25 C
Yangon

စစ်ကောင်စီက အာဏာဆုပ်ကိုင်ထားနိုင်ရေး လူငယ်များကို လူသားဒိုင်းအဖြစ် အသေခံခိုင်းခြင်းဖြစ်၍ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ ငြင်းပယ်ကြရန် NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

Must read

စစ်ကောင်စီက အာဏာဆုပ်ကိုင်ထားနိုင်ရေး လူငယ်များကို လူသားဒိုင်းအဖြစ် အသေခံခိုင်းခြင်းဖြစ်၍ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ ငြင်းပယ်ကြရန် NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

အကြမ်းဖက် စစ်ကောင်စီက အာဏာဆုပ်ကိုင်ထားနိုင်ရေး လူငယ်များကို လူ သား ဒိုင်းအဖြစ် အသေခံခိုင်းဖြစ်၍ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ ငြင်းပယ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က တိုက်တွန်းသည်။

စစ်မှုမထမ်းမနေရ ဥပဒေနှင့်ပတ်သက်၍ လူမှုကွန်ရက်မှတစ်ဆင့် ကာကွယ် ရေးဝန်ကြီးက ပြည်သူများနှင့် လူငယ်များကို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းခြင်းသည် စစ်တပ်တွင် လူမရှိတော့၍ ဖြစ်ပြီး အင်အားပြိုပျက် ချိနဲ့နေပြီဖြစ်ကြောင်း၊ စစ်ရှုံးနေသည်ကို ဝန်မခံချင်၍ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။

“ဒီရက်ပိုင်း မအလစစ်အုပ်စု ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပ​ဒေကို အ​ကြောင်းပြုပြီး တတိုင်းတပြည်လုံး အုပ်​အော်​သောင်းနင်း ဖြစ်​နေတယ်။ ဒီဥပ​ဒေ ထုတ်ပြန်တာဟာ မြန်မာပြည်သူလူထုနဲ့ မြန်မာလူငယ်​တွေအ​ပေါ် စစ်အုပ်စုရဲ့ ​ဗြောင်ကျကျ စစ်ကျွန်ပြုမှု ​နောက်ထပ်ပြယုဂ်တစ်ခုလို့ ဆိုရမယ်။ ဗိုလ်မအလက စစ်မှုထမ်းဥပ​ဒေကို ဘာ​ကြောင့်​ထုတ်ပြန်သလဲ-တစ်ခွန်းထဲ ​ဖြေရရင် အကြမ်းဖက်စစ်တပ်မှာ လူမရှိ​တော့လို့ပဲ။ သူ့မှာ အမာခံတိုက်ခိုက်ရေးအင်အားက တပ်မ ၁၀ခု၊ စကခ ၂၀ ​ပေါင်း ၃၀ ၊ အကြမ်းဖျင်း တပ်ရင်း၃၀၀​လောက် ရှိတယ်။​ နောက် မြို့​စောင့်နယ်​စောင့် တိုင်းတပ် ဒကစတပ် တပ်ရင်း ၂၀၀ခန့်ရှိဦးမယ်။ အခုဆို အမာခံတိုက်ခိုက်​ရေး တပ်မ၊ စကခ ၃၀ အနက် သုံးပုံနှစ်ပုံဟာ ချိနဲ့ပျက်ပြုန်းသွားခဲ့ပြီ။တပ်မ စကခမှူးအ​မြောက်အမြား ​သေဆုံး/ဖမ်းဆီးခံခဲ့ရပြီး ဖြစ်သလို ရင်းလိုက်ပြုတ်တာ​ကော ဖွဲ့စည်းပုံပျက်သွား​တဲ့ တပ်​တွေ​ကော မနည်း​တော့ဘူး” ဟု ဦးရည်မွန်က ဆိုသည်။

