29 C
Yangon

နိုင်ငံကူးလက်မှတ် လျှောက်ထားသူ များပြားလွန်းသဖြင့် လာမည့်ဩဂုတ်လအထိ ကြိုတင် Online Booking လုပ်ထားသူများ ပြည့်နှက်နေ၊ ရန်ကုန်တွင် တစ်နေ့လျှင် ၂၇၀၀ ဦးနှုန်း နိုင်ငံကူးလက်မှတ် လျှောက်ခွင့်ပြုဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အကြမ်းဖက်စစ်ကောင်စီက စစ်မှု မထမ်းမနေရ စနစ် စတင်ကြောင်း ကြေညာပြီးနောက် တစ်နိုင်ငံလုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများပြားနေပြီး ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် လာမည့် ဩဂုတ်လအထိ ကြိုတင် Online Booking လုပ်ထားသူများနှင့်ပြည့်သွားပြီဖြစ်ကြောင်း သိရှိရသည်။

“ဒီမနက် ရန်ကုန်ရုံးမှာ Passport လုပ်ဖို QR တင်တာ။ ဩဂုတ်လ ၇ ရက်နေ့မှာ တင်လိုရတယ်။ ကြားထဲမှာ တင်လိုမရတော့ဘူး။ နောက် ၆ လ စောင့်ရမယ့်သဘောပဲ။ ရုံးရှေ့မှာလည်း ကြိတ်ကြိတ်တိုးနေတာပဲ” ဟု ယနေ့ Online Booking တင်ခဲ့သူ လူငယ်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ နိုင်ငံကူးလက်မှတ်များကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် တစ်နေ့လျှင် ၂၇၀၀ ဦး နှုန်းဖြင့်လည်းကောင်း၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြိုများရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း လည်းကောင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် အမြန် နိုင်ငံကူးလက်မှတ် လုပ်လိုသူများအနေဖြင့် ပွဲစားများဖြင့် ချိတ်ဆက်ကာ အမြန်လုပ်ဆောင်နိုင်ကြောင်း၊ အဆိုပါပွဲစားများက ရုံးအတွင်းမှ ရဲများနှင့်ချိတ်ဆက်၍ လုပ်ဆောင်ပေးပြီး နိုင်ငံကူးလက်မှတ်တစ်ခုလျှင် ငွေကျပ် ၃၂ သိန်းအထိ စျေးပေါက်နေကြောင်း သိရှိရသည်။

“၁၀ ရက်တော့စောင့်ရမယ်။ ဘုတ်ကျော်ပေးတာ။ ရှေ့မှာ တင်ထားတဲ့ တစ်ဦးကို ဖြုတ်ချပြီး ကိုယ့်နာမည်နဲ့ ကိုယ့် အချက်အလက်တွေ အစားထိုးတာ။ ၃၂ သိန်း။ ကျနော်တိုချည်းပဲမဟုတ်ဘူး။ အဆင့်ဆင့်ပေးကမ်းကြရတာပါ။ အခုက QR ကုတ်ရဖိုတောင် ၆ လစောင့်ရတော့ အလျှင်မလိုရင်တော့ စောင့်။ အလျှင်လိုရင်တော့ အမြန်လမ်းကြောင်း ပဲရှိတယ်” ဟု နိုင်ငံကူးလက်မှတ် အမြန်လုပ်ပေးသော အေဂျင်စီပွဲစားက ပြောသည်။

စစ်ကောင်စီကမူ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိသဖြင့် အမှန်တကယ်သွားရောက်လိုသူများကို ယခင်သတ်မှတ်ထားသော လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန်တောင်းခံသူများ၊ ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ယမန်နေ့ မန္တလေးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားကြရန် လူသောင်းချီ တန်းစီတိုးဝှေ့ကြရာမှ လူအုပ်ပြိုကျပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ ရန်ကုန်၊ ရန်ကင်းမြိုနယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးရှေ့တွင် တန်းစီနေကြသည့် လူအုပ်ကြီး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article