25 C
Yangon

ဘီးလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင်ရော်ဘာခြံ ၁ ခြံ မီးလောင်ပျက်စီး၊ စစ်တပ်၏ ထိုးစစ်ကြောင့် ပြည်သူများ ထွက်ပြေးခဲ့ရသည့် မူးမြို့နယ်ရှိ ရန်မျိုးအောင်ရွာ တောမီးကြောင့် နေအိမ် ၇ လုံး မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ် ကျိုက်ထိုခရိုင် ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ခမရ-၂၀၈ တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၁ လုံးပစ်ခတ်ရာ ဝင်းတာပန်ကျေးရွာအတွင်းရှိ နို့ဖိုးပူ နေရာထဲသို့ ကျရောက်ပေါက်ကွဲပြီး နော်မုလော်ကလော် ပိုင်ဆိုင်သည့် ၅ ဧက အကျယ်ဝန်းရှိသော ရော်ဘာခြံ ၁ ခြံ မီးလောင်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်၏ စကခ ၈ လက်အောက်ခံ ခမရ ၄၀၉ တပ်ရင်း တပ်ဖွဲ့ဝင်များက စစ်ကောင်စီ ဝင်းတာပန်စခန်းကို စစ်ကူပေးရန် ရောက်ရှိပြီး မကြာခင်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ခမရ-၄၀၉ တပ်ရင်း တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန်တွင် ပိန္နဲတောစခန်းမှ စတင်ထွက်ခွာပြီး ၁၉ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် ဝင်းတာပန်ရွာသို့ရောက်ရှိကာ ရွာဘုန်းကြီးကျောင်းသို့ ဝင်ရောက်နားခိုကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရွာအထဲနှင့် ပတ်ပတ်လည်သို့ မိနစ်အနည်းငယ်ကြာ ပစ်ခတ်ခဲ့ပြီးမှ စခန်းထဲသို့ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနေ့ ည ၇ နာရီခွဲအချိန်တွင် စခန်းပြင်ပြန်ထွက်လာကာ ဝင်းတာပန်ရွာထဲသို့ ဝင်ရောက်၍ ရွာသူ၊ ရွာသားများ၏ အိမ်များကို ဝင်ရောက်မွှေနှောက်ပြီး အစားအသောက်နှင့် အသုံးဆောင်ပစ္စည်းအချို့ ခိုးယူသွားကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးခဲ့သည့် ပဲခူးတိုင်း မူးမြို့နယ်အတွင်းရှိ ရန်မျိုးအောင်ရွာတွင် တောမီးကြောင့် စစ်ရှောင်ပြည်သူများ၏ နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ရန်မျိုးအောင်ရွာကို ၂၀၂၂ ခုနှစ် ၇ လပိုင်းမှ စ၍ ထိုးစစ်ဆင်မှုကြောင့် ရွာသားများမှာ ရွာတွင် မနေနိုင်ဘဲ စစ်ဘေးရှောင်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရန်မျိုးအောင်ရွာတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်တွင် တောမီး လောင်မှုမှတဆင့် မီးကူးစက်မှုကြောင့် ကျေးရွာအတွင်းရှိ စောအယ်ဒိုမူး၊ စောခွားဒို၊ စောခွားကြီး၊ စောတာလား၊ စောတာဆိ၊ ရဲမင်းပိုင် နှင့် စောဇော်ဝမ်း တို့၏ နေအိမ် ၇ လုံးခန့် မီးစွဲလောင်ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article