38 C
Yangon

နိုင်ငံရေးညစ်လုံးအဖြစ် AA က မူးယစ်ဆေးဝါးကိစ္စ ပတ်သက်ဟု စစ်ကောင်စီက တိုက်ခိုက်လာဟု ရခိုင်တပ်တော်က ထုတ်ပြန်

Must read

နိုင်ငံရေးညစ်လုံးအဖြစ် AA က မူးယစ်ဆေးဝါးကိစ္စ ပတ်သက်ဟု စစ်ကောင်စီက တိုက်ခိုက်လာဟု ရခိုင်တပ်တော်က ထုတ်ပြန်

ရန်ကုန်| ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသတို့တွင် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကို ဖမ်းမိထားရာ၌ AA မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီ၏ စွပ်စွဲပြောဆိုချက်ကို ရက္ခိုင့်တပ်တော် AA က ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၃ ရက်နေ့ ၊ ၄ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် AA အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး (ခ) ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ဖမ်းမိထားကြောင်း စစ်ကောင်စီက ဒီဇင်ဘာ လ ၁၈ ရက်နေ့က မြဝတီမီဒီယာမှတစ်ဆင့် ထုတ်ပြန် စွပ်စွဲခဲ့သည်။

စစ်ကောင်စီ၏ စွပ်စွဲချက်ကို ရက္ခိုင့်တပ်တော် AA က ငြင်းဆိုထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွင် လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်း AA မှ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း ထုတ်ပြန်ထားသည်။

ယခင်ကာလများကလည်း စစ်ကောင်စီသည် စစ်ရေးအရမယှဉ်နိုင်သည့်အချိန်တွင် ယခုကဲ့သို့ နိုင်ငံရေးညစ်လုံးများကိုသုံးကာ တိုက်ခိုက်ဖူးသည့် သာဓက ရှိခဲ့ဖူးကြောင်း AA က ဆိုသည်။

” ယခုစွပ်စွဲချက်သည်လည်း စစ်ကောင်စီ၏ လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးညစ်လုံးတစ်ခုသာ ဖြစ်ကြောင်း ” ဟု မြန်မာပြည်သူများအား AA က ထုတ်ပြန်အသိပေးထားသည်။

ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် ဖမ်းမိထားသည့် မူးယစ်ဆေးဝါးမှာ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိသော အိုက်စ်(မက်သ်အဖက်တမင်း) နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ကီလို ၈၀၀ ပါဝင်ကြောင်း သိရသည်။

ပထမ ဒီဇင်ဘာလ ၃ ရက်နေ့က ရှမ်းပြည်နယ် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ရန်နိုင်စိုး (ခ) ရန်နိုင် မောင်းနှင်လာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ် အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ယင်းဖမ်းဆီးမှုကို ဆက်လက်ဖော်ထုတ်စုံစမ်းရာမှာ ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းတွင် AA တပ်ဖွဲ့ဝင်များကို အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

AA တပ်ဖွဲ့ဝင်ဟုဆိုသူများမှာ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း (ခ) နောနော်၊ ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့ဖြစ်ပြီး ရွှေပြည်သာ (၁) ရပ်ကွက်က နောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်တွင် ဗိုလ်အဆင့်ရှိ ထွန်းလင်း (ခ) ပြုံးချိုအား ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင်လည်း ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်း၊ တပ်သားဦးထွန်းနုတို့အပြင် စိုးပိုင် (ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး စုစုပေါင်း ၆ ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားပြန်သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို AA မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး (ခ) ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပြီး ဖမ်းမိသူများအားလုံးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article