ရန်ကုန်၊ ဧပြီ ၁၉
တနင်္သာရီတိုင်း၊ ပလောက်မြို့ရှိ ပြည်သူ့စစ်စခန်းနှင့် အမတ ၃၀၉ တပ်ရင်းကို တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ပြည်သူ့စစ်စခန်းကို သိမ်းပိုက် မီးရှို့ရှင်းလင်းခဲ့ကြောင်း KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ပလောက်မြို့နယ်ရှိ ခလရ ၂၈ဝ တပ်ရင်း၊ ပြည်သူ့စစ် စခန်းနှင့် အမတ ၃၀၉ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့နယ် ပြည်သူ့စစ်စခန်းသိမ်းတိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့စစ်များစခန်းမှ စွန့်ခွာ ထွက်ပြေးသွားသောကြောင့် သိမ်းပိုက် မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
အလားတူ ဧပြီလ ၁၀ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က မာန်ဂုံမာရွာကို စစ်ကြောင်းပြန်လည်ထိုးစစ်ဆင်လာသောကြောင့် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ(၄)၊ အထူးတပ်ဖွဲ့၊ KNDO တပ်ရင်း(၇) တပ်ခွဲ(၁) နှင့် တပ်ခွဲ(၅)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
KNLA Special Forces အဖွဲ့သည် တော်လှန်ရေးအောင်မြင်ရန်အတွက် အကြမ်းဖက် စစ်တပ်ကို အခွင့်အရေးရသည်နှင့် အမြဲတမ်းတိုက်ခိုက်မှုများ ဖော်ဆောင်လုပ်ကိုင်နေမည် ဖြစ်ကြောင်း၊ စစ်တပ် တပ်စွဲထားသည့် နေရာများနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ခြင်း မပြုရန် ပြည်သူများကိုထပ်မံ အသိပေးလိုကြောင်း KNLA တပ်မဟာ(၄)၊ အထူးတပ်ဖွဲ့က ပြောဆိုထားသည်။







