စစ်ကောင်စီက အာဏာဆုပ်ကိုင်ထားနိုင်ရေး လူငယ်များကို လူသားဒိုင်းအဖြစ် အသေခံခိုင်းခြင်းဖြစ်၍ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ ငြင်းပယ်ကြရန် NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
အကြမ်းဖက် စစ်ကောင်စီက အာဏာဆုပ်ကိုင်ထားနိုင်ရေး လူငယ်များကို လူ သား ဒိုင်းအဖြစ် အသေခံခိုင်းဖြစ်၍ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ ငြင်းပယ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က တိုက်တွန်းသည်။
စစ်မှုမထမ်းမနေရ ဥပဒေနှင့်ပတ်သက်၍ လူမှုကွန်ရက်မှတစ်ဆင့် ကာကွယ် ရေးဝန်ကြီးက ပြည်သူများနှင့် လူငယ်များကို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းခြင်းသည် စစ်တပ်တွင် လူမရှိတော့၍ ဖြစ်ပြီး အင်အားပြိုပျက် ချိနဲ့နေပြီဖြစ်ကြောင်း၊ စစ်ရှုံးနေသည်ကို ဝန်မခံချင်၍ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။
“ဒီရက်ပိုင်း မအလစစ်အုပ်စု ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး တတိုင်းတပြည်လုံး အုပ်အော်သောင်းနင်း ဖြစ်နေတယ်။ ဒီဥပဒေ ထုတ်ပြန်တာဟာ မြန်မာပြည်သူလူထုနဲ့ မြန်မာလူငယ်တွေအပေါ် စစ်အုပ်စုရဲ့ ဗြောင်ကျကျ စစ်ကျွန်ပြုမှု နောက်ထပ်ပြယုဂ်တစ်ခုလို့ ဆိုရမယ်။ ဗိုလ်မအလက စစ်မှုထမ်းဥပဒေကို ဘာကြောင့်ထုတ်ပြန်သလဲ-တစ်ခွန်းထဲ ဖြေရရင် အကြမ်းဖက်စစ်တပ်မှာ လူမရှိတော့လို့ပဲ။ သူ့မှာ အမာခံတိုက်ခိုက်ရေးအင်အားက တပ်မ ၁၀ခု၊ စကခ ၂၀ ပေါင်း ၃၀ ၊ အကြမ်းဖျင်း တပ်ရင်း၃၀၀လောက် ရှိတယ်။ နောက် မြို့စောင့်နယ်စောင့် တိုင်းတပ် ဒကစတပ် တပ်ရင်း ၂၀၀ခန့်ရှိဦးမယ်။ အခုဆို အမာခံတိုက်ခိုက်ရေး တပ်မ၊ စကခ ၃၀ အနက် သုံးပုံနှစ်ပုံဟာ ချိနဲ့ပျက်ပြုန်းသွားခဲ့ပြီ။တပ်မ စကခမှူးအမြောက်အမြား သေဆုံး/ဖမ်းဆီးခံခဲ့ရပြီး ဖြစ်သလို ရင်းလိုက်ပြုတ်တာကော ဖွဲ့စည်းပုံပျက်သွားတဲ့ တပ်တွေကော မနည်းတော့ဘူး” ဟု ဦးရည်မွန်က ဆိုသည်။
ကာကွယ်ရေးဝန်ကြီးကပင် ဆက်လက်၍ “သူ စစ်ရှုံးနေပြီ၊ သူ့မှာ အင်အားမရှိတော့ဘူးဆိုတာ သူဝန်မခံချင်ဘူး၊လူသိမခံချင်ဘူး။ အမျိုးမျိုး ဖာထေးတယ်၊ ပျူရွာတွေ ပြည်သူ့စစ်တွေမွေးတယ်၊စစ်မှူထမ်းဟောင်းတွေ ပြန်ခေါ်တယ်၊ ဝန်ထမ်းတွေ သေနတ်ကိုင်ခိုင်းတယ်၊ထောင်သားတွေ ထုတ်သုံးတယ်၊သို့သော် မလုံလောက်ဘူး။ အခုတော့ သူ့မှာ လူမရှိတော့ဘူးဆိုတာ ဝန်မခံလို့ မရတော့ဘူး၊ လူသိမခံလို့ မရတော့ဘူး။အယူတိမ်းလို့ နတ်စိမ်းဖြစ်ခဲ့ရတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကြီးအဖို့ သူ့မှာ ကူကယ်ရာ မရှိတော့ဘူး။ဒီလိုနဲ့ နောက်ဆုံးကဒ်ကို ထုတ်သုံး၊ ပြည်သူကို အတိအလင်း ဆန့်ကျင်ပြီး စစ်ကျွန်ပြုရတော့တယ်။သူ့ရဲ့ နောက်ဆုံးကဒ်ကတော့ စစ်မှူထမ်းဥပဒေပဲ ဖြစ်တယ်။ အခုတော့ စစ်မှူထမ်းဥပဒေထုတ်ပြန်ပြီး သူ့မှာ လူမရှိတော့လို့ လုပ်မိလုပ်ရာ လုပ်ရပါတယ်ဆိုတာ လူသိရှင်ကြား ဝန်ခံလိုက်ရတော့တာပဲ” ဟု ပြောဆိုသည်။
