25 C
Yangon

စစ်အာဏာရှင် တော်လှန်ရေး အပြီးသတ်ရန် NUG က တိုင်းရင်းသားတော် လှန် ရေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းနေပြီး ၂၀၂၄ ခုနှစ်တွင် အောင်ပွဲခံနိုင်ရေး အစွမ်း ကုန်ကြိုးပမ်းနေ

Must read

စစ်အာဏာရှင် တော်လှန်ရေး အပြီးသတ်ရန် NUG က တိုင်းရင်းသားတော် လှန် ရေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းနေပြီး ၂၀၂၄ ခုနှစ်တွင် အောင်ပွဲခံနိုင်ရေး အစွမ်း ကုန်ကြိုးပမ်းနေ

ရန်ကုန်၊ ဇန်နဝါရီလ ၁

အမျိုးသားညီညွတ်ရေးအစိုးရ- NUG အနေဖြင့် အင်အားကြီး တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းနေပြီး ၂၀၂၄ ခုနှစ် တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် စစ်အာဏာရှင် တော်လှန်ရေး အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ်စေရန် အစွမ်း ကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“NUG အနေနဲ့ကတော့ အင်အားကြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းနေ တာတွေရှိတယ်၊ အဲလိုပဲ စစ်ရေးအရရော၊ နိုင်ငံရေးအရရော ပူးပေါင်းဆောင်ရွက်နေတာတွေလည်း ရှိ ပါတယ်ဗျ၊ ဘယ်အဖွဲ့အစည်းတွေနဲ့လည်းဆိုတာတာ့နာ မည် ထုတ်ဖော်ပြောကြားလို့ရတဲ့ အခြေ အ နေမျိုး မဟုတ်သေးတဲ့အတွက်ကြောင့် မထုတ်ဖော်နိုင်သေးတာပေါ့နော်၊ ထုတ်ပြန် ပြောကြားလို့ရ တဲ့အချိန်ကျရင်လည်း လူသိအောင် သူ့နည်းသူ့ဟန်နဲ့သူ ထုတ်ပြန်ချက်တွေ ထွက်လာပါလိမ့်မယ်၊” NUG ပြည် ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုဖြင့် ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ် ဆင်ရေးတို့နှင့်အတူ နိုင်ငံတဝန်း အချိန်ကိုက်ထိုးစစ်များဖော်ဆောင်ခဲ့ရာ သိ သာထင်ရှား၍ လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ကြောင်း၊ ၎င်းအောင်မြင်မှုများ သည် ပြည်သူလူထု၏ မဆုတ်မနစ်သော ထောက်ခံအားပေးမှု၊ တိုင်းရင်းသား တော် လှန်ရေးအဖွဲ့ အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သမိုင်းတွင်သော ပူးပေါင်းစွမ်းဆောင်မှုနှင့် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံသားများ၏ ကူညီပံ့ပိုးမှုတို့ကြောင့်ဖြစ်သည်ကို လေးစားစွာ မှတ်တမ်းတင်အပ်ပါကြောင်း NUCC နှင့် NUG ပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။

ပြည်သူ့ခုခံတွန်းလှန်စစ်၏ ထင်ရှားသောအောင်မြင်မှုမှာ အကြမ်းဖက်စစ်အုပ်စု၏ ထိန်းချုပ် နယ်မြေ များ တစတစ လျော့နည်းလာပြီး၊ နိုင်ငံတဝန်း ဒေသအသီးသီး၌ တော်လှန်ရေး အင်အားစုများ၏ စိုး မိုးနယ်မြေများ နေ့စဉ်နှင့်အမျှ ကျယ်ပြန့်လာသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ အရေးပါသည့် စစ်စခန်းအများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းနှင့် သက်ကြီး ရွယ်အိုများအပါအဝင် ပြည်သူသန်းနှင့်ချီ၍ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ အများအပြား လိုအပ်နေကြောင်း၊ ဒေသတွင်းနိုင်ငံများအပါ အဝင် နိုင်ငံတကာအစိုးရများအနေဖြင့် NUCC နှင့် NUG အစိုးရအဖွဲ့ထံ တိုက်ရိုက်ချိတ်ဆက် ကူညီပေးရန် လိုအပ်‌ကြောင်း တောင်းဆိုထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ နေ့စဉ်နှင့်အမျှ ရက်စက်စွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသည့်ကြားမှ ပြည် သူလူထုတရပ်လုံးသည် “လူထုတိုက်ပွဲ”ကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ၊ ဘူးသပိတ်များ၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု လုံးဝ မပြုရေးမူစသည့် နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန် လျက်ရှိကြောင်း၊ ပြည်သူလူထု၏ နှလုံးရည်တိုက်ပွဲကို NUG ၊ NUCC အနေဖြင့် လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း အသိပေးထားသည်။

ထို့ပြင် “စီးပွားရေး/ဘဏ္ဍာရေး” မျက်နှာစာတွင်လည်း နိုင်ငံ တကာအစိုးရများ၏ ပိတ်ဆို့အရေး ယူခြင်းတို့အပါအဝင် တော်လှန်ရေးအင်အားစုများက အကြမ်းဖက် စစ်အုပ်စု၏ အဓိက စီးပွားရေး ထောက်တိုင်များအား ထိရောက်စွာ ဖြိုဖျက်တိုက်ခိုက်လျက် ရှိကြောင်း ဆက်လက် ပြောကြားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒေသတခု လုံး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးအတွက် မြန်မာပြည်သူတရပ်လုံးက ခိုင်မာသော စိတ်ဓာတ်နှင့် တိကျသောပန်းတိုင် ရှိပြီးဖြစ်ကြောင်း၊ ယင်းတို့ကို ဖော်ဆောင်ရာတွင် အကြမ်းဖက် စစ်အုပ်စုသည် အဓိကအဟန့်အတားဖြစ်နေကြောင်း၊ စစ်အာဏာရှင် ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်း များစွာ ငြိမ်းချမ်းရေးကို လုံးဝမတည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် စစ်အာဏာရှင်၏ လက်ဝေခံများဖြစ် သော နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များနှင့် အခြားအင်အားစုများသည် တရားမဝင် လုပ်ငန်း များ ဖြင့် ဒေသတွင်း တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ကြီးမားစွာ အနှောက်အယှက် ဖြစ်စေ ကြောင်း ထောက်ပြပြောဆိုထားသည်။

NUCC၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ဒေသအသီးသီးမှ တော် လှန် ရေးအင်အားစုအားလုံးသည် အကြမ်းဖက်စစ်အုပ်စု၏ ဒေသတွင်း ခြိမ်းခြောက်မှု ဖြစ်စေသော အခြေအနေများကို ကောင်းစွာသတိပြုမိပြီး၊ နိုင်ငံတွင်းနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက် မှုတို့ကို အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံ များ၏ အားပေးထောက်ခံမှုရရန် လိုအပ်ကြောင်း အသိပေးထားသည်။

ယခုအခါ NUCC ၊ NUG နှင့် တော်လှန်ရေး အင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက် တရပ် အမြန်ဆုံးရရှိရန် အရှိန်အဟုန်မြှင့်ကာ ကြိုးပမ်းဆောင်ရွက်နေပြီး တော်လှန်ရေးအင်အားစု အသီးသီး၏ ထိန်းချုပ်ဒေသများတွင် ဒေသန္တရအုပ်ချုပ်ရေး၊ လူသားမျိုးနွယ် လုံခြုံရေးနှင့်အရပ်သား ပြည်သူ ကာကွယ်စောင့်ရှောက်ရေးအစီအမံများအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှုများလည်း စဉ်ဆက် မပြတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေးအတွက် လိုအပ် သောပြင်ဆင်မှုများကို ဆောင်ရွက်နေပြီး အကြမ်းဖက်စစ်အုပ်စုပြိုကျ ပြီးသည့် တော်လှန်ရေး အလွန် ကာလအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ထူထောင်ရေး အစီအမံများကိုလည်း တော်လှန်ရေးအင်အားစု များအကြားညှိနှိုင်းဆွေးနွေး လျက်ရှိကြောင်း သိရသည်။

“အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ NUCC ကနေ ရေးဆွဲရမှာဖြစ်တယ် ပေါ့၊ NUG အနေနဲ့ မူကြမ်းကို ရေးဆွဲပြီးတော့ NUCC ကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်၊ ဆက်လက်ပြီး တော့ ဒီဟာအပေါ်မှာ ရှိပြီးသား မူကြမ်းတွေလည်းရှိတယ်၊ ဒါတွေအပေါ်မှာ ညှိနှိုင်းဆွေးနွေးပြီးတော့ အတည်ပြုထုတ်ပြန်ဖို့ဆိုတာက NUCC ကနေ ဆက်လက် လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်ဗျ၊” NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

တော်လှန်ရေးအလွန်ကာလတွင် တန်းတူ ညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းမှုတို့ကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်ယုံကြည်မှုတည်ဆောက် ရေးနှင့် ညီညွတ်ရေးတို့ ပိုမိုအားကောင်းလာစေရန်အတွက် အထူးသတိထား ဆောင်ရွက်ချက်ဖြစ် သည်ဟု နိုင်ငံတကာ အစိုးရများနှင့်တကွ တိုင်းရင်းသားပြည်သူတရပ်လုံးကို NUG နှင့် NUCC တို့က အသိပေးထားသည်။

နွေဦးတော်လှန်ရေးသည် အမျိုးသမီးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ လူထု လူတန်းစား အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်သည့် တော်လှန်ရေး ဖြစ်ပြီး တော်လှန်ရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စုပေါင်းခေါင်း ဆောင်မှု (coordinated and collective leadership) တို့ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး သန္နိဌာန်ဖြင့် မဆုတ်မနစ် ဆင်နွှဲနေသည့် တော်လှန်ရေးဖြစ်ပြီး တန်ဖိုးကြီးမားသော တော်လှန်ရေးကြီးဖြစ်သည်ကို အထင် အ ရှားတွေ့မြင်နိုင်ကြောင်း ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက်အမိန့်နာခံနေကြသော စစ်ဗိုလ်ချုပ်ကြီး များ နှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအနေဖြင့် နိုင်ငံကိုသာမက စစ်တပ်ကိုပါ အလုံးစုံပျက်သုဉ်း အောင် ပြုလုပ်နေသော စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့၏ အကြမ်းဖက် လူသတ် ဝါဒ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ဆက်လက်ကျူးလွန် ရန် အမိန့်ပေးစေခိုင်းမှုတို့ကို ကျောခိုင်း ၍ အချိန်မနှောင်းမီ ပြည်သူ့ဘက်က အမြန်ဆုံး ရပ်တည်ကာ နည်းမျိုးစုံဖြင့် ပြန်လည် ဆန့်ကျင် တော်လှန်ကြရန် တိုက်တွန်းထားသည်။

၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ် စေ ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း NUCC နှင့် NUG တို့က အလေးအနက် ကတိပြုထားပြီး နှစ်သစ်တွင် ပြည်သူလူထုတရပ်လုံး ဘေးကင်းကျန်းမာလုံခြုံစွာဖြင့် နွေဦးတော်လှန် ရေး အောင်ပွဲကို အတူပါဝင်ဆင်နွှဲနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းထား သည်။

ဓာတ်ပုံ- NUG သမ္မတ ဒူဝါလရှီးလက ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article