထန် ဒဏ်ရာရရှိသူများပြားကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျင်ဒွေးမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူ ၁၁ ဦးရှိကြောင်း သိရသည်။
“အခုက အဆက်အသွယ်တွေ ခက်ခဲနေလို့ ပြင်းထန်ဒဏ်ရာရတဲ့ သူတွေရဲ့ အခြေအနေကို မသိရသေးဘူး။ ဒဏ်ရာ အခြေအနေတွေက ပြင်းထန်တယ်လို့ပဲ ကနဦးကြားထားရသေးတာပါ” ဟု ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ကန်ပက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေ၍ ပြည်သူများ လေယာဉ်သံကြားပါက ဗုံးခိုကျင်းများတွင် နေထိုင်ကြရန် ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက အသိပေးပြောဆိုထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ယောက်သွားအိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ရွှေဘိုမြို့နယ်အခြေစိုက် အမှတ် ၈ လေ့ကျင့်ရေးတပ်မှ အသေခံဒရုန်း ၂ စီး၊ လက်နက်ကြီးများဖြင့် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာ အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ တောတိုက်ထဲများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အလယ်ရှိုကျေးရွာမှ စစ်ဘေးရှောင် အသက် ၁၈ နှစ်အရွယ် ကျောင်းသူ ၁ ဦး သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူများ နေထိုင်ရာ တဲ ၁ လုံးလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“မနေ့ နံနက်ပိုင်းက ရွှေဘိုလေ့ကျင့်ရေး ၈ ကနေ စစ်ခွေးတွေက အသေခံဒရုန်း၊ လက်နက်ကြီးတွေနဲ့ပါ လှမ်းပစ်တာ ယောက်သွားအိုင်ရွာအပြင်ဘက်က စစ်ရှောင်တွေခိုလှုံနေတဲ့ တောတိုက်ထဲကို ကျည်ကျရောက်ပေါက်ကွဲပြီး အလယ်ရှိုရွာကနေ လာရှောင်နေတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသူကလေးမလေး ၁ ဦး သေဆုံးတယ်။ စစ်ရှောင်တဲ ၁ ခုလည်း ပျက်စီးတယ်လို့ ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျီကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် လေကြောင်းဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာအတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဒီနေ့ညနေ ၅ နာရီခွဲကျော်လောက်မှာ တံတားဦးလေတပ်က တက်လာတဲ့ စစ်ခွေးတွေရဲ့ ဂျက်ဖိုက်တာ ၁ စီးက ချောင်းဦးမြို့နယ် ကျီကုန်းရွာကို ဗုံးကျဲတိုက်ခိုက်သွားတယ်။ ပြည်သူတွေရှိတဲ့ရွာကို အကြောင်းမဲ့သက်သက် လာချသွားတာ။ စစ်ခွေးတွေရဲ့ ဗုံးကျဲတိုက်ခိုက်တာမှာ ပြည်သူတွေ ထိခိုက်တာနဲ့ အိမ်တွေပျက်စီးတာကိုတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မေလ ၃၁ ရက်နေ့မှ စတင်ပြီး ချောင်းဦးမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးခဲ့သည့် အကြမ်းဖက် စစ်တပ်ကလည်း ဆင်မြေကျေးရွာ၊ ငါးလုံးတင်ကျေးရွာနှင့် မှန်ချိုကျေးရွာတို့မှ နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဧပြီလပိုင်းက ကန်ပက်လက်မြို့ပေါ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော အဆောက်အဦးများ။ (ပုံအဟောင်းဖြစ်သည်)