စစ်ကောင်စီသည် လူငယ်များကို လူသားဒိုင်းအဖြစ် အသေခိုင်းခံမည်ဖြစ်ကြောင်း၊ မြန်မာလူငယ်များအနေဖြင့်လည်း စစ်အာဏာရှင်အတွက် အသေခံ စစ်တိုက်ပေးမယ့်သူမရှိဖြစ်နေကြောင်း ၊ သို့သော်လည်း စစ်တပ်အနေဖြင့် အသက်ရှုပေါက်ရရန် တိုင်းပြည်ကို ဗရုတ်ဗရပ်ဖြစ်အောင် လုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ရေနစ်နေတဲ့ စစ်ကောင်စီအဖို့ ကောက်ရိုးတစ်ပင်အမှတ်နဲ့ စစ်အာဏာရှင်ဗိုလ်သန်းရွှေ စိတ်ကူးယဥ်ခဲ့တဲ့ ဒီဥပဒေကို အစဆွဲထုတ်လိုက်တာပဲ ဖြစ်တယ်။ဒီဥပဒေကြောင့် တိုင်းပြည် ဗရုတ်ဗရက် ဖြစ်လိမ့်မယ်ဆိုတာ သူတို့ကောင်းကောင်းသိတယ်။သို့သော် တိုင်းပြည် ဗရုတ်ဗရက်ဖြစ်လေ ဖက်ဆစ်တပ် အသက်ရှူပေါက်ရလေဆိုတဲ့ စဥ်းစားချက်ပဲ။ တိုးတက်တဲ့ မြန်မာလူငယ်တွေထဲ စစ်အာဏာရှင်အတွက် အသေခံစစ်တိုက်ပေးမယ့် သူမရှိဘူးဆိုတာလည်း သူတို့ကောင်းကောင်းသိတယ်။သို့သော် လူငယ်တွေကို အဓမ္မ ပြန်ပေးဆွဲပြီး စစ်အာဏာသက်ဆိုးရှည်ရေး သူတို့ရှေ့က လူသားဒိုင်းအဖြစ် အသေခံခိုင်းဖို့ အသုံးချဖို့ပဲ ဖြစ်တယ်ဆိုတာ ရှင်းတယ်” ဟု ဝန်ကြီးက ဆက်လက်ပြောဆိုသည်။
စစ်ကောင်စီ၏ စစ်မှု မထမ်းမနေရ ဥပဒေကြောင့် လူငယ်များ ထောင်သောင်းချီ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များဆီ ဆက်သွယ်လာကြကြောင်း၊ အကျပ်အတည်းဖြစ်နေသော လူငယ်များအနေဖြင့်လည်း တိုင်းရင်းသား ထိန်းချုပ်နယ်မြေများ၊ NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်ကြရန် တိုက်တွန်းပြောဆိုသည်။
“ဒီဥပဒေကြောင့် လူငယ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရကိုကော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဆီကိုပါ ထောင်သောင်းနဲ့ချီပြီး ဆက်သွယ်လာကြတယ်။ ကျွန်တော်တို့ လူငယ်တွေကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ လူငယ်တွေဟာ ကိုယ်ရွေးချယ်ရမယ့်လမ်းကို ကိုယ်ကောင်းကောင်းသိတယ်။စစ်ကျွန်ပြုဥပဒေကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ကြမှာပဲ။ လက်ရှိအချိန်မှာ တော်လှန်ရေးရဲ့ အားသာချက်က နိုင်ငံတနံတလျားမှာ လွတ်မြောက်နယ်မြေ အမြောက်အမြား ပေါ်ပေါက်နေပြီဆိုတဲ့အချက် ဖြစ်တယ်။ သိပ်အကျပ်အတည်း ကြုံလာရင် လွတ်မြောက်နယ်မြေ တစ်ခုခုကို ထွက်ခဲ့ပါ၊ ဖြစ်နိုင်သမျှ တော်လှန်ရေးအတွက် အလုပ်အကျွေး ပြုပါ။ လွတ်မြောက်နယ်မြေဆိုရာမှာ ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိသလို၊NUG ထိန်းချုပ်နယ်မြေတွေလည်း ရှိမယ်။ နိုင်ငံ့တာဝန်ထမ်းဖို့ တော်လှန်ရေးအကျိုးပြုဖို့ ကျွမ်းကျင်ရာ လိမ္မာကြမယ့်သူတွေ အမြောက်အမြား လိုပါတယ်။ ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကလည်း လိုအပ်ရင် သူတို့ထိန်းချုပ်နယ်မြေတွေဆီကို လာရောက်ဖို့ တံခါးဖွင့်ထားပေးပြီးလည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။
လူငယ်များအနေဖြင့် ရွေးချယ်စရာ ၄ ခုသာရှိပြီး သင့်တော်ရာကို ရွေးချယ်ကြရန် ၊ NUG အနေဖြင့် လိုအပ်သည်များကို စီစဉ်ပေးသွားမည်ဟု ဝန်ကြီး က ဆက်လက်တိုက်တွန်းပြောဆိုသည်။
“ဒီနေရာမှာ ရွေးချယ်စရာ အလုပ် ၄ မျိုးလောက် အနည်းဆုံး ရှိလိမ့်မယ်။
၁။ PDFမှာ တာဝန်ထမ်းဆောင်မလား
၂။ EROsတွေမှာ တာဝန်ထမ်းဆောင်မလား
၃။နိုင်ငံ့ဝန်ထမ်းလုပ်မလား
၄။သင့်တော်ရာ အလုပ်အကိုင် တစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းရင်း တော်လှန်ရေးကို အလုပ်အကျွေးပြုမလား ။ လွတ်မြောက်နယ်မြေ လာရောက်လိုသူများ NUGအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းလိုတယ်။NUGအနေနဲ့ ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ လိုအပ်တဲ့ ချိတ်ဆက်ညှိနှိုင်းစီစဥ်မှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရှင်းလင်းပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း တရားဝင် ထုတ်ပြန် ကြေ ညာ ခဲ့သည်။