24.9 C
Yangon

မုံရွာမြို့ပေါ်တွင် လုပ်ငန်းရှင်များ၊ စျေးဆိုင်များ မကြာခဏဆိုသလို ပြန်ပေးဆွဲ ဓားပြတိုက်ခံနေရသဖြင့် ချမ်း သာသူတချို့ မြို့မှ ပြောင်းရွှေ့ စွန့်ခွာ

Must read

မုံရွာမြို့ပေါ်တွင် လုပ်ငန်းရှင်များ၊ စျေးဆိုင်များ မကြာခဏဆိုသလို ပြန်ပေးဆွဲ ဓားပြတိုက်ခံနေရသဖြင့် ချမ်း သာသူတချို့ မြို့မှ ပြောင်းရွှေ့ စွန့်ခွာ

■ ရဲ၊ စစ်တပ်နှင့်ပျူစောထီးများက လုယက် ပြန်ပေးဆွဲသကဲ့သို့ လက်နက် ကိုင်တချို့၏ ကျူးလွန်မှုများလည်း ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လုပ်ငန်းရှင်များ၊ စျေးဆိုင်များ မကြာခဏဆိုသလို ပြန်ပေးဆွဲ ဓားပြတိုက်ခံနေရသဖြင့် ချမ်း သာသူတချို့ မြို့မှ ပြောင်းရွှေ့ စွန့်ခွာမှုများရှိနေကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နှစ်ဆန်းပိုင်းမှစတင်၍ မုံရွာမြို့ပေါ်နှင့် မုံရွာခရိုင်အတွင်းရှိ မြို့နယ်များတွင် ငွေကြေးချမ်းသာသူများ၊ လုပ် ငန်းရှင်များ၊ ရွှေဆိုင်နှင့်စတိုးဆိုင်များ အပါအဝင် ဆိုင်ဖွင့်နိုင်သူများကို ရဲ၊ စစ်တပ်၊ ပျူစောထီးများက ဖမ်းဆီး၍ ငွေညှစ်မှုများ မကြာခဏဆိုသလို လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုများတွင် စစ်ကောင်စီဘက်က မဟုတ်သည့် အမည်မသိ လက်နက်ကိုင်တချို့လည်း ပါဝင်ကြောင်း သိရှိရသည်။

“မုံရွာက နာမည်ကြီး ပိုက်ဆံရှိသူ မှန်သမျှလည်း ဓားပြတိုက် ပြန်ပေးဆွဲ လို့ ပြေးကုန်ပြီ။ အလုပ်ဖြစ်နေတဲ့ အိမ်ခြံမြေ ပွဲစားတွေ လည်း အလွတ်မပေးဘူး။ တလောကမှ ရွှေစည်းခုံ ဘုရား နားက လက်ဖက်ရည်ဆိုင် ပိုင်ရှင် ရဲ့ သားမက်ကို ဝင်ဓားပြ တိုက်တယ်။ ရေနံသမားတွေ အိမ်လည်း ပြန်ပေးဆွဲ တာ သိန်းတစ်ထောင် နဲ့ ရွေးရတယ်။ နောက်ပိုင်း လူချမ်းသာ တွေ ပြေးတာ များလာတော့ မြို့သစ်၊ ချမ်းမြဝတီ၊ အောင်ချမ်းသာ ၊ သလ္လာ ရပ်ကွက်ထဲ လမ်းမကျယ်ကြီးတွေ က လူနေကျဲ တဲ့ အိမ်တွေကို ဓားပြ တိုက်လာ ကြတယ်။ တချို့ အိမ်ဆိုင်လေးတွေ ဆို ရသလောက် ပေါ်တင်တောင်းတယ်။ နောက်ရက် ဆိုင်မပိတ်ဖို့၊ ပိတ်ရဲ ပိတ်ကြည့် မီးရှို့ မယ် လို့ ခြိမ်းခြောက်ခဲ့တယ် ။ လမ်းမပေါ်မှာ ဖြတ်သွားတဲ့ ကား ဆိုင်ကယ် မှန်သမျှ လိုင်စင်စစ်သလိုလို နဲ့ အပြစ်ရှာ ခုနစ်သိန်း၊ ရှစ်သိန်း၊ ဆယ်သိန်း ရွေးခိုင်းတာ။ အဲဒါတွေက စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေ လုပ်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မုံရွာမြို့ပေါ်တွင် ဖြတ်သန်းသွားသည့် ဆီပေပါသယ်ကားများကိုလည်း တစ်စီးလျှင် စစ်တပ်နှင့်ရဲများက တစ်စီးလျှင် ငွေကျပ် ၁၅ သိန်းနှုန်းတောင်းယူကြောင်း၊ သာမန်ပြည်သူများပါ စစ်တပ်နှင့်ရဲ၏ ငွေညှစ်မှုကို ခံနေရကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆီပေပါ သယ်တဲ့ ကားတစ်စီးနောက်ကို စခ၊ ရခ ပခ အဖွဲ့က ကား ၃ စီးနဲ့ လိုက်ပြီး

