25 C
Yangon

မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး ဆေးဝါးကုသခွင့် မရ၍ ကျောက်ကပ်ရောဂါဖြင့် သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မန္တလေးမြို့၊ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး ဆေးဝါးကုသခွင့် မရ၍ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ အသက် ၃၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသွားကြောင်း၊ မယဉ်မိုးသည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် အဖမ်းခံရပြီး ပုဒ်မ ၅၀၅(က)အမှု ၂ ခုဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရသူဖြစ် ကြောင်း၊ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံရပြီး မြင်းခြံအကျဥ်းထောင်သို့ ၂၀၂၂ခုနှစ် ဇူလိုင်တွင်ထောင်ပြောင်းရွေ့ခံခဲ့ရကြောင်း၊ မြင်းခြံထောင်တွင်း၌ ကျန်းမာရေးမကောင်းသည့်အတွက် မန္တလေးအိုးဘိုအကျဉ်းထောင်သို့ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရဖြစ်ကြောင်း၊ ယင်းနောက် အိုးဘိုအကျဉ်းထောင်တွင် ဆေးကုသခွင့်မရရှိဘဲ ကျောက်ကပ်ရောဂါ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး မကျန်းမမာဖြစ်နေစဉ် ထောင်အာဏာပိုင်များကို ၎င်းအား ပြင်ပဆေးရုံသို့ပို့ဆောင်ကုသပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထောင်အာဏာပိုင်များက လုံခြုံရေးမပေးနိုင်သည့်အတွက်ကြောင့်ဟုဆိုကာ ပြင်ပဆေးရုံတွင် ကြာရှည်စွာ ဆေးဝါးကုသခွင့်မပေးဘဲ ကုသမှုခံယူနေရစဉ်အတွင်းတွင်ပင် မန္တလေးဆေးရုံကြီးမှ အိုးဘိုအကျဉ်းထောင် သို့ ၆ ကြိမ်တိုင်တိုင်ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလတစ်လအတွင်း၌ပင် ၂ ကြိမ်တိုင်တိုင် ထောင်ဆေးရုံနှင့် မန္တလေးဆေးရုံကြီးနှစ်ခုအတွင်း ကျောက်ကပ်ရောဂါ မသက်သာသည့်ကြားမှ အကူးအပြောင်း လုပ်ခဲ့ရကြောင်း၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင်နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည်အကျဉ်းထောင် တွင်းသို့ပြန်လည်ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း၊ နောက်ရက်များ၌ ရောဂါမသက်သာသည့်အတွက် အကျဉ်းထောင်က ပြင်ပဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ရကြောင်း၊ ဇန်နဝါရီလ၂၆ ရက်နေ့တွင် အကျဥ်းထောင်သို့ ပြန်လည်သယ်‌ဆောင်ခြင်းခံခဲ့ကြောင်းသိရှိရသည်။

နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် အကျဉ်းထောင်အတွင်း ကျောက်ကပ်ရောဂါရှိနေကြောင်းကို အချိန်မီ မသိရှိခြင်း၊ရောဂါဖြစ်နေစဉ်အတွင်း အကျဉ်းထောင်တွင် ဆေးဝါးကုသစောင့်ရှောက်မှုလုံလောက်စွာ မရရှိခြင်း၊ ပြင်ပဆေးရုံသို့ပို့ဆောင်ပေးခဲ့မှုများ ရှိခဲ့သည်ဟုဆိုသော်လည်း အကျဉ်းဦးစီးအနေဖြင့် လုံခြုံရေးမပေးနိုင်ဟုအကြောင်းပြ ၍ ပြင်ပဆေးရုံတွင်အချိန်ပြည့် ဆေးဝါးကုသခွင့် မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူ့ကို သွေးသွင်းပေးဖို့ လိုအပ်နေတဲ့ကာလတွေမှာ လုံခြုံရေး အကြောင်းပြပြီး ထောင်ထဲ ပြန်ခေါ်လာတယ်။ ကျောက်ကပ်ဆေးရမယ့် ရောဂါကို ဆေးရုံတွေမှာ ကုသဖို့ ပြောခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ဘာရောဂါဆိုတာကို အသိမပေးခဲ့ဘူး။ ကျောက်ကပ် ရောဂါက နောက်ဆုံးအဆင့်ရောက်မှ သိရတာဆိုတော့ ဆေးရုံနဲ့ ထောင်အကြားမှာ လုံခြုံရေးအကြောင်းပြ ပြန်ခေါ်တော့ နောက်ဆုံးမှာ သေဆုံးတာပါ။ ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ပြင်ပဆေးဝါးတွေ ပေးဖို့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးကရှင်းပြသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်းတွင် ကျန်းမာ ရေး မကောင်းမွန်ချိန် လုံလောက်သော ဆေးဝါးကုသမှု မခံယူရ၍ သေဆုံးသူ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၅ ဦးအထိရှိလာနေပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article