ကာကွယ်ရေးဝန်ကြီးကပင် ဆက်လက်၍ “သူ စစ်ရှုံး​နေပြီ၊ သူ့မှာ အင်အားမရှိ​တော့ဘူးဆိုတာ သူဝန်မခံချင်ဘူး၊လူသိမခံချင်ဘူး။ အမျိုးမျိုး ဖာ​ထေးတယ်၊ ပျူရွာ​တွေ ​ပြည်သူ့စစ်​တွေမွေးတယ်၊စစ်မှူထမ်း​ဟောင်း​တွေ ပြန်​ခေါ်တယ်၊ ဝန်ထမ်း​တွေ ​သေနတ်ကိုင်ခိုင်းတယ်၊ထောင်သား​တွေ ထုတ်သုံးတယ်၊သို့​သော် မလုံ​လောက်ဘူး။ အခု​တော့ သူ့မှာ လူမရှိတော့ဘူးဆိုတာ ဝန်မခံလို့ မရ​တော့ဘူး၊ လူသိမခံလို့ မရ​တော့ဘူး။အယူတိမ်းလို့ နတ်စိမ်းဖြစ်ခဲ့ရတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကြီးအဖို့ သူ့မှာ ကူကယ်ရာ မရှိတော့ဘူး။ဒီလိုနဲ့ ​နောက်ဆုံးကဒ်ကို ထုတ်သုံး၊ ပြည်သူကို အတိအလင်း ဆန့်ကျင်ပြီး စစ်ကျွန်ပြုရ​တော့တယ်။သူ့ရဲ့ ​နောက်ဆုံးကဒ်က​တော့ စစ်မှူထမ်းဥပ​ဒေပဲ ဖြစ်တယ်။ အခု​တော့ စစ်မှူထမ်းဥပ​ဒေထုတ်ပြန်ပြီး သူ့မှာ လူမရှိ​တော့လို့ လုပ်မိလုပ်ရာ လုပ်ရပါတယ်ဆိုတာ လူသိရှင်ကြား ဝန်ခံလိုက်ရ​တော့တာပဲ” ဟု ပြောဆိုသည်။

စစ်ကောင်စီသည် လူငယ်များကို လူသားဒိုင်းအဖြစ် အသေခိုင်းခံမည်ဖြစ်ကြောင်း၊ မြန်မာလူငယ်များအနေဖြင့်လည်း စစ်အာဏာရှင်အတွက် အသေခံ စစ်တိုက်ပေးမယ့်သူမရှိဖြစ်နေကြောင်း ၊ သို့သော်လည်း စစ်တပ်အနေဖြင့် အသက်ရှုပေါက်ရရန် တိုင်းပြည်ကို ဗရုတ်ဗရပ်ဖြစ်အောင် လုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“​ရေနစ်​နေတဲ့ စစ်​ကောင်စီအဖို့ ​ကောက်ရိုးတစ်ပင်အမှတ်နဲ့ စစ်အာဏာရှင်ဗိုလ်သန်း​ရွှေ စိတ်ကူးယဥ်ခဲ့တဲ့ ဒီဥပ​ဒေကို အစဆွဲထုတ်လိုက်တာပဲ ဖြစ်တယ်။ဒီဥပ​ဒေ​ကြောင့် တိုင်းပြည် ဗရုတ်ဗရက် ဖြစ်လိမ့်မယ်ဆိုတာ သူတို့​ကောင်း​ကောင်းသိတယ်။သို့​သော် တိုင်းပြည် ဗရုတ်ဗရက်ဖြစ်​လေ ဖက်ဆစ်တပ် အသက်ရှူ​ပေါက်ရ​လေဆိုတဲ့ စဥ်းစားချက်ပဲ။ တိုးတက်တဲ့ မြန်မာလူငယ်​တွေထဲ စစ်အာဏာရှင်အတွက် အ​သေခံစစ်တိုက်​ပေးမယ့် သူမရှိဘူးဆိုတာလည်း သူတို့​ကောင်း​ကောင်းသိတယ်။သို့​သော် လူငယ်​တွေကို အဓမ္မ ပြန်​ပေးဆွဲပြီး စစ်အာဏာသက်ဆိုးရှည်​ရေး ​သူတို့​ရှေ့က လူသားဒိုင်းအဖြစ် အ​သေခံခိုင်းဖို့ အသုံးချဖို့ပဲ ဖြစ်တယ်ဆိုတာ ရှင်းတယ်” ဟု ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီ၏ စစ်မှု မထမ်းမနေရ ဥပဒေကြောင့် လူငယ်များ ထောင်သောင်းချီ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များဆီ ဆက်သွယ်လာကြကြောင်း၊ အကျပ်အတည်းဖြစ်နေသော လူငယ်များအနေဖြင့်လည်း တိုင်းရင်းသား ထိန်းချုပ်နယ်မြေများ၊ NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်ကြရန် တိုက်တွန်းပြောဆိုသည်။

