27 C
Yangon

စစ်မှုထမ်းဥပဒေ (သို့မဟုတ်) ပြည်သူတရပ်လုံးကို တရားဝင် စစ်ကျွန်ပြုမယ့် စစ်ကောင်စီရဲ့ ယုတ်မာမယ့် အကြံအစည်

Must read

By လမ်းသစ်

စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက် ရှိနေစေချင်တဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကတော့ အရပ်သားပြည်သူတွေကို စစ်နွံထဲ အတင်းအဓမ္မ ဆွဲခေါ်သွင်းဖို့ လုပ်ဆောင်နေပါပြီ။

စားဝတ်နေရေး အကြပ်အတည်းမျိုးစုံကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေမှာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ကိုယ့်မိသားစုဝင်တွေ ဘယ်အချိန် ဆွဲခေါ်သွားခံရမလဲဆိုတာ ပူပင်သောက ရောက်နေကြရတာပါ။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် ၃ရက်လိုမှာ ကောက်ခါငင်ခါ ပြဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်က စတင်အသက်သွင်းလိုက်တာပါ။

တော်လှန်ရေးတိုက်ပွဲတွေကြောင့် အရပ်မျက်နှာအနှံ့ ရှုံးနိမ့်မှုတွေ၊ အင်အားပြုန်းတီးမှုတွေ ကြုံနေရတဲ့ စစ်ကောင်စီက ညစ်တွန်းတွန်းပြီး ရုန်းထွက်မယ့် သဘောပါပဲ။

စစ်မှုမထမ်းမနေရ ဥပဒေမှာ အမျိုးသားဆိုရင် အသက် ၁၈နှစ်ကနေ ၃၅နှစ်အတွင်း၊ အမျိုးသမီးဆိုရင် အသက် ၁၈နှစ်ကနေ ၂၇နှစ်အတွင်း ၂နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပါဝင်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု ပညာရပ်တစ်ခုခု တတ်မြောက်သူဖြစ်ပြီး အဲ့ဒီဥပဒေအရ ကျွမ်းကျင်သူဆိုတဲ့ ဖော်ပြချက်နဲ့ ကိုက်ညီနေရင် အသက် ၁၈နှစ်ကစလို့ ၄၅နှစ်အထိ အမျိုးသားတွေနဲ့ အသက် ၁၈နှစ်ကနေ ၃၅နှစ်အထိ အမျိုးသမီးတွေဟာ ၃နှစ်ထက် မပိုဘဲ တာဝန်ထမ်းရမယ်လို့ ဖော်ပြထားပါတယ်။

အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ရင် အများဆုံး ၅နှစ်အထိ တာဝန်ထမ်းဆောင်ရနိုင်ချေ ရှိပါသေးတယ်။ လက်ရှိမှာတောင် စစ်တပ်က အရေးပေါ်အခြေအနေကြေညာပြီး အရပ်သားအစိုးရဆီကနေ အာဏာသိမ်းထားတာမို့ “အရေးပေါ်အခြေအနေ” ဆိုတဲ့ စကားလုံးဟာ သူတို့ပါးစပ်ထဲမှာပဲ ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်က သူတို့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို သူတို့ဆီမှာ တာဝန်ထမ်းဖို့ အဓမ္မ ဆင့်ခေါ်တော့မှာပါ။ စစ်မှုထမ်းဖို့ ငြင်းမယ်ဆိုရင်လည်း ထောင်ဒဏ် ၅နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့်ရသူတွေထဲမှာ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူတွေ၊ ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက် ရထားသူတွေနဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပြုထားသူတွေ ပါဝင်ပါတယ်။

စစ်တပ်ထဲ မဝင်ချင်ကြသူတွေနဲ့ အကျင့်ပျက်ခြစားမှု အစဉ်အလာကြီးတဲ့ စစ်တပ်လိုအဖွဲ့အစည်းကြားမှာ ဈေးကွက်ကြီးတစ်ခု ပေါ်လာဦးမှာ အသေအချာပါပဲ။

ဒီဥပဒေက အရွယ်သုံးပါး ကျား၊မ မရွေး စစ်တပ်ထဲခေါ်သွင်းနိုင်အောင် ချုပ်ကိုင်ထားတာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အခန်း ၅၊ ပုဒ်မ ၂၁(က)မှာဆိုရင် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရေးပေါ်အခြေအနေဖြစ်နေရင် အရွယ်ရောက်သူအားလုံးကိုဖြစ်စေ၊ စစ်မှုထမ်းပြီးသားသူ အားလုံးကိုဖြစ်စေ၊ တချို့ကိုဖြစ်စေ ဆင့်ခေါ်နိုင်တယ်လို့ ပါပါတယ်။

