30 C
Yangon

မိတ္တီလာမြို့တွင် တာဝန်ကျနေသည့် ဒုရဲအုပ် ၁ ဦး ခြောက်လုံးပြူး သေနတ် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၄၀ ချီးမြှင့်

Must read

မိတ္တီလာမြို့တွင် တာဝန်ကျနေသည့် ဒုရဲအုပ် ၁ ဦး ခြောက်လုံးပြူး သေနတ် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၄၀ ချီးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မန္တလေးတိုင်း၊ မိတ္တီလာမြို့တွင် တာဝန်ကျနေသည့် ဒုရဲအုပ် ၁ ဦး ခြောက်လုံးပြူး သေနတ် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၄၀ ချီးမြှင့်ခဲ့​ကြောင်း Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိတ္ထီလာမြို့၌ တာဝန်ကျသော ဗိုလ်လေး အဆင့်ရှိ ဒုရဲအုပ် ဆန်းလင်း သည် Southern YSO PDF အဖွဲ့ထံ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ခြောက်လုံးပြူးကျည် အတောင့် ၃၀၊ ဗုံးသီး ၃ လုံး၊လက်ထိပ် ၁ ခု၊ 7.62×51 G3 ကျည် အတောင့် ၁၂၀ တောင့် တို့ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော ဒုရဲအုပ် ဆန်းလင်းသည် Southern YSO PDF အဖွဲ့ထံ လွန်ခဲ့သည့် ၃ လ တည်းက စတင် ဆက်သွယ်သော်လည်း လာရောက်ရမည့်နေရာ ဝေးသောကြောင့် ဆိုင်ကယ်တစ်ဆင့်၊ ကားတစ်ဆင့်ဖြင့် ခက်ခက်ခဲခဲ လာရောက်ခါ လက်နက်အပ် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းရောက်ရှိလာချိန်တွင် Southern YSO PDF မှ နွေးထွေးစွာ ကြိုဆိုပြီး ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကာ ဘေးကင်းလုံခြုံသည့် နေရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်ရောက်လာသော ဒုရဲအုပ် ဆန်းလင်းသည် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်းကို မနှစ်မြို့ခြင်း၊ ပြည်သူများ၏ အိုးအိမ် နှင့် စည်းစိမ်ကို မီးရှို့ ဖျက်စီး လုယှက်ယူဆောင်ခြင်း ကို မနှစ်မြို့ခြင်း၊ အာဏာရှင်အတွက် အလုပ်လုပ်ခြင်း ကို မနှစ်မြို့ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင်ဆီသို့ ဝင်ရောက်ခိုလုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Southern YSO PDF အနေဖြင့် နောက်ထပ် လက်နက်အပ် အလင်းဝင်ရောက်သွားမည့် စစ်ကောင်စီသားတွေကို နွေးထွေးစွာ ကြိုဆိုနေကြောင်း၊ ဆုကြေးငွေ ချီးမြှင့်ပေးရာမှ ငွေကြေးမလုံလောက်ခဲ့သည့်အတွက် ငွေ ချေးငှား ပေးဆောင်ရသောကြောင့် ပြည်သူများအနေဖြင့် နိုင်ရာဘက်မှ ပါဝင်ကူညီပေးပါလို့ အကူအညီတောင်းခံအပ်ကြောင်း၊ အလားတူ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်သားတစ်ဦး G-3 သေနတ် ၁ လက်နှင့် လက်နက်အပ် အလင်းဝင်ရောက်လာခဲ့ခြင်းကြောင့် ငွေ ကျပ် သိန်း ၈၀ ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့​ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article