“ဒီဥပ​ဒေ​ကြောင့် လူငယ်​တွေဟာ အမျိုးသားညီညွတ်​ရေးအစိုးရကို​ကော တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့​တွေဆီကိုပါ ​​ထောင်သောင်းနဲ့ချီပြီး ဆက်သွယ်လာကြတယ်။ ကျွန်​တော်တို့ လူငယ်​တွေကို ကျွန်​တော်တို့ ယုံကြည်ပါတယ်။ လူငယ်​တွေဟာ ကိုယ်​ရွေးချယ်ရမယ့်လမ်းကို ကိုယ်​ကောင်း​ကောင်းသိတယ်။စစ်ကျွန်ပြုဥပ​ဒေကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ကြမှာပဲ။ လက်ရှိအချိန်မှာ ​တော်လှန်​ရေးရဲ့ အားသာချက်က နိုင်ငံတနံတလျားမှာ လွတ်​မြောက်နယ်​မြေ အ​မြောက်အမြား ​ပေါ်​ပေါက်​နေပြီဆိုတဲ့အချက် ဖြစ်တယ်။ သိပ်အကျပ်အတည်း ကြုံလာရင် လွတ်​မြောက်နယ်​မြေ တစ်ခုခုကို ထွက်ခဲ့ပါ၊ ဖြစ်နိုင်သမျှ ​တော်လှန်​ရေးအတွက် အလုပ်အ​ကျွေး ပြုပါ။ လွတ်​မြောက်နယ်​မြေဆိုရာမှာ ညီ​နောင်တိုင်းရင်းသား​တော်လှန်ရေးအဖွဲ့​တွေ ထိန်းချုပ်ထားတဲ့ နယ်​မြေ​တွေရှိသလို၊NUG ထိန်းချုပ်နယ်​မြေ​တွေလည်း ရှိမယ်။ နိုင်ငံ့တာဝန်ထမ်းဖို့ ​တော်လှန်​ရေးအကျိုးပြုဖို့ ကျွမ်းကျင်ရာ လိမ္မာကြမယ့်သူ​တွေ အ​မြောက်အမြား လိုပါတယ်။ ညီ​နောင်တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့​တွေကလည်း လိုအပ်ရင် သူတို့ထိန်းချုပ်နယ်​မြေ​တွေဆီကို လာ​ရောက်ဖို့ တံခါးဖွင့်ထား​ပေးပြီးလည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

လူငယ်များအနေဖြင့် ရွေးချယ်စရာ ၄ ခုသာရှိပြီး သင့်တော်ရာကို ရွေးချယ်ကြရန် ၊ NUG အနေဖြင့် လိုအပ်သည်များကို စီစဉ်ပေးသွားမည်ဟု ဝန်ကြီး က ဆက်လက်တိုက်တွန်းပြောဆိုသည်။

“ဒီ​နေရာမှာ ရွေးချယ်စရာ အလုပ် ၄ မျိုး​လောက် အနည်းဆုံး ရှိလိမ့်မယ်။

၁။ PDFမှာ တာဝန်ထမ်း​ဆောင်မလား

၂။ EROs​တွေမှာ တာဝန်ထမ်း​ဆောင်မလား

၃။နိုင်ငံ့ဝန်ထမ်းလုပ်မလား

၄။သင့်​တော်ရာ အလုပ်အကိုင် တစ်ခုခုနဲ့ အသက်​မွေးဝမ်း​ကျောင်းရင်း ​တော်လှန်​ရေးကို အလုပ်အ​ကျွေးပြုမလား ။ လွတ်​မြောက်နယ်​မြေ လာ​ရောက်လိုသူများ NUGအစိုးရနဲ့ ဆက်သွယ်​ဆောင်ရွက်ဖို့ တိုက်တွန်းလိုတယ်။NUGအ​နေနဲ့ ညီ​နောင်တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့​တွေနဲ့ လိုအပ်တဲ့ ချိတ်ဆက်ညှိနှိုင်းစီစဥ်မှုများ ​ဆောင်ရွက်​ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း တရားဝင် ထုတ်ပြန် ကြေ ညာ ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article