မင်းအောင်လှိုင်က ဘယ်သူ့ကိုမဆို သူ့ရဲ့ အကြမ်းဖက်စစ်တပ်ထဲ ဆွဲခေါ်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။

လက်ရှိ မြန်မာနိုင်ငံဟာ ဘယ်တိုင်းတစ်ပါးနဲ့မှ ပြည်ပကျူးကျော်စစ် ဖြစ်နေတာမဟုတ်ဘဲ ဒီဥပဒေကို အသက်သွင်းလိုက်တာဟာ ပြည်တွင်းစစ်မီးကို လောင်စာဆီလောင်းပြီး ပိုကြီးအောင်လုပ်နေတာဖြစ်တယ်လို့ အကဲခတ်တချို့က သုံးသပ်ကြပါတယ်။

နောက်ပြီး စစ်ကောင်စီဟာ ပြည်သူတင်မြှောက်ထားတဲ့ အဖွဲ့အစည်း မဟုတ်တဲ့အတွက် ဒီဥပဒေက တရားမဝင် လက်နက်ပြ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါတယ်။

စစ်ကိုင်းမြို့၊ မုံရွာ-မန္တလေး လမ်းမဘေးက ရွာတွေမှာ စစ်တပ်ကနေ လူငယ်လူလတ် အယောက် ၄ဝကျော်လောက် ဖမ်းထားတယ်လို့ သတင်းတွေကြားနေရပါတယ်။ လမ်းသွားလမ်းလာတွေကို အကြောင်းမဲ့ ဖမ်းဆီးမှုတွေ ပိုများလာပါတယ်။

စစ်တပ်က ပေါ်တာဆွဲဖို့ သူ့ကိုယ်သူ လိုင်စင်ထုတ်ပေးလိုက်သလိုပါပဲ။ မိဘတွေခမျာလည်း အရွယ်ကောင်း သားသမီးတွေကို အိမ်အပြင်လွှတ်ဖို့ မဝံ့မရဲ ဖြစ်နေကြပါပြီ။

အထိုက်အလျောက် အဆင်ပြေနေသေးတဲ့ ပြည်သူတွေကတော့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးဖို့ စိတ်ကူးနေကြပါတယ်။ ဒါတောင် နိုင်ငံကူးလက်မှတ်လုပ်တဲ့နေရာမှာ အရစ်ခံရမယ်၊ လေဆိပ်မှာလည်း သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာပါရမယ်ဆိုတဲ့ သတင်းတွေ ပြန့်နှံ့နေပါတယ်။

ဆင်းရဲတွင်းနက်နေကြသူတွေ၊ ကျေးလက်ပြည်သူတွေအတွက်ကတော့ ပိုပြီး အထိအခိုက်များစေပါတယ်။

စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကနေ တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အလိုက် အဖွဲ့တွေ ဖွဲ့သွားမယ်လို့ ဖော်ပြထားပါတယ်။

လုပ်ငန်းစဉ်အရ အချိန်ယူရတယ်ဆိုပေမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်သလိုလိုနဲ့ အချက်အလက်တွေ ယူနေတာရှိတာကြောင့် ၃လကနေ ၆လအတွင်း အကောင်အထည် ပေါ်လာနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

ပြည်သူအားလုံး ပူပင်သောကရောက်နေချိန်မှာ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဇော်မင်းထွန်းက ပြည်သူတွေ စစ်မှုထမ်းတာဝန်ကို ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်သင့်ကြောင်း အရှက်မရှိ ပြောထွက်ခဲ့ပါသေးတယ်။

နိုင်ငံတချို့မှာ စစ်မှုထမ်းရတာမျိုးရှိပေမယ့် အဲ့ဒီနိုင်ငံတွေမှာ ကိုယ့်တိုင်းရင်းသားအချင်းချင်း သတ်နေတဲ့ ပြည်တွင်းစစ် ဖြစ်နေတာ မဟုတ်ပါဘူး။