၁၅ သိန်း တောင်းတယ် ။ ညှိလိုက်တော့ ၅ သိန်း နဲ့ ပြတ်တယ်။ ကားသမားနဲ့ စျေးညှိနေရင်းကို စစ်ခွေးတွေ အနား ဖြတ်သွားတဲ့ အလုပ်သမားက အစ ဆိုင်ကယ်သမားတွေကို တစ်ယောက် တစ်သောင်း တောင်းတာ ။”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ထိသို့ ဓားပြတိုက်၊ ငွေကြေးတောင်းခံမှုများကို ရဲ၊ ပျူစောထီး နှင့် စစ်တပ်အပြင် အမည်မသိလက်နက်ကိုင်တချို့ကလည်း လုပ်ဆောင်ကြကြောင်း၊ လူဆိုးလူမိုက်များကလည်း လက်နက်ကိုင်၍ ခိုးဆိုးလုယက်ကြကြောင်း၊ စစ်တပ်နှင့်ရဲများက ၎င်းတို့၏ အမာခံ သတင်းပေးများကိုပင် ပြန်လည်၍ ငွေညှစ်ကြကြောင်း သိရှိရသည်။

“မုံရွာမှာ ရဲ၊ စစ်တပ်နဲ့ ပျူစောထီးတွေက အရပ်ဝတ်တွေနဲ့ ပြန်ပေးဆွဲတာ၊ ဆက်ကြေးတောင်း၊ ဓားပြတိုက်တာအပြင် ထောင်ထွက်တွေလည်း လက်နက်ကိုင်ပြီး ခိုးဆိုးလုယက်တယ်။ အမည်မသိတဲ့ လက်နက်ကိုင်တွေကလည်း ကျူးလွန်တာတွေရှိတယ်။ မြို့ပေါ်မှာ ဘယ်သူမှ မလုံခြုံတော့ အကုန်ပြောင်းရွှေ့ ပြေးကြတာ။ မုံရွာ မြို့ပေါ်က ရွှေဆိုင်၊ စတိုးဆိုင်၊ ဘော်ဒါပိုင်ရှင်တွေလည်း ပြောင်းပြေးကြတာပဲ။ မုံရွာမြို့ပေါ်မှာ အရပ်ဝတ် အိမ်စီး ကား တွေနဲ့ ပေါ်တင် သေနတ်တွေ ကိုင်ကာ ဝင်ဆွဲတာပဲ။ အဆိုးဆုံး မှာ ပစ်မှတ်မရှိတော့၍ ဇာတ်တူသား စားတယ်။ နောက်ဆုံး စစ်မှုထမ်း ဟောင်း အိမ်တွေပါ မချမ်းသာလည်း နင့် အဖေက စစ်ခွေးလား ဘာညာပြော ပကဖ ဟန်ဆောင် ပြီး ဓားပြတိုက် လာတယ်” ဟု မုံရွာမြို့မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း မြဝတီရပ် ၊ ဆည်မြောင်းနားတွင် စစ်တပ်သတင်းပေးဟု နာမည်ကြီးသည့်သတင်း ပေးတစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး ငွေကျပ် သိန်း ၂၅၀ ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း၊ မိသားစုက တပ်ထဲတွင် သွားရောက် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုံရွာမြို့တွင် ညပိုင်း လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article