33 C
Yangon

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခနှင့် ဆက်သွယ်မေးမြန်းခြင်း

Must read

“လူငယ် တွေကို ကြားနေခွင့်မပေးတော့တဲ့ သဘောမျိုး တွန်းပို့လိုက်တယ်လို့ထင်တယ်။ တော်လှန်ရေးထဲဝင်ပြီး စစ်တပ်ကို အမြစ်ဖြတ်မလား၊ စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူကိုပြန်တိုက်မလားဆိုတာပဲ ရွေးစရာရှိပါတော့တယ်။ ပြည်သူတွေကို သတ်ဖြတ်ပြီး လက်မှာသွေးစွန်းနေတဲ့ စစ်ကောင်စီလက်အောက်ထဲမှာ စစ်မှုမထမ်းကြဘဲ ကိုယ်နှစ်သက်ရာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဆီမှာပဲ ရွေးချယ်ဝင်ရောက်ကြစေလိုပါတယ်”

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခနှင့် ဆက်သွယ်မေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာခဲ့ရာ ယ င်းအခြေအနေများနှင့်ပတ်သက်ပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုပြီး စစ်ကောင်စီက ပြဋ္ဌာန်းလာတာက လူငယ်လူရွယ်တွေနဲ့ ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှုမျိုးရှိလာနိုင်မယ်လို ထင်ပါသလဲ။

ဖြေ။ ။ ချမ်းသာတဲ့သူတွေ၊ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေကတော့ အဲ့ဒီဥပဒေကနေ ကင်းလွတ်ခွင့်ရနေဦးမှာပါ။ လက် လုပ်လက် စားတွေ အခြေခံလူတန်းစားတွေကတော့ ခေတ်တိုင်းရဲ့အမြဲခံဘက်က ချည်းပါပဲ။ ကျနော်တို့ ဒီနေရာမှာ လူငယ်တွေကို မေတ္တာရပ်ခံလိုတာက ပြည်သူတွေကို သတ်ဖြတ်ပြီး လက်မှာသွေးစွန်းနေတဲ့ စစ်ကောင်စီလက်အောက်ထဲမှာ စစ်မှုမထမ်းကြဘဲ ကိုယ်နှစ်သက်ရာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဆီမှာပဲ ရွေးချယ်ဝင်ရောက်ကြစေလိုပါတယ်။

မေး။ ။ ဒီဥပဒေက နိုင်ငံရေးအရ ဘယ်လို ဆိုးကျိုးတွေနဲ့ တော်လှန်ရေးအပေါ်မှာရော သက်ရောက်မှုရှိလာမလဲ။

ဖြေ။ ။ လူငယ် တွေကို ကြားနေခွင့်မပေးတော့တဲ့ သဘောမျိုး တွန်းပို့လိုက်တယ်လို့ထင်တယ်။ တော်လှန်ရေးထဲဝင်ပြီး စစ်တပ်ကို အမြစ်ဖြတ်မလား၊ စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူကိုပြန်တိုက်မလားဆိုတာပဲ ရွေးစရာရှိပါတော့တယ်။

မေး။ ။ အခုဆိုရင် လူငယ်လူရွယ်တွေက စစ်ထဲမဝင်ချင်ကြတော့ သူတို့အတွက် ဘယ်လိုအကြံပေးချင်လဲ။

ဖြေ။ ။ ပြည်ပနိုင်ငံတခုကို သွားနိုင်တဲ့သူတွေသွားကြပေါ့။ အခုလည်း လွတ်မြောက်နယ်မြေတွေရှိနေပြီဆိုတော့ အဲ့ဒီဒေသတွေမှာ စစ်ရှောင်အနေနဲ့ သွားနေလို့လည်းရနိုင်ပါတယ်။ လက်ခံမခံကတော့ အဲ့ဒီဒေသခံနဲ့ တာဝန်ခံအဖွဲ့အစည်းတွေရဲ့သဘောထားပေါ့ဗျာ။ ကျနော်ကတော့ စစ်ကိုရှောင်လွှဲလို့ရတဲ့အခြေအနေမှာ မရှိဘူးလို့ထင်ပါတယ်။ အခုအချိန်အခါမှာ စစ်ပွဲကို ရှောင်ပြီးသွားတဲ့လူငယ်တွေများရင် နောက်လူငယ်တွေလည်း စစ်ကို ရှောင်နေရမှာပဲ။ ကျနော်တို့ခေတ်မှာ စစ်ပွဲကို စစ်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်။

မေး။ ။ BPLA မှာရော သင်တန်းသားသစ်တွေ ခေါ်နေတယ်ဆိုတော့ ဘယ်လို ဆက်သွယ်ပြီး ဘယ်လိုလုပ်ရမလဲ။

ဖြေ။ ။ BPLA Facebook Page Messenger မှာ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။ https://www.facebook.com/BamarPeoplesLiberation ဖြစ်ပါတယ်။

မေး။ ။ BPLA စစ်သင်တန်းက ဘယ်လောက်ကြာမလဲ။ သင်တန်းဆင်းပြီးရင် ဘယ်လိုတာဝန်တွေ ထမ်းဆောင်ရမလဲ။ ဆိုလိုချင်တာကကွန်ပျူတာ၊ အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ ပညာသည်လိုမျိုးတွေအတွက်ရော တိုက်ခိုက်ရေးပဲလား။ အခြား လုပ်ရမယ့် တာဝန်တွေ ပေးမလား။

ဖြေ။ ။ BPLA မှာ ပညာရှင်တွေ သူ့နေရာနဲ့သူ ရှိကြပါတယ်။ ဘာပညာပဲတတ်တတ် စစ်တပ်ထဲမှာနေဖို့ဆို စစ်သားဖြစ်အောင်အရင်လုပ်တာ ပိုကောင်းပါတယ်။ စစ်သားလုပ်ချင်တဲ့သူတွေပဲ BPLA က ခေါ်ပါတယ်။ အဲ့ထဲကမှ ပညာသည်တွေဆိုရင်တော့ ဆက်သွယ်ရေးတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ Drone တပ်ဖွဲ့နဲ့ အခြားသင့်တော်ရာနေရာတွေမှာ တာဝန်ပေးလို့ရပါတယ်။

မေး။ ။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ လူငယ်တွေကို ဘယ်လို အကြံပေးချင်လဲ။

ဖြေ။ ။ ပြည်သူတွေနဲ့ လူငယ်တွေကိုအကြံပေးချင်တာက လက်ရှိမှာ ကိုယ်က ဥပဒေအရ စစ်သားအဖြစ် စုဆောင်းခံရနိုင်အခြေအနေရှိလား၊ စုဆောင်းလာရင်ရော ဖြေရှင်းဖို့ ငွေကြေးနဲ့ အကာအကွယ်ပေးနိုင်မယ့်သူရှိလား ဆန်းစစ်ရပါမယ်။ စစ်ကောင်စီမှာ စစ်သားဝင်လုပ်ရနိုင်တယ်ဆိုရင်တော့ လွတ်မြောက်ဖို့ နည်းလမ်းရှာကြံကြစေလိုပါတယ်။ ကျနော်တို့ BPLA ကိုလာချင်ရင်လည်း တပ်အကြောင်း အရင်လေ့လာပြီးမှ လာခဲ့ကြဖို့ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article