ယုတ်စွအဆုံး မင်းအောင်လှိုင် ဆရာတင်နေတဲ့ ရုရှအာဏာရှင် ပူတင်တောင်မှ ပြည်တွင်းစစ်မဟုတ်တဲ့ ယူကရိန်း စစ်ဖြစ်မှ စစ်မှုထမ်းဥပဒေကို သူ့နိုင်ငံမှာ ပြဌါန်းခဲ့တာပါ။ ရက်စက်ယုတ်မာတဲ့နေရာမှာ ဆရာဖြစ်သူ ပူတင်တောင် မင်းအောင်လှိုင်ကို ဆရာပြန်ခေါ်ရတော့မယ့် အနေအထားပါပဲ။

ဒီမိုကရေစီအစိုးရတစ်ရပ်အောက်မှာဆိုရင် ပြဿနာမရှိနိုင်ပေမယ့် အတင်းအဓမ္မ အာဏာလုယူခံထားရတဲ့ တိုင်းပြည်တစ်ခုမှာတော့ စစ်မှုမထမ်းမနေရ ဆိုတာက လူထုကို ပိုပြီး နွံနစ်စေပါတယ်။

အကြမ်းဖက်စစ်တပ်ကတော့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ချေမှုန်းဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်သုံးတာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။

တကယ်တမ်း ဒီဥပဒေဟာ စစ်ကောင်စီအတွက် အင်အားသာလွန်မှု ဖြစ်လာနိုင်စရာလုံးဝမရှိတာမို့ ပြည်သူတွေဆီက ငွေညှစ်ဖို့၊ ပြည်သူတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုဖို့ ရက်ရက်စက်စက် ကြံစည်နေတာပါ။

ဦးမင်းကိုနိုင်ကတော့ စစ်မှုထမ်းဖို့ စစ်ကောင်စီက ဆင့်ခေါ်လာရင် လွတ်မြောက်နယ်မြေဆီ ထွက်လာခြင်း အပါအဝင် နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်တဲ့နောက် ပြည်သူတွေခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ပျာယာတွေခတ်နေကြပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ တရားမဝင် အမိန့်အာဏာတွေကို ပြည်သူတွေ ဆန့်ကျင်ဖို့အတွက် နိုင်ငံရေးဦးဆောင်သူများနဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း လူထုကို ဦးဆောင် လမ်းပြပေးဖို့ လိုအပ်နေပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေမှာ ပါဝင်လိုကြောင်း ပြည်သူတွေဆီက ဆက်သွယ်မှုတွေ ပိုများလာနေတယ်လို့ သိရပါတယ်။

တဖက်မှာလည်း ပြည်သူ့တော်လှန်ရေးကြောင့် အကျပ်ရိုက်နေပြီဖြစ်တဲ့ မင်းအောင်လှိုင်က သူတယောက်ထဲတော့ ဒုက္ခအဖြစ်မခံဘူး၊ နိုင်ငံတွင်းက မိသားစုအားလုံးကို ပြည်တွင်းစစ်နွံထဲကို အပါအခေါ်သွားမယ်ဆိုတဲ့ ယုတ်မာတဲ့ အကြံအစည်နဲ့ အခုလို စစ်မှုထမ်းဥပဒေကို ပြဌါန်းတာလို့ ပြောမယ်ဆိုလည်း မမှားပါဘူး။

ဒါကြောင့် ဒီလိုတနိုင်ငံလုံး ပွက်လောထသွားမယ့် စစ်မှုထမ်းဥပဒေကို ပြဌါန်း၊ ပြီးရင် ဒါကိုအခွင့်ကောင်းယူပြီး လက်ရှိအကျပ်အတည်းကနေ ရုန်းထွက်ဖို့ ကြံစည်နေတာပါ။

တနည်းအားဖြင့် အာဏာသိမ်းစစ်တပ်ဟာ သူတို့အတွက် အဖြူအမဲ မသဲကွဲတဲ့ ပြည်သူတွေကို မမြင်ချင်တော့တဲ့ပုံစံပါပဲ။ ဘယ်သူတွေက သူတို့ကို မုန်းတီးနေလဲ၊ သူတို့ရဲ့ ရန်သူလဲဆိုတာ သေချာမသိနေတဲ့အတွက် ငါတို့အောက်မှာ ဆက်နေမလား၊ တော်လှန်ရေးအဖွဲ့တွေဆီ ပြေးမလား ရွေးခိုင်းနေတာပါ။

တကယ်တမ်း သူတို့မသိတာက မြန်မာစစ်တပ်ကို ရွံရှာစက်ဆုပ် မုန်းတီးနေတာက ပြည်သူတစ်ရပ်လုံးပဲ ဆိုတာကိုပါပဲ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article