26.8 C
Yangon

ဆောမြို့နယ်တွင် တပ်မ ၉၉ မှ ဗိုလ်မှူး စိုင်းအောင်မောင်းနှင့် ဗိုလ်ကြီး သီဟအောင်တို့ ဦးစီးသော စစ်ကြောင်းက တပြင်းကျေးရွာသို့ ရောက်ရှိစဉ် ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်ခဲ့

Must read

ရန်ကုန်၊ ဇွန် ၂၀

မကွေးတိုင်း၊ ဆောမြို့နယ်တွင် တပ်မ ၉၉ မှ ဗိုလ်မှူး စိုင်းအောင်မောင်းနှင့် ဗိုလ်ကြီး သီဟအောင်တို့ ဦးစီးသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တပြင်းကျေးရွာသို့ ရောက်ရှိစဉ် ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာကို ဝင်ရောက်ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ရဲစခန်းဟောင်းနှင့် ပြည်သူ့နေအိမ်တချို့တွင် ဝင်ရောက်တပ်စွဲခဲ့သော မိတ္ထီလာအခြေစိုက်တပ်မ ၉၉ မှ ဗိုလ်မှူး စိုင်းအောင်မောင်းနှင့် ဗိုလ်ကြီး သီဟအောင်တို့ ဦးစီး နေသော စစ်ကြောင်းသည် တပြင်းကျေးရွာသို့ ဝင်ရောက်စဉ် ပြည်သူ ၄ ဦးကို ဖမ်းဆီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ကာ ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကြောင်းဝင်ကတည်းက ပျောက်နေတာ၊ အဖမ်းခံရတာလား၊ တနေရာရာမှာ ထွက်ပြေးတိမ်းရှောင်နေလား မသိရတာ၊ အခုမှ အလောင်းကို တွေ့လို့ အတည်ပြုနိုင်တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကိုသန်းတိုးအောင်က ပုံတောင်နတ်ထိပ်မှာ လက်ပြန်ကြိုးတုတ်ပြီး အသတ်ခံထားရတာ၊ အခု တွေ့တော့ အရိုးစုပဲရှိတော့တယ်။ အသားတွေတောင်မရှိတော့ဘူး။ အင်္ကျီနဲ့ ပုဆိုးလေးပဲ ပုံရိုက်ယူလာခဲ့ရတယ်။ ရွာထဲမှာက ၃ ဦးအသတ်ခံထားရတယ်။ ရွာထဲဝင်တာနဲ့ တရားလုံး ပုတ်စော်နံနေတာ အလောင်းတွေကိုလည်း ဘယ်သူမှ သင်္ဂြိုလ်ပေးလို့မရဘူး” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခံထားရသူများမှာ အသက် အသက် ၇၈ နှစ်အရွယ် ဦးဖေ မောင်၊ အသက် ၃၀ အရွယ် ကိုသန်းတိုးအောင်အပါအဝင် ၄ ဦးဖြစ်ပြီး ကျန်သူနှစ်ဦးမှာ အမည်၊ အသက်အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ စစ်တပ် စစ်ကြောင်းကလည်း တပြင်းကျေးရွာ အတွင်း၌ ဆက်လက်၍ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

တပြင်းကျေးရွာသို့ စတင်ရောက်ရှိသည့် မေလ ၁၅ ရက်နေ့မှစ၍ ကျောက်ထုမြို့ဘက်သို့ ဆက်လက် ထွက်ခွာစဉ်တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခြင်းကြောင့် တစ်ပတ်ခန့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်ကြောင်းမှူး ဗိုလ်မှူး စိုင်းအောင်မောင်း အပါအဝင်အများ အပြားသေဆုံးခဲ့ပြီး ဗိုလ်ကြီး သီဟအောင်က ဦးစီး၍ တပြင်းကျေးရွာ၌ ခြေကုပ်တပ်စွဲထား ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်သားများ သတ်ဖြတ်ပြီး စွန့်ပစ်ခံထားရသော ကိုသန်းတိုးအောင်၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article