25 C
Yangon

ပြင်ဦးလွင် ဘာသာပေါင်းစုံ ကုန်းဘောသင်္ချိုင်းတွင် ညနေ ၃ နာရီနောက်ပိုင်း အရပ်သားနာရေးများ ချခွင့်မပေးတော့ဘဲ စစ်သား အသုဘများအတွက် သီးသန့် အချိန်သတ်မှတ်သဂြိုလ်မှုများလုပ်နေ

Must read

ပြင်ဦးလွင် ဘာသာပေါင်းစုံ ကုန်းဘောသင်္ချိုင်းတွင် ညနေ ၃ နာရီနောက်ပိုင်း အရပ်သားနာရေးများ ချခွင့်မပေးတော့ဘဲ စစ်သား အသုဘများအတွက် သီးသန့် အချိန်သတ်မှတ်သဂြိုလ်မှုများလုပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ ဘာသာပေါင်းစုံ ကုန်းဘောသင်္ချိုင်းတွင် နေ့စဉ် ညနေ ၃ နာရီနောက်ပိုင်း အရပ်သားနာရေးများ ချခွင့် မပေးတော့ဘဲ စစ်သား အသုဘများအတွက် သီးသန့် အချိန်သတ်မှတ်သဂြိုလ်မှုများ လုပ်ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ သံဘိုတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း၊ ထို့ ကြောင့် ပြင်ဦးလွင် ဘာသာပေါင်းစုံ ကုန်းဘော သင်္ချိုင်းတွင်ပါ စစ်သားအလောင်းများကို နေ့စဉ် ရက်မပြတ်သဂြိုလ်ရကြောင်း၊ ဒဏ်ရာရရှိသူများမှာလည်း နေ့စဉ် တဖြုတ်ဖြုတ် သေဆုံးနေ၍ အရပ်သားနာရေများကို ညနေ ၃ နာရီအထိသာ ချခွင့်ပေးပြီး ညနေ ၃ နာရီနောက်ပိုင်း စစ်သားများ၏ အသုဘကို အဓိက ချပေးကြောင်း သိရှိရသည်။

“ပြင်ဦးလွင်က ဘာသာပေါင်းစုံ ကုန်းဘော သင်္ချိုင်း မှာ အရပ်သား နာရေးတွေကိုညနေ ၃နာရီအထိပဲ ချခွင့်ပေးတယ်။။ ညနေ ၃ နာရီ နောက်ပိုင်း ဘယ်သူမှနာရေး မချရလို့ စစ်တပ်က အမိန့်ထုတ်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ညနေ ၃နာရီနောက်ပိုင်းစစ် တပ်က အလောင်းသီးသန့်သဂြိုလ်တာ။ မြောက်ပိုင်းအဖွဲ့နဲ့တုန်းက ဒဏ်ရာရသူတွေ သေတာ၊ သံဘိုတိုက်ပွဲမှာ သေတာ။ အခြားတိုင်းတွေမှာ ဒဏ်ရာရလာပြီး ပြင်ဦးလွင် စစ်ဆေးရုံမှာ လာသေတာတွေကို သီးသန့်သဂြိုလ်ဖို့ အတွက် သတ်မှတ်လိုက်တာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်သားများ၏ အလောင်းကိုသဂြိုလ်သည့်အခါ ဝါစိမ်းနီ နိုင်ငံတော်အလံကို အုပ်၍ အလံကို ခေါက်ကာ ကျန်ရစ်သူ မိသားစုထံ အလံကို ပြန်လည်ပေးအပ်ခြင်း(သို့မဟုတ်) နိုင်ငံတော်အလံကိုပါ တစ်ပါးတည်း သဂြိုလ်သည့် အစဉ်အလာရှိကြောင်း၊ ယခုနောက်ပိုင်း စစ်သားအလောင်းများအပေါ်တွင် ဝါစိမ်းနီအလံများကို အုပ်၍ မီးရှို့ချိန်ခါနီး အလံကို ပြန်ခေါက်ကာ ကျန်ရစ်သူ မိသားစုထံ ပေးအပ်ခြင်း(သို့မဟုတ်) တစ်ပါတည်း သဂြိုလ်ခြင်းများ မပြုလုပ်တော့ကြောင်း၊ သင်္ချိုင်းတွင် ဘုံသုံးအဖြစ် ဝါစိမ်းနီအလံများ ထားရှိကြောင်း၊ မကြာခဏ သဂြိုလ်ရသည့်အတွက် အလံမကြာခဏ မဝယ်တော့ဘဲ ဘုံသုံး အလံများအဖြစ် ထားရှိသဂြိုလ်နေကြောင်း သိရှိရသည်။

“အခုစစ်တပ်က အလောင်းပေါ် အလံဝယ် လွှားရတာ များလွန်း လို့ တစ်ယောက် သေရင် အဲ့ဒီအလံကို တစ်ခါတည်းထည့်မပေးဘူး။ ပြန်ခေါက်သိမ်း။ နောက်တစ်လောင်းလာ အလံပြန်သုံး။ သေတိုင်းအလံဝယ်မနေတော့ဘူး” ဟု စစ်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ ခမရ ၄၁၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ပြည့်ဟိန်း( DSA အပတ်စဉ် ၄၅ ) ကွတ်ခိုင်တိုက်ပွဲတွင် သေဆုံးခဲ့ပြီးနောက် စစ်အခမ်းအနားဖြင့် သဂြိုလ်သည့် မြင်ကွင်း ။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article