34 C
Yangon

နေပြည်တော်မှာ ကျင်းပမယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ဝန်ကြီးများညီလာခံကို ဖျက်သိမ်းပေးဖို့ တောင်းဆို

Must read

နေပြည်တော်မှာ ကျင်းပမယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ဝန်ကြီးများညီလာခံကို ဖျက်သိမ်းပေးဖို့ တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာစစ်အုပ်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစီအစဉ် ဝန်ကြီးများ ညီလာခံကို ဖျက်သိမ်းပေးဖို့နဲ့ GMS အစီအစဉ်ကနေ စစ်အုပ်စုကို ဖယ်ရှားပိတ်ပင်ဖို့ Justice For Myanmar က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်အုပ်စုအနေနဲ့ နိုင်ငံကိုထိုင်းချုပ်ထားနိုင်မှု ဆက်တိုက်ကျဆင်းနေပြီး နယ်မြေစိုးမိုးမှု အလျင်အမြန် ဆုံးရှုံးနေချိန်မှာပဲ အဆိုပါ ညီလာခံကို ကျင်းပရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။

(၂၆) ကြိမ်မြောက် မဟာ မဲခေါင်ဒေသခွဲ (GMS) အစီအစဉ် ဝန်ကြီးများ ညီလာခံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်နေတာပါ။

GMS အတွင်းရေးမှူးရုံးအဖြစ် ဆောင်ရွက်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ၎င်းတို့အနေနဲ့ အဆိုပါဝန်ကြီးများ ညီလာခံကို တက်ရောက်မှာ မဟုတ်သလို မည်သည့် ပံ့ပိုးကူညီမှုများလည်း ပေးအပ်မှာ မဟုတ်ဘူးလို့ Justice For Myanmar ရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားထားပါတယ်။

အေဒီဘီဘဏ် အနေနဲ့ ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံများမှ အဆိုပါညီလာခံကို တက်ရောက်သူများအတွက် ကုန်ကျစရိတ်များကိုလည်း ပံ့ပိုးပေးသွားမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

အေဒီဘီဘဏ် အနေနဲ့ GMS အစီအစဉ်တွေထဲမှာ စစ်အုပ်စု ဆက်လက်ပါဝင် ပတ်သက်နေပါက ၎င်းတို့ရဲ့ ပံ့ပိုးကူညီမှုများကို ပြန်လည်စဉ်းစားဖို့ JFM က တိုက်တွန်းထားပါတယ်။

ညီလာခံကို လက်ခံကျင်းပမယ့် စစ်အုပ်စုဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက် ဗုံးကျဲမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနဲ့ လူအများအပြားကို နေရပ်စွန့်ခွာစေမှုများကြောင့် ပြည်သူ ၂.၅ သန်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

ညီလာခံကို စစ်အုပ်စုရဲ့ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ကံဇော်က ဦးဆောင် လက်ခံကျင်းပမှာ ဖြစ်ပြီး၊ ၎င်းဟာ အမေရိကန် ပြည်ထောင်စုနဲ့ အီးယူတို့က ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသူလည်း ဖြစ်ပါတယ်။

ကံဇော်ဟာ စစ်အုပ်စုကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရရှိအောင် ကြိုးပမ်းရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ ၎င်းရဲ့ ပါဝင်မှုနဲ့ စစ်အုပ်စုလိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိစေခဲ့တယ်လို့ JFM က ဆိုပါတယ်။

Justice For Myanmar ရဲ့ သတင်းရင်းမြစ်တွေအရ ကံဇော်ဟာ တရုတ်၊ကမ္ဘောဒီးယား၊ လာအို နဲ့ ဗီယက်နမ်နိုင်ငံတွေက သက်ဆိုင်ရာ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးအဆင့်ရှိသူတွေကို ညီလာခံတက်ဖို့ ဖိတ်ကြားထားပြီလို့လည်း သိရပါတယ်။

ညီလာခံကို စစ်အုပ်စုရဲ့ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုဝန်ကြီး ဦးဆောင်တဲ့ ဦးဆောင်ကော်မတီနှင့် လုပ်ငန်းအဖွဲ့တွေက လတ်တလောမှာ စီစဉ်နေခြင်း ဖြစ်ပါတယ်။

အဲ့ဒီ့ကော်မတီထဲမှာ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ကိုယ်စားလှယ်တစ်ဦး ပါဝင်နေပြီး၊ MEC ဟာ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်း ခံထားရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ဝါဒဖြန့်ဖို့ သတင်းထုတ်ပြန်ရေး စီမံခန့်ခွဲမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး၊ ညီလာခံမှတဆင့် ဝါဒဖြန့်ချိရေးကို အမြင့်ဆုံးလုပ်ဆောင်ဖို့ ရည်ရွယ်နေတယ်လို့လည်း JFM ကဆိုပါတယ်။

ညီလာခံကို International Group of Entrepreneur (IGE) ပိုင် Grand Amara Hotel မှာ ကျင်းပမှာဖြစ်ပြီး၊ IGE ကုမ္ပဏီအုပ်စုကိုတော့ ယခင်စစ်အုပ်ဏာသိမ်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အောင်သောင်းရဲ့ သားဖြစ်သူလည်းဖြစ်၊ စစ်အုပ်စု ရေတပ်အကြီးအကဲရဲ့ အစ်ကိုလည်းဖြစ်သူ နေအောင်က ပိုင်ဆိုင်ထားပါတယ်။

GMS ခေါင်းဆောင်များရဲ့ (၇) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ၂၀၂၁ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အဲ့ဒီ့ ညီလာခံကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး၊ GMS မဟာဗျူဟာမူဘောင် ၂၀၃၀ ကို တရားမဝင် ထောက်ခံမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသေးတယ်။

အဆိုပါမူဘောင်မှာ စစ်အုပ်စုက စွမ်းအင်း၊ သတင်း အချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ၊ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတို့မှာ လုပ်ဆောင်မယ့် စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ ၂၀၈.၃ သန်း ကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “GMS အစီအစဉ်နဲ့ အဲဒီအဖွဲ့ဝင်နိုင်ငံတွေက တရားမဝင် စစ်အုပ်စုကို ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားရုံသာမက ဝန်ကြီးများညီလာခံကို လက်ခံကျင်းပဖို့ပါ ခန့်အပ်တာက နားမလည်နိုင်စရာပါပဲ” လို့ ပြောပါတယ်။

“စစ်အုပ်စုက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုက ကျရှုံးနေပြီး၊ GMS အစီအစဉ်နဲ့ အဖွဲ့ဝင်နိုင်ငံတွေက စစ်အုပ်စုကို တရားဝင်မှု ပေးအပ်တာ၊ ရင်းနှီးမြှပ်နှံမှုတွေကတဆင့် အခွန်ဝင်ငွေတွေရပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ပိုလုပ်နိုင်အောင် အကူညီပေးတာတွေက ဆိုးရွားတဲ့ ကျင့်ဝတ်ဆိုင်ရာနဲ့ မဟာဗျူဟာအမှားကို ကျူးလွန်နေတာ ဖြစ်ပါတယ်” လို့လည်း သူမက ဆက